သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတ ဖမ်းဆီးခံရ


 တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က ဖမ်းဝရမ်းအထုတ်ခံရပြီးနောက် Gwacheon မှာရှိတဲ့ အဆင့်မြင့်အရာရှိတွေရဲ့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးရုံးကို ကိုယ်တိုင်လာရောက်စဥ်။ (ဇန်နဝါရီ ၁၅၊ ၂၀၂၅)
တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က ဖမ်းဝရမ်းအထုတ်ခံရပြီးနောက် Gwacheon မှာရှိတဲ့ အဆင့်မြင့်အရာရှိတွေရဲ့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးရုံးကို ကိုယ်တိုင်လာရောက်စဥ်။ (ဇန်နဝါရီ ၁၅၊ ၂၀၂၅)

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တာကြောင့် ရာထူးကဆိုင်းငံ့ခံထားရတဲ့ တောင် ကိုရီးယားသမ္မတ Yoon Suk Yeol ကို အာဏာပိုင်တွေက ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ထိန်းသိမ်းလိုက်ပါတယ်။ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီအနေနဲ့ သူ့လုပ်ရပ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးခွင့်မရှိပေမယ့်လည်း သွေးထွက်သံယို မဖြစ်စေလိုတာကြောင့် ပူးပေါင်းဆောင်ရွက်တာဖြစ်ကြောင်း Yoon က ပြောပါတယ်။

ရာထူးကဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ Yoon ရဲ့နေအိမ်ထဲကို ဝင်ရောက်လာကြတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဇန်နဝါရီ ၁၅၊ ၂၀၂၅)
ရာထူးကဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ Yoon ရဲ့နေအိမ်ထဲကို ဝင်ရောက်လာကြတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဇန်နဝါရီ ၁၅၊ ၂၀၂၅)

ဒီကနေ့မနက်အစောပိုင်းတုန်းက ရဲအင်အားသုံးထောင် (၃,၀၀၀) လောက်ဟာ သူနေထိုင်တဲ့ အဆောက် အအုံကို ဝိုင်းရံပြီး ဖမ်းဆီးဖို့ကြိုးစားခဲ့ပြီးနောက် Yoon က အဖမ်းခံခဲ့တာပါ။ တောင်ကိုရီးယားသမိုင်း မှာ အာဏာလက်ရှိ သမ္မတတယောက်ကို ခုလိုဖမ်းဆီးတာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

Yoon အပေါ် အာဏာအလွဲသုံးစားမှု၊ အကျင့်ပျက်ခြစားမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ တရားရုံးက ဆင့်ခေါ်ခဲ့ပေမယ့်လာရောက်ဖို့ ပျက်ကွက်တာကြောင့် ဖမ်းဝရမ်းထုတ်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း သမ္မတလုံခြုံရေးတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးသူတွေကို တားဆီးခဲ့တာကြောင့် Yoon ကို ဖမ်းဆီးဖို့ အခက်တွေ့ခဲ့ပြီး ရက်ပေါင်း အတော်ကြာမှ ဖမ်းဆီးခံခဲ့ရတာပါ။

ဆိုးလ်မြို့တော် လူကုံထံရပ်ကွက်ထဲကနေအိမ်ကထွက်ခွာလာတဲ့ Yoon ဟာ မီဒီယာတွေကိုရှောင်ဖို့ အိမ်နောက်ပေါက်ကနေထွက်ခွာလာရာမှာ သူ့ရှေ့နေတယောက်လည်း Yoon ကားနဲ့အတူ လိုက်ပါ လာပါတယ်။ ခုအခါ အာဏာပိုင်တွေအနေနဲ့ Yoon ကို စုံစမ်းစစ်ဆေးဖို့ ၄၈ နာရီ ထိန်းသိမ်းထားနိုင်ပြီး အဲဒီနောက် ရက်ပေါင်း ၂၀ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ ဝရမ်း ထပ်မံတောင်းခံမှာလား၊ ပြန်လွှတ်ပေးမှာလားဆိုတာကို ဆုံးဖြတ်ရမှာပါ။

အဆင့်မြင့်အရာရှိတွေရဲ့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေး အရာရှိ CIO တွေကတော့ Yoon ဟာ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ပြီး စုံစမ်းစစ်ဆေးသူတွေကို ပြန်လည် ဖြေကြားတာမျိုးမရှိဘူးလို့ ဆိုပါတယ်။ ဘာကြောင့် ဖြေဆိုဖို့ ငြင်းဆန်လဲဆိုတာကိုလည်း မသိရဘူးလို့ ပြောပါတယ်။

Yoon ရဲ့ရှေ့နေတွေကတော့ အခုလို ဖမ်းဆီးမိန့်ထုတ်ပြန်တဲ့ တရားရုံးအမိန့်ဟာ တရားမဝင်ကြောင်းနဲ့ Yoon ကိုစုံစမ်းစစ်ဆေးသူတွေမှာလည်း အခွင့်အာဏာမရှိကြောင်းပြောပါတယ်။ ရိုက်တာက ရရှိတဲ့ Yoon အိမ်ဝင်ရှာဖွေခွင့်ပြုတဲ့ ဝရမ်းမိတ္တူမှာတော့ ဆူပူအုံကြွမှုကိုဦးဆောင်သူအဖြစ် ဖေါ်ပြထားပါတယ်။

တောင်ကိုရီးယားအတိုက်အခံတွေဟာ မြောက်ကိုရီးယား လိုလားသူတွေဖြစ်တယ်၊ နိုင်ငံတော် အာဏာကို မလျော်ကန်နဲ့နည်းလမ်းနဲ့ရယူဖို့ ကြိုးပမ်းနေကြတယ်ဆိုပြီး Yoon က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တုန်းက စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာပါ။ ဒါပေမယ့်လည်း အတိုက်အခံလွှတ်တော်အမတ် တွေနဲ့ Yoon ရဲ့ ပါတီက လွှတ်တော်အမတ်တွေပူးပေါင်းပြီး စစ်အုပ်ချုပ်ရေးပယ်ဖျက်ကြောင်း မဲပေး ဆုံးဖြတ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးကို နာရီပိုင်းအတွင်းမှာပဲ အဆုံးသတ်ခဲ့ပါတယ်။

Forum

XS
SM
MD
LG