အမေရိကန် အဆင့်မြင့် ဒုံးခွင်းဒုံးစနစ်တခုကို တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း၊ Seongju ခရိုင်မှာ ချထားမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး တာဝန်ရှိသူတွေ က ပြောလိုက်ပါတယ်။
THAAD လို့အတိုကောက်ခေါ်တဲ့ Terminal High-Altitude Area ဒုံးခွင်းဒုံးစနစ်ကို ဆိုးလ်မြို့တော်ရဲ့ အရှေ့တောင်ဘက် ၂၉၆ ကီလိုမီတာဝေးတဲ့နေရာ က တောင်ထူထပ် တဲ့ဒေသမှာ ချထားမယ့် အကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားတာပါ။
Seongju ခရိုင်မှာ ချထားဖို့ ရွေးချယ်လိုက်တာကြောင့် နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ၊ ရေနံသန့်စင်စက်ရုံတွေလို အဓိက ကျတဲ့နေရာတွေ ကိုသာမက တောင်ကိုရီးယား-အမေရိကန် မဟာမိတ်တပ်ဖွဲ့တွေကို ကာကွယ်နိုင်စွမ်း သိသိသာသာ တိုးလာမယ် လို့ ကာကွယ်ရေး ဝန်ကြီးဌာန က ပြောပါတယ်။
မြောက်ကိုရီးယားက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ လေးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု လုပ်ခဲ့ပြီး တာဝေးပစ်ဒုံးကျည် ပစ်လွှတ် စမ်းသပ်တာတွေ လုပ်ခဲ့ပြီးတဲ့နောက် ဒုံးခွင်းဒုံးစနစ်ချထားဖို့အတွက် အမေရိကန်နဲ့ တောင်ကိုရီးယား တို့ကြား စေ့စပ်ညှိနှိုင်းပြီး သဘောတူခဲ့ကြတာပါ။
ဒါပေမဲ့လည်း ဒုံးခွင်းဒုံးစနစ်ချထားတာကနေ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဘေးအန္တရာယ်တွေ ဖြစ်လာနိုင်ခြေ အပေါ် တောင်ကိုရီးယားနိုင်ငံသား တချို့က အပြင်းအထန့်ကန့်ကွက်ကြပါတယ်။ ဒုံးခွင်းဒုံးစနစ်ချထားမယ့်နေရာကို ယွန်ဟပ် သတင်းဌာနက အချိန်မတိုင်ခင် ကြေညာလိုက်ပြီးတဲ့နောက် Seongju မှာ ဒီကနေ့အစောပိုင်းက ဆန္ဒပြပွဲတွေဖြစ်ခဲ့ပါတယ်။
ဒီ ဒုံးခွင်းဒုံးစနစ်ကို ၂၀၁၇ ခု နှစ်ကုန်မှာ အပြည့်အ၀ ချထားပြီးဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။