သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားချန်ပီယံ စပိန်အမျိုးသမီးဘောလုံးအသင်းနည်းပြ အလုပ်ထုတ်ခံရ


စပိန် အမျိုးသမီးဘောလုံးအသင်းနည်းပြ Jorge Vilda
စပိန် အမျိုးသမီးဘောလုံးအသင်းနည်းပြ Jorge Vilda

ကမ္ဘာ့ဖလားချန်ပီယံ စပိန်အမျိုးသမီးဘောလုံးအသင်းနည်းပြ အလုပ်ထုတ်ခံရ

အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးချန်ပီယံဆုရ စပိန်အမျိုးသမီးလက်ရွေးစင် အသင်းနည်းပြ Jorge Vilda ကို ရာထူးကထုတ်ပယ်လိုက်ကြောင်း စပိန် ဘောလုံးအဖွဲ့ချုပ်က အင်္ဂါနေ့မှာ ကြေညာပါတယ်။

Vilda ဟာ စပိန်အမျိုးသမီးအသင်းကို ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားရအောင် စွမ်းဆောင်ပေးခဲ့အပြီး (၃) ပတ်အကြာမှာ အခုလို ရာထူးကထုတ်ခံခဲ့ရတာပါ။
အမျိုးသမီးကစားသမားတဦးကို အတင်းအကျပ် နမ်းခဲ့တဲ့စွပ်စွက်ချက်နဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူဝီရူဘီလက်စ် (Luis Rubiales) ကို ယာယီ တာဝန်ကရပ်စဲခဲ့ပြီး နောက်ပိုင်း ဒီကိစ္စ ဖြစ်လာတာပါ။

အရင်လက အမျိုးသမီးကမ္ဘာ့ဖလားဆုပေးပွဲမှာ စပိန်အသင်းသူ ဂျက်နီ ဟာမိုဆာ (Jenni Hermoso) အပေါ် ကာယကံရှင်ရဲ့ဆန္ဒမပါဘဲ နှုတ်ခမ်းကိုနမ်းခဲ့တဲ့ဖြစ်ရပ်မှာ ဝေဖန်မှုတွေရင်ဆိုင်ခဲ့ရပေမယ့် ရာထူးကနုတ်ထွက်ပေးဖို့ ငြင်းဆန်ခဲ့တဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့လုပ်ရပ်ကို ထောက်ခံခဲ့သူတွေထဲမှာ အခု အလုပ်ထုတ်ခံခဲ့ရတဲ့နည်းပြ Vilda လည်းပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ နည်းပြ Vilda က ရူဘီလက်စ်ရဲ့အပြုအမူက မသင့်လျော်ကြောင်း ပြန် ပြင်ပြောခဲ့ပါတယ်။

ဗိုလ်လုပွဲအပြီးမှာ ဥက္ကဋ္ဌ ရူဘီလက်စ်ဟာ ပေါင်ခွကြားကိုကိုင်ပြီး ညစ်ညမ်းတဲ့ အမူအရာတခုလုပ်ပြီးလည်း အောင်ပွဲခံခဲ့ပါတယ်။ ရူဘီလက်စ်ကို လောလောဆယ်မှာ ဖီဖာကမ္ဘာ့ဖလားအဖွဲ့ချုပ်က ပြည်တွင်း၊ ပြည်ပ ဘောလုံးတာဝန်တွေကနေ ယာယီဆိုင်းငံ့ထားပြီး စပိန်အစိုးရကလည်း သူ့ အပြုအမူအတွက် စုံစမ်းအရေးယူနေတာပါ။

အခု အလုပ်ထုတ်ခံခဲ့ရတဲ့ နည်းပြ Vilda နဲ့ အသင်းကြားမှာတော့ ကမ္ဘာ့ဖလား မတိုင်ခင်ကတည်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့တာပါ၊။ အဲတုန်းက ပိုပြီး ကောင်းမွန်တဲ့ပတ်ဝန်းကျင်မျိုးဖန်တီးပေးဖို့ ကစားသမားတွေဘက်က တောင်းဆိုခဲ့ပါတယ်။ အသင်းသူ (၁၅) ယောက်ဟာ စိတ်ကျန်းမာရေးအနားယူဖို့ နိုင်ငံအသင်း တာဝန်တွေကနေနုတ်ထွက်ခဲ့ပြီး အဲဒီထဲက (၃) ယောက်ကပဲ ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တဲ့အသင်းအတွက် ပြန်လာခဲ့ပါတယ်။ ဒီလို အငြင်းပွားဖွယ် ပြဿနာတွေ ဖြစ်ခဲ့တဲ့တလျှောက်လုံးမှာ နည်းပြ Vilda ကို အဖွဲ့ချုပ် ဥက္ကဋ္ဌ Rubiales က အကြီးအကျယ် ကျောထောက်နောက်ခံပြုပေးခဲ့ပါတယ်။

စပိန် အမျိုးသားဘောလုံးအသင်းနည်းပြ Luis de la Fuente (လူဝီဒီလာဖွန်တေး) ကလည်း အစောပိုင်းတုန်းက ရူဘီလက်စ်ဘက်က ကာကွယ်ခဲ့ပြီး နမ်းခဲ့တဲ့ဖြစ်စဥ်ကို “မှားယွင်းတဲ့ အမျိုးသမီးဝါဒီများရဲ့လုပ်ရပ်” လို့ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီ့အတွက်တောင်းပန်ခဲ့ပြီး "ခွင့်မလွှတ်သင့်တဲ့ လူသားအမှား" လို့ ပြန်ပြောခဲ့ပါတယ်။

တနင်္လာနေ့မှာတော့ စပိန်အမျိုးသားလက်ရွေးစင်အသင်းခေါင်းဆောင်တွေက အမျိုးသမီးကမ္ဘာ့ဖလားဆုရှင် အမျိုးသမီးအသင်းကို အားပေးထောက်ခံမှုပြသခဲ့ပြီး ရူဘီလက်စ်ရဲ့လုပ်ရပ်ဟာ "လက်မခံနိုင်တဲ့ အပြုအမူ" ဖြစ်ကြောင်း ရှုတ်ချခဲပါတယ်။

လက်ရှိစပိန်ဘောလုံးအဖွဲ့ချုပ်ကို တာဝန်ယူနေတဲ့ ပီဒရို ရိုချာ (Pedro Rocha) က ရူဘီလက်စ်ရဲ့အပြုအမူအတွက် ဘောလုံးလောကနဲ့ လူ့ အသိုင်းအဝန်းတခုလုံးကို တောင်းပန်ကြောင်း အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ရိုချာက ကမ္ဘာ့ ဘောလုံးလောကတခုလုံး၊ ဘောလုံးအဖွဲ့အစည်းတွေ၊ ပရိသတ်တွေ၊ ကစားသမားတွေ—အထူးသဖြင့် စပိန်အမျိုးသမီးဘောလုံးအသင်းကို တောင်းပန်ကြောင်းနဲ့ အဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့ ရာထူး အကြီးဆုံးယူထားသူက ကျူးလွန်ခဲ့တဲ့ လုံးဝလက်သင့်မခံနိုင်တဲ့ အပြုအမူအတွက် စပိန်ဘောလုံးအဖွဲ့ချုပ်မှာတာဝန်ရှိကြောင်း ပြောပါတယ်။ ဒါပေမယ့် " ရူဘီလက်စ်ရဲ့အပြုအမူက စပိန်လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့တန်ဖိုးတွေကို ဘယ်လိုမှ ကိုယ်စားမပြုပါဘူး" လို့ Rocha က ထုတ်ပြန်ချက်ထဲမှာ ရှင်းလင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG