သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသွင်ပြောင်းရေး လက်မခံသူတွေ SSA တောင်ပိုင်းနှင့် ပူးပေါင်း


ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းဖို့ သဘောတူထားတဲ့ အပစ်ရပ် ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းက တပ်ဖွဲ့ဝင်တချို့ဟာ မြန်မာစစ်အစိုးရကို တော်လှန်နေဆဲဖြစ်တဲ့ ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း တပ်ဖွဲ့ဘက်ကို ပူးပေါင်းလာကြပါတယ်။ ဒီလို လာရောက် ပူးပေါင်းကြတာကတော့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းလိုက်ရင် သူတို့ရဲ့ မူလရည်မှန်းချက်ကနေ သွေဖည်သွားမှာကြောင့် ဖြစ်တယ်လို့ SSA တောင်ပိုင်းတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အပစ်ရပ် ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်လွယ်မောင်း အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင်တွေဟာ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းဖို့အတွက် ဒီနှစ် ဧပြီလ ၂၂ ရက်နေ့က သဘောတူလိုက်တာ ဖြစ်ပါတယ်။ ဒီလို သဘောတူညီပြီးတဲ့နောက်မှာ အသွင်ပြောင်းတာကို လက်မခံလိုတဲ့ SSA မြောက်ပိုင်းက တပ်ဖွဲ့ဝင်တွေဟာ စစ်အစိုးရကို တော်လှန်နေဆဲဖြစ်တဲ့ SSA တောင်ပိုင်းဘက်ကို ကူးပြောင်းလာကြတယ်လို့ တောင်ပိုင်းတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက ပြောပါတယ်။

“SSA မြောက်ပိုင်း ခေါင်းဆောင်တွေပေါ့နော်၊ ဒီ စဝ်ကိုင်ဖတို့ ဥက္ကဋ္ဌ စဝ်လွယ်မောင်းတို့ သူတို့ အဲဒီ စရဖက ဖိအားပေးလာတဲ့အတိုင်း ပြည်သူ့စစ် အသွင်ကူးပြောင်းဖို့ လက်ခံထားတဲ့ နောက်ပိုင်းက စပြီး ကျနော်တို့ဘက်ကို တဖွဲဖွဲနဲ့ လာရောက် ပူးပေါင်းခြင်းပဲ ဖြစ်ပါတယ်ခင်ဗျ။ အဲဒီ နအဖကနေ စပြီး ဖိအားပေးတဲ့ အချိန်ဆိုတော့ လွန်ခဲ့တဲ့ ၃-၄ လတည်းကနေ စပြီး ဒီလို တဖွဲဖွဲနဲ့ ရောက်ရှိလာခြင်းပဲ ဖြစ်ပါတယ်။ အင်အားပေါင်းကတော့ အခု ၅၀ ကျော်ကျော်လောက်ပဲ ရှိပါသေးတယ်ခင်ဗျ။”

လာရောက် ပူးပေါင်းသူတွေဟာ လက်နက်ခဲယမ်းတွေကိုပါ ယူဆောင်လာတယ်၊ နောက် သူတို့ကို မူလရာထူး အဆင့်အတိုင်း တောင်ပိုင်းတပ်ဖွဲ့မှာ လက်ခံသွားမယ်လို့ ဆိုပါတယ်။ မြောက်ပိုင်းတပ်ဖွဲ့ဝင်တွေ တောင်ပိုင်းဘက် လာရောက်ပူးပေါင်းရတဲ့ အကြောင်းကိုတော့ ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက အခုလို ဆက်ပြောပါတယ်။

“သိတာကတော့ သူတို့ရဲ့ဆန္ဒ သဘောထားတွေ မပါရှိဘဲနဲ့ သူတို့ ခေါင်းဆောင်တွေက အဲဒီ နအဖ ဖိအားပေးလာတဲ့အတိုင်း၊ တောင်းဆိုလာတဲ့အတိုင်း အသွင်ကူးပြောင်းတဲ့ အချက်တချက်လည်း ပါပါတယ်။ အတွေးအခေါ်အရဆိုရင် ပြည်သူ့စစ် အသွင်ကူးပြောင်း သွားတယ်ဆိုတာ ဒီ အမျိုးသားလမ်းစဉ်၊ နောက်ပြီးတော့ သူတို့ရဲ့ ရည်မှန်းချက် လမ်းစဉ်အတိုင်း ကျောခိုင်းသွားခြင်း ဖြစ်တယ်လို့ ယူဆပြီးတော့ သူတို့ လက်မခံနိုင်ခြင်းဘဲ ဖြစ်ပါတယ်။”

အပစ်အခတ် ရပ်စဲထားတဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့မှာ တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၇ နဲ့ ဗဟိုဌာနချုပ် လုံခြုံရေးတပ်ဖွဲ့ဆိုပြီး ရှိရာမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖ ဦးဆောင်တဲ့ တပ်မဟာ ၁ က အခုချိန်ထိ ပြည်သူ့စစ် ဖွဲ့စည်းရေးကို လက်မခံသေးပါဘူး။

အသွင်ပြောင်းရေးကို လက်ခံထားတဲ့ SSA မြောက်ပိုင်းရဲ့ တပ်မဟာ ၃၊ ၇ နဲ့ ဗဟိုဌာနချုပ် တပ်ဖွဲ့တွေမှာ အင်အား ၁,၀၀၀ လောက်ရှိပြီး အသွင်ပြောင်းရေးကို လက်မခံတဲ့ တပ်မဟာ ၁ ကတော့ အင်အား ၃,၀၀၀ ကနေ ၄,၀၀၀ လောက် ရှိမယ်လို့ ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက ခန့်မှန်းပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ မြန်မာစစ်အစိုးရဘက်က ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရေးအတွက် တပ်မဟာ ၁ ကို ဖိအားပေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီလို ဖိအားပေးတဲ့အပေါ်မှာ မြန်မာစစ်အစိုးရကို တော်လှန်ဆဲဖြစ်တဲ့ SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက အခုလို သုံးသပ်ပါတယ်။

“ဒီကိစ္စကတော့ နအဖက ဖိအားပေးလာတယ် ဆိုတာကတော့ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းမှာ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုံကို သူ့ရဲ့ တပ်မတော် အောက်မှာပဲ ထားရှိဖို့ သူက ရည်မှန်းထားပါတယ်။ အဲလိုဖြစ်ဖို့အတွက် သူကလည်း ဖိအားတွေ ပေးသွားမှာပါ။ နောက်ပြီးတော့ သူတောင်းဆိုလာတဲ့ တောင်းဆိုချက်အတိုင်း လိုက်နာဆောင်ရွက်မှု မရှိတဲ့ လက်နက်ကိုင်တပ်တွေ အားလုံးကို သူက သပ်လျှို ဖြိုခွဲပြီးတော့ အချင်းချင်း ပြန်တိုက်ခိုင်းမယ့် သဘောမျိုး ရှိပါတယ်။

“ဒီလုပ်ရပ်ဟာ ကျနော်တို့ တိုင်းရင်းသား ပြည်သူလူထုတွေအတွက် အချင်းချင်း စိတ်ဝမ်းကွဲစေမယ့် လုပ်ရပ်တခုသာဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းသာယာရေးအတွက် အထောက်အကူ ပြုစေမယ့် လုပ်ရပ်လည်း မဟုတ်ပါဘူး။ နောက်ပြီးတော့ ဒီလုပ်ရပ်ဟာလည်း ပြည်တွင်းစစ်ကို စပြီးတော့ မီးပြန်ရှို့လိုက်သလို ဖြစ်ပါတယ်။ ကျနော်တို့ အဲဒီလို သုံးသပ်မိပါတယ်။”

အသွင်ကူးပြောင်းရေးကို လက်ခံထားတဲ့ SSA မြောက်ပိုင်း တပ်ဖွဲ့တွေက SSA တောင်ပိုင်း တပ်ဖွဲ့တွေဆီကို ပူးပေါင်းလာချိန်မှာပဲ ဒီလ ၁ ရက်နေ့ထုတ် မြန်မာအစိုးရပိုင် သတင်းစာတွေမှာ SSA တောင်ပိုင်းတပ်ဖွဲ့က ဗိုလ်ကြီးအဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦးဟာ မြန်မာစစ်အစိုးရဆီမှာ လက်နက်ချခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

မြန်မာစစ်အစိုးရဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံးကို တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိဖို့အတွက် ၂၀၀၉ ခုနှစ် ဧပြီလကုန်ပိုင်းကတည်းက စတင် ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။ ဒီတောင်းဆိုချက်ကို အပစ်ရပ်အဖွဲ့ တချို့က လက်ခံခဲ့ပေမဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA)၊ မိုင်းလားအဖွဲ့ခေါ် အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့က မြန်မာစစ်အစိုးရ တောင်းဆိုတဲ့အတိုင်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံ သဘောတူညီတာ မရှိသေးပါဘူး။

XS
SM
MD
LG