သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွဲထွက်ရေးလုပ်နေတဲ့ ဒေသအစိုးရကို Catalonia ဒေသခံအချို့ ဆန္ဒပြ ကန့်ကွက်


စပိန်နိုင်ငံကနေခွဲထွက်ဖို့အတွက် ကာတာလန်အစိုးရက တွန်းအားပေးနေတာကို ကန့်ကွက်တဲ့အနေနဲ့ Catalonia ဒေသခံတွေဟာ ဘာစီလိုနာမြို့ကမှာ ဒီကနေ့ တနင်္ဂနွေနေ့က စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို စီစဉ်သူတွေက လူ ၉ သိန်းပါဝင်ခဲ့တယ်လို့ ဆိုပေမယ့်လည်း ၊ တကယ်တမ်းမှာ လူ ၃ သိန်းခွဲပဲရှိတယ်လို့ စပိန်ရဲတပ်ဖွဲ့က ပြောပါတယ်။

"ကျနော်တို့အနေနဲ့ နှုတ်ဆိတ်နေခဲ့တာ အတော်လေး ကြာသွား ခဲ့တယ်" လို့ ဆန္ဒပြတဲ့သူတဦးက ပြင်သစ်သတင်းအေဂျင်စီကို ပြောပါတယ်။ ဒီလူထုစုဝေးမှုကြီးကိုတော့ ဆန္ဒခံယူပွဲလုပ်ပြီး တပတ်အကြာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလူထုဆန္ဒခံယူပွဲကို စပိန်အစိုးရကတော့ တရားမဝင်ဘူးလို့ ကြေညာထားတာဖြစ်ပါတယ်။ ဒီဆန္ဒခံယူပွဲအတွင်း မဲပေးသူ ၉၀ % က စပိန်နိုင်ငံကနေ ခွဲထွက်ပြီး လွတ်လပ်ရေးအဖြစ်ကြေငြာဖို့ မဲပေးခဲ့ကြတာဖြစ်ပေမယ့်၊ မဲပေးနိုင်တဲ့သူဦးရေရဲ့ ထက်ဝက်တောင် မပြည့်ဘူးလို့ ဆိုပါတယ်။

လူထုစစ်တမ်းတွေမှာတော့ ကာတာလန်ဒေသခံအများအပြားဟာ လွတ်လပ်ရေးကြေညာပြီးခွဲထွက်တာထက် စပိန်နိုင်ငံထဲမှာပဲ ဆက်ပြီးတော့ ရှိချင်ပုံရတယ်လို့ ဖော်ပြနေပါတယ်။ ဆန္ဒပြတဲ့သူတွေဟာ ဘာစီလိုနာမြို့က Urquinaona ရင်ပြင်မှာ စုဝေးခဲ့ကြပြီး၊ စပိန်နိုင်ငံတော်ကြီးအဓွန့်ရှည်ပါစေလို့ သီချင်းတွေ သီဆိုခဲ့ကြပါတယ်။

ကာတာလန်ဒေသခေါင်းဆောင်တွေကတော့ စပိန်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းဖို့ တောင်းဆိုလိုက်ပါတယ်။ ကာတာလန်ဒေသအနေနဲ့ လွတ်လပ်ရေးကြေညာမယ်ဆိုရင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အာဏာကိုသုံးပြီး Catalonia ဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရုပ်သိမ်းမယ့်နည်းလမ်းကို ပယ်ချသွားမှာမဟုတ်ဘူးလို့ စပိန်ဝန်ကြီးချုပ် Mariano Rajoy က ပြောကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG