သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆောင်းရာသီ အိုလံပစ်ပွဲ မြောက်ကိုရီးယား ဝင်ပြိုင်ဖို့ အလားအလာရှိ


ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ
ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ

တောင်ကိုရီးယားနိုင်ငံမှာ ရှေ့လထဲ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲအတွင်း မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ စကိတ်စီး အားစားကို ဝင်ပြိုင်ကောင်း ဝင်ပြိုင်နိုင်မယ်လို့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာ အိုလံပစ် ကော်မတီ ကိုယ်စားလှယ်က စနေနေ့ကပြောကြားခဲ့ကြောင်း ဂျပန် သတင်းမီဒီယာတွေက ဖော်ပြပါတယ်။

မြောက်ကိုရီးယားနိုင်ငံက စုံတွဲ စကိတ်စီးပြိုင်ပွဲကို ဝင်ပြိုင်ဖို့ရှိတယ်လို့ ဘေဂျင်း လေဆိပ်မှာ သတင်းထောက်တွေမေးမြန်းစဉ် မစ္စတာ Chang Ung က အဲဒီလို ပြောခဲ့ကြောင်း ဂျပန်သတင်းတွေက ဆိုပါတယ်။ နိုင်ငံတကာ အိုလံပစ် ကော်မတီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနိုင်မယ့် Switzerland နိုင်ငံကို မစ္စတာ Chang ထွက်ခွာသွားတာဖြစ်တယ်လို့ အမည်မသိတဲ့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီးတော့ ဂျပန် ဂျိုဒို သတင်းဌာနနဲ့ NHK သတင်းဌာနတွေက ဖော်ပြကြပါတယ်။

NHK ရုပ်သံသတင်းထဲမှာတော့ ဘေဂျင်း လေဆိပ်မှာ ခရီးဆောင်အိတ်ကို စွဲကိုင်ထားတဲ့ မစ္စတာ Chang ဟာ မီဒီယာတွေနဲ့ ခဏလေး စကားပြောခဲ့တာကိုတွေ့ခဲ့ရပါတယ်။ မြောက်ကိုရီးယား အစိုးရတာဝန်ရှိသူတွေဟာ ဘေဂျင်းမြို့ကနေတဆင့် နိုင်ငံခြားကို ခရီးထွက်ခွာလေ့ရှိပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ နှစ်သစ်ကူး မိန့်ခွန်းထဲမှာလည်း တောင်ကိုရီးယားမှာ ကျင်းပမယ့် အိုလံပစ် ပြိုင်ပွဲကို မြောက်ကိုရီးယားက ကိုယ်စားတဦး စေလွှတ်ဖို့ ကမ်းလှမ်းထား ပါတယ်။ အစိုးရတာဝန်ရှိသူတွေကို ဆိုလိုတာလား၊ အားကစား သမားတွေကို ဆိုလိုသလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ရှားရှားပါးပါး အင်္ဂါနေ့မှာ စတင်မယ့် နယ်စပ် တွေ့ဆုံ စကားပြောဆိုမှုအတွင်း အိုလံပစ် ကိစ္စအပါအဝင် တခြားကိစ္စတွေကို ပူးပေါင်း ဆွေးနွေးကြဖို့ တောင်နဲ့ မြောက်ကိုရီးယား တို့ သဘောတူညီထားကြတာပါ။ ဒါဟာ ဆောင်းရာသီ အိုလံပစ်အားစကား စတင်မယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မတိုင်ခင် သီတင်းတပတ်အလိုမှာ စတင်မယ့် တွေ့ဆုံမှုလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG