သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားကင်းစင်ရေး ပူးပေါင်းကြိုးပမ်းဖို့ တောင်-မြောက်ကိုရီးယား သဘောတူ


မြောက်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံ ခေါင်းဆောင်တွေဟာ ဒီကနေ့မှာ သမိုင်းဝင် တွေ့ဆုံပြီး ၂ နိုင်ငံကြားမှာ တရားဝင် စစ်ရပ်ဆဲရေးအတွက် ပြင်ဆင်ဆောင်ရွက်ဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ၂ နိုင်ငံကြား စစ်မဲ့ဇုံက တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းမှာ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်ဖို့ လာရောက်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကို တောင်ကိုရီးယားသမ္မတက နယ်စပ်မျဉ်း တဖက်ကနေ လက်ဆွဲကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။ သမိုင်းဝင်တွေ့ဆုံဆွေးနွေးပွဲအပေါ် နိုင်ငံရေး အကဲခတ်တွေ၊ ကိုရီးယားလူထုတွေရဲ့ သဘောထားတွေကို ကိုအောင်အောင်က စုစည်းတင်ပြပေးထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ ပထမဆုံးအကြိမ်အနေနဲ့ နယ်စပ်မျဉ်းကို ဖြတ်ပြီး စစ်မဲ့ဇုံက တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းကို ဒီကနေ့ ရောက်ရှိလာရာမှတော့ တောင်ကိုရီးယားသမ္မတ မွန်ဂျဲ့အင်းက ကြိုဆိုခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့ခြံရံကာ ငြိမ်းချမ်းရေးဂေဟာကို သွားရောက်ခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတရဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုမှုအပေါ် အားလုံးက သတိပြုမိလိမ့်မယ်လို့ နိုင်ငံရေးအကဲခတ် John Delury က ပြောပါတယ်။

"သူတို့ရဲ့ ကိုယ်အမူအရာမဟာ တကယ်စိတ်ပါလက်ပါရှိလှပါတယ်။ တဦးလက် တဦး ဆုပ်ကိုင်ထားတာဟာလည်း တကယ့်အားအင်အပြည့်ပါ။ အသက်အရွယ်ပိုကြီးတဲ့ တောင်ကိုရီးယားသမ္မတဟာ ငယ်ရွယ်တဲ့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ လက်ကိုဆွဲ တလေးတစားနဲ့ တန်းတူရည်တူ ဆက်ဆံတာကိုမြင်ရတဲ့ ကိုရီးယားတော်တော်များများဟာ ဒီပုံကိုကြည့်ပြီး ကြည်နူးမိကြမှာပါ။"

ဒီကနေ့ သောကြာနေ့မှာ ကျင်းပတဲ့ တောင်ကိုးရီးယားသမ္မတ Moon Jae-in နဲ့ မြောက်ကိုးရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ တွေ့ဆုံပွဲဟာ ၁၉၅၀- ၅၃ ခုနှစ်က ဖြစ်ပွါးခဲ့တဲ့ ကိုးရီးယားစစ်ပွဲနောက်ပိုင်း ရန်ဘက် ၂ နိုင်ငံကြား တတိယအကြိမ်မြောက် ထိပ်သီး တွေ့ဆုံမှုလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အတိတ်က ဖြစ်ရပ်တွေကြောင့် ဒီလိုတွေ့ဆုံမှုကနေ အကောင်းဘက်စီ လုံးဝပြောင်းလဲသွားမယ်လို့ မယုံကြည်သူတွေ ရှိနေနိုင်ကြောင်း Delury က ထောက်ပြပါတယ်။

"မြောက်ကိုရီးယားအပေါ် သံသယကြီးနေသူတွေရဲ့ အမြင်တွေ ဒီကနေ့ တွေ့ဆုံမှုကြောင့် အမြင်ပြောင်းသွားမယ်လို့ မထင်ပါဘူး။ ဒါပေမယ့်လည်း အခြေအနေ တရပ်ချင်းစီကို ကြည့်ပြီး ဆုံးဖြတ်ကြမယ့်လူတွေလည်း အများကြီးရှိပါတယ်။ ဒီလိုမျိုး အခြေအနေကို မြင့်ရတဲ့ မျိုးဆက်သစ် ကိုရီးယားတွေအနေနဲ့တော့ မြောက်ကိုရီးယားခေါင်းဆောင်ဟာ မျှော်လင့်ထားတာထက်ပိုတဲ့ ပုံမှန်လူတယောက်လိုမျိုး မြင်သွားမှာပါ။"

အခုလို ခေါင်းဆောင် ၂ ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲအကြောင်း တိုက်ရိုက်ပြသနေတာကို ကြည့်ရတဲ့ တောင်ကိုရီးယားကျောင်းသား Hwang Suk က

"ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို ကြည့်ပြီး မကြာခင် ပြန်လည် ပြေလည်ဖို့ မျှော်လင့်ပါတယ်။ ဒီဆွေးနွေးပွဲအတိုင်း တောင်နဲ့ မြောက်ကိုရီးယားအကြား မကြာခဏတွေ့ဆုံနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ စတင်ချိန်ကစလို့ မြောက်ကိုရီးယားအနေနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးခြေလှမ်းစတင်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ ၂ နိုင်ငံခေါင်းဆောင်တွေ သမိုင်းဝင် တွေ့ဆုံနိုင်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးအတွက် သံဓိဌာန်ချမှတ်ထားကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ပြောပါတယ်။ တောင်ကိုရီးယား သမ္မတကလည်း အားလုံးရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ခံတွေကလည်း ထိပ်သီးဆွေးနွေးပွဲကနေ အခြေအနေ တိုးတက်မှုတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

"ခေါင်းဆောင် ကင်ဂျုံအွန်း ထိပ်သီးဆွေးနွေးပွဲအတွက် တောင်ပိုင်းကိုသွားတာ သတင်းတွေမှာ ဖတ်ရပါတယ်။ ၁၀ နှစ်ကျော်ကြာ ရပ်ဆိုင်းနေခဲ့ရကနေ ပြန်စနိုင်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲကနေ ရလာဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

တောင်ကိုရီးယားသမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ဟာ ၂ နိုင်ငံ နယ်စပ်ကြား စစ်မဲ့ဇုံ ပန်မုံဂျုံရွာမှာ မနက်ပိုင်းနဲ့ နေ့လည်ပိုင်းတွေမှာ ဆွေးနွေးခဲ့ကြပြီး ငြိမ်းချမ်းရေးအထိမ်းအမှတ်သစ်ပင်လည်း အတူ စိုက်ပျိုးခဲ့ပါတယ်။ အဲဒီနောက်တော့ မြောက်နဲ့ တောင်ကိုရီးယားအကြား တရားဝင် စစ်ရပ်ဆဲရေးအတွက် ပြင်ဆင်ဆောင်ရွက်ဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ညပိုင်းမှာတော့ ညစာစားပွဲနဲ့ တက်ရောက်ပြီးနောက် ကိုရီးယား ၂ နိုင်ငံရဲ့ အတိတ်နဲ့ အနာဂါတ်အကြောင်း ဖေါ်ကျူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းကို ကြည့်ရှုကြမှာဖြစ်ပြီး ထိပ်သီးတွေ့ဆုံပွဲကို အဆုံးသတ်မှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG