သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အက်ဆစ်မိုး (အပိုင်း ၁)


အက်ဆစ်မိုး
အက်ဆစ်မိုး

Acidic Deposition လို့ ခေါ်တဲ့ အက်ဆစ်တွေ အနည်ကျသလို စုဝေး ကျရောက်တာကို အက်ဆစ်မိုး လို့ ခေါ်ပါတယ်။ ဒီအက်ဆစ်မိုးရဲ့ သဘော သဘာဝနဲ့ ပတ်သက်ပြီး သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပြပေးမှာပါ။

အက်ဆစ်မိုး (အပိုင်း ၁)
please wait

No media source currently available

0:00 0:07:13 0:00
တိုက်ရိုက် လင့်ခ်

“သာမန်အားဖြင့်တော့ အက်ဆစ်မိုးလို့ ပြောကြတယ်။ သိပ္ပံနည်းကျ ပြောရမယ် ဆိုရင် Acidic Deposition လို့ ခေါ်တယ်။ သူက မိုးရွာသလို ကျတာ တင်မကသေးဘူး။ အခြောက်လည်း ကျတယ်။ အစိုလည်း ကျတယ်။ ဆာလ်ဖာဒိုင်အောက်ဆိုဒ်တွေနဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ်တွေ ဟာ လေထုထဲကို ရောက်သွားမယ် ဆိုရင် အဲဒီမှာ ရေရှိတယ်။ အောက်ဆီဂျင်ရှိတယ်၊ နောက် အောက်ဆီဂျင်ကို သုံးပြီး ဓါတ်ပြုလို့ ရတဲ့ အရာတွေ လေထုထဲမှာ ရှိတယ်။ အဲဒါတွေနဲ့ ပေါင်းပြီးလို့ ရှိရင် များပြားတဲ့ အက်ဆစ်ပါတဲ့ ဒြပ်ပေါင်းတွေ ဖြစ်လာတယ်။ တချို့က ကမ္ဘာမြေပေါ်ကို ခြောက်သွေ့တဲ့ အသွင်ပြင် ပုံသဏ္ဍာန်နဲ့ ပြန်ကျလာတယ်။ တချို့က စိုစွတ်တဲ့ ပုံစံကျလာတယ်။ ခြောက်သွေ့တဲ့ ပုံစံနဲ့ ကျတယ်လို့ ပြောတာက အငွေ့အနေနဲ့ အမှုန်အနေနဲ့ ကျလာတာ။ စိုစွတ်တဲ့ အနေနဲ့ ကျတာကတော့ မိုးအနေနဲ့ ကျမယ်၊ ဆီးနှင်းအနေနဲ့ ကျမယ်၊ မြူတွေအနေနဲ့ ကျမယ်။ မြူတွေမှိုင်းတာမျိုးလည်း ဖြစ်မယ်။”

အက်ဆစ်မိုး နဲ့ သဘာဝမိုးရေ ဘာကွာခြားပါသလဲ

“သဘာဝ အတိုင်းရွာတဲ့ မိုးဆိုတာက အညစ်အကြေးတွေ မပါပဲနဲ့ ကျလာတဲ့ မိုးရေ။ များသောအားဖြင့်က pH က ၅.၆ ရှိတယ်။ pH ဆိုတာက အရည်တခုမှာ ဟိုက်ဒရိုဂျင် အိုင်းရင်းတွေ Hydrogen ions ပါနိုင်တဲ့ အတိုင်းအဆ ဘယ်လောက် ရှိသလဲ ဆိုတာကို တိုင်းတဲ့ အတိုင်းအတာ သတ်မှတ်ချက် ဖြစ်တယ်။ pH စကေးက ၁ ကနေ ၁၄ အထိ ရှိတယ်။ အလယ်မှာ ကြားနေဖြစ်တဲ့ pH က ၇ ။ အဲဒီတော့ pH က ၇ ထက်နဲလို့ ရှိရင် သူက အက်ဆစ်ဓါတ် များတယ်။ pH က ၇ ထက်များလို့ ရှိရင် အက်ဆစ်ကနဲပြီးတော့ အယ်လ်ကာလီ လို့ခေါ်တဲ့ ဓါတ်ဆားဓါတ်တွေက များလာတယ်။ သဘာဝ မှာ မိုးရေရဲ့ pH က ၅.၆ လောက် ဖြစ်နေတယ်။ ဘာဖြစ်လို့ ၅.၆ ဖြစ်နေသလဲ ဆိုတော့ သဘာဝအားဖြင့် လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ရှိတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက မိုးရေထဲမှာ နဲနဲပါးပါး ပျော်တဲ့ အခါကျတော့ ကာဗွန်နစ် အက်ဆစ် ဖြစ်တယ်။ အဲဒီ ကာဗွန်နစ် အက်ဆစ်က ပျော့တဲ့ အက်ဆစ်ဖြစ်တယ်။

ဒါဖြင့် တကယ့် အက်ဆစ်မိုး ဆိုတာ ဘာလဲ ဆိုတော့ H2SO4 လို့ခေါ်တဲ့ ဆာလ်ဖျူရစ်အက်ဆစ်နဲ့ HNO3 လို့ပြောတဲ့ နိုက်ထရစ်အက်ဆစ် တွေကို အက်ဆစ်မိုးလို့ ခေါ်တာပါ။ ဆာလ်ဖျူရစ် အက်ဆစ်ဆိုရင် ဆာလ်ဖာဒိုင်အောက်ဆိုဒ်က လေထဲ ရောက်သွားတဲ့ အခါမှာ အောက်ဆီဂျင်ရယ် ရေရယ် ပေါင်းပြီးတော့ ဆာလ်ဖျူရစ် အက်ဆစ် ဖြစ်တယ်။ နိုက်ထရိုဂျင် အောက်ဆိုဒ်ကကျတော့ လေထဲမှာ ရှိတဲ့ အောက်ဆီဂျင်နဲ့ ပေါင်းပြီးတော့ နိုက်ထရစ် အက်ဆစ် ဖြစ်တယ်။ အဲဒီအက်ဆစ်တွေက ကာဗွန်နစ် အက်ဆစ်လိုမဟုတ်ဖူး အင်မတန် ပြင်းတဲ့ အက်ဆစ်တွေ ဖြစ်တယ်။ အဲဒါကို အက်ဆစ်မိုးလို့ ခေါ်ကြတယ်။ အဲဒီ ဆာလ်ဖာဒိုင်အောက်ဆိုဒ်တို့ နိုက်ထရိုဂျင် အောက်ဆိုဒ်တို့က စက်ရုံအလုပ်ရုံတို့၊ မီးခိုးခေါင်းတိုင်တို့ကနေ ထွက်လာတာ ဖြစ်ပါတယ်။”

အက်ဆစ်မိုးဟာ လူသားတွေကြောင့် ဖြစ်လာတတ်သလို သဘာဝ ဖြစ်စဉ်တွေကြောင့်လည် ပေါ်လာတတ်ပါတယ်။

“မီးတောင်တွေ ပေါက်တဲ့ အခါမှာ မီးတောင်ထဲက ဓါတ်ငွေ့တွေထဲမှာ ဟိုက်ဒရိုကလိုရစ် အက်ဆစ်တွေ ဘာတွေ ပါတယ်။ အဲဒီ ဟိုက်ဒရိုကလိုရစ် က ရေနဲ့ ပေါင်းလို့ရှိရင် ခုနလို အက်ဆစ်မိုး ဖြစ်မယ်။ အဲဒီတော့ ဟိုက်ဒရိုကလိုရစ် အက်ဆစ်ကလည်း ပြင်းတဲ့ အက်ဆစ်ပဲ။ ဒါမျိုး ဖြစ်တာမျိုး အလားစကားတို့ နယူးဇီလန် တို့မှာ ရှိတယ်။ များသောအားဖြင့် မီးတောင်တခု ပေါက်မယ် ဆိုရင် ရေငွေ့တွေ ပါတယ်။ ကာဗွန် ဒိုင်အောက်ဆိုဒ်တွေ၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ်တွေ၊ ဟိုက်ဒရိုဂျင် ဆာလ်ဖိုဒ်တွေပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်တွေ၊ ဟိုက်ဒရိုဂျင် ကလိုရိုဒ်တွေ၊ ဟိုက်ဒရိုဂျင် ဖလိုရိုဒ်တွေ ပါတယ်။ အဲဒါတွေက လေထဲမှာ ရေတွေနဲ့ ပေါင်းပြီးတော့ အက်ဆစ်မိုး ဆိုပြီးတော့ သဘာဝ အားဖြင့် ဖြစ်တတ်တယ်။”

အက်ဆစ်မိုး ဖြစ်စေတဲ့ ဓါတ်တွေ ဘယ်လို ပြန့်နှံ့ နိုင်တယ် ဆိုတာကိုကြည့်ရအောင်ပါ။

“ အက်ဆစ်မိုးက ဆာလ်ဖာဒိုင်အောက်ဆိုဒ်တို့ နိုက်ထရိုဂျင် အောက်ဆိုဒ်တို့ထုတ်လွှတ် လိုက်တဲ့ နေရာနဲ့ လေစုန် လေေအာက်မှာ ဖြစ်လေ့ရှိတယ်။ ဒါပေမယ့် သူက ဟိုးအဝေးကြီးကိုလည်း သယ်ဆောင်သွားနိုင်တယ်။ ဥပမာ- သဘာဝ ကြောင့် ဖြစ်တဲ့ အက်ဆစ်မိုးပဲ။ သူက အင်ဒိုနီးရှားမှာ ရှိတဲ့ ဂျာဗားနဲ့ စူမားတြား ကြားမှာ သူက မီးတောင် တခုပေါက်တယ်။ ၁၈၈၃ ခုနှစ်မှာ ပေါက်လိုက်တာ သူက မြူလေးတွေ ဆိုင်းပြီး အစိုင်အခဲ တွေက ပါလာတာ သူက ၁၃ နှစ်ကြာမှာ အမေရိကန် ပြည်ထောင်စု နယူးရောက်ကို ရောက်လာတာပါ။ သူက အကြာကြီး အဝေးကြီး သွားနိုင်တယ်။ အဲဒီတော့ အက်ဆစ်မိုး ပြဿနာဟာ ဒေသတခုထဲပဲ၊ ဝန်းကျင်တခုထဲ ဖြစ်နေတာ မဟုတ်ဖူး။ သူက အဲဒီ ပတ်ဝန်းကျင်မှာ အကုန်ဖြစ်မှာပဲ။”

အက်ဆစ်မိုးဖြစ်စေတဲ့ ဓါတ်တွေထဲမှာ အန္တရာယ်ကြီးတဲ့ ဓါတ်တွေပါနေပါတယ်။

“ ဆာလ်ဖာဒိုင်အောက်ဆိုဒ်က ရှုလိုက်မိလို့ရှိရင် အသက်ရှု လမ်းကြောင်းမှာ ပြဿနာတွေ ဖြစ်တယ်။ နိုက်ထရိုဂျင် အောက်ဆိုဒ် ဆိုတာ မှာလည်း နိုက်ထရစ်အောက်ဆိုဒ်နဲ့ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ် ရှိတယ်။ နောက် နိုက်ထရပ်အက်ဆစ်၊ နိုက်ထရစ် အက်ဆစ် ရှိတယ်၊ ဥပမာ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ် ဆိုရင် သူက တကယ်လို့ ရှုတာ များသွားမယ် ဆိုရင် ပန်းနာ ရင်ကြပ်ရှိတဲ့ သူဆိုရင် ရောဂါ ပိုဆိုးလာစေနိုင်သလို ရိုးရိုး သာမန်လူဆိုရင် လေပြွန်လမ်း ေကြာင်းမှာ ယောင်ရမ်းတာမျိုး ြဖစ်တတ်ပါတယ်။ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်ကို အချိန်တိုတို အတွင်း ပါဝင်တဲ့ နှုန်း အတော်များများကို ရှုလိုက်မိမယ် ဆိုရင် အသက်ရှုတာနဲ့ ပတ်သက်ပြီး ဘေးအန္တရာယ် ရောက်နိုင်တယ်။ ဒါကြောင့် ဒီဓါတ်ငွေ့တွေ လေထဲ ရောက်သွားတဲ့ အခါမှာ ရေနဲ့ပေါင်းပြီး အငွေ့တွေ ဖြစ်တယ်။ နောက် အရည်တွေ ဖြစ်တယ်။ သူက ပြန်ကျလာရင် အခြောက် အနေနဲ့ကျမယ်၊ အစို အနေနဲ့ကျမယ်။

မြေပြင်မှာရှိနေတဲ့ သက်ရှိ သက်မဲ့တွေ အပေါ် အက်ဆစ်မိုးရဲ့ သြဇာ သက်ရောက်မှုဟာ အဓိက အချက် ၂ ချက်ပေါ် မူတည်နေပါတယ်။

“ ပထမက မြေသားတွေရဲ့ ပေါင်းစပ် ဖွဲ့စည်း ပုံက ဘယ်လိုရှိနေတယ် ဆိုတဲ့ အပေါ်မှာ မူတည်တယ်။ နောက်တချက်က မြေသားမှာ အောက်ခံ ကျောက်သားက ဘာရှိသလဲ ဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ အထူးသဖြင့် ဥပမာ အောက်ခံ ကျောက်သားက ထုံးကျောက် ဖြစ်လို့ရှိရင် သူက ကယ်လ်ဆီယံ ကာဗွန်နိတ်နဲ့ ဖွဲ့စည်းထားတယ်။ သူက ဘေစ့် လို့ခေါ်တဲ့ အယ်လ်ကာလီဓါတ် ဆားဓါတ်တွေ ရှိတဲ့ အတွက်ကြောင့် အက်ဆစ် မိုးရဲ့ ဒဏ်ကို ပြန်ပြီး ပြေသွားအောင်သူက ဓါတ်ပြုနိုင်တယ်။ အက်ဆစ်မိုးဒဏ် အထိခိုက်ဒဏ်ကို သက်သာအောင် သူက ကြားကနေ ခံပေး နိုင်စွမ်း ရှိတယ်။ သူက ထုံးကျောက်တို့ စကျင်ကျောက်တို့နဲ့ လုပ်တဲ့ ရုပ်ထုတွေက အက်ဆစ်မိုး ရွာလိုက်ရင် ပျက်သွားတယ်။ အဲဒါက အဲဒီကျောက်တွေက အက်ဆစ်နဲ့ ဓါတ်ပြုလို့ဖြစ်တယ်။ ဥပမာ ဂရိတွေရဲ့ အေသင်မြို့မှာ ရှိတဲ့ ရှေးဟောင်း ရုပ်ထုတွေ၊ မော်ကွန်းတိုင်း ရုပ်ထုတွေ ဆိုးဆိုးဝါးဝါး ပျက်စီးတာက ဆာလ်ဖာဒိုင်အောက်ဆိုဒ် နဲ့တကွ သူကတဆင့် ဖြစ်လာတဲ့ ညစ်ညမ်းစေတဲ့ အရာတွေ ကြောင့် ဖြစ်တာ။

တကယ်လို့ အက်ဆစ်မိုးက ဂရင်းနိုက် granite - နှမ်းဖတ်ကျောက် တို့ quartz - သလင်းကျောက် တို့ မှာ ကျရင်။ အဲဒီကျောက်တွေ ရှိတဲ့ မြေကြီးက အက်ဆစ်ဓါတ်ကို ဖြေနိုင်တဲ့ ေဘစ့် ဓါတ်ပေါ့နော် အယ်လ်ကာလီ ဓါတ်နဲတယ်။ နဲတဲ့ အခါကျတော့ အက်ဆစ်မိုးတွေ ကျသွားတဲ့ အခါမှာ မြေကြီးက ယိုယွင်း ပျက်စီးပြီးတော့ မြေကြီးထဲမှာ ရှိတဲ့ အဖိုဓါတ် ရှိတဲ့ ion အိုင်းယွန်းတွေဖြစ်တဲ့ ပိုတက်ဆီယမ်တို့၊ ကယ်လ်ဆီယမ်တို့၊ မဂ္ဂနီဆီယမ် ဓါတ်တွေက ထွက်လာတယ်။ အဲဒီ ဓါတ်တွေက တကယ့်တကယ်ဆို အပင်တွေ အဟာရအဖြစ် သုံးရမယ့် ဓါတ်တွေ။ အဲဒီ အဖိုဓါတ်ရှိတဲ့ အိုင်ယွန်းတွေ က ထွက်သွားပြီးတော့ အဲဒီနေရာမှာ ဟိုက်ဒရိုဂျင် အိုင်းယွန်းတွေက ရောက်လာတယ် အဲဒီတော့ သူတို့က မြေကြီးကနေ စိမ့်ထွက်သွားတယ်။ အဲဒီတော့ ဒီဓါတ်တွေကို အပင်က မသုံးရတော့တဲ့ သဘောရှိတယ်။

တချို့က ကျတော့လဲ သဲကန္တာရလို ဒေသမျိုးဆို၊ ဥပမာ တရုတ်ပြည်မှာ အဲဒီ သဲကန္တာရတွေမှာ နဂိုကတည်းက အမှုန်တွေထဲမှာ ကယ်လ်ဆီယမ်ကာဗွန်နိတ်နဲ့ တခြားဒြပ်ပေါင်းတွေပါနေတယ်။ သူတို့က လေထဲမှာ ပါနေတယ်။ အဲဒီမှာ အက်ဆစ်မိုးရွာလိုက်ရင် သွား ဓါတ်ပြုတယ်။ အဲဒီမှာ ရိုးရိုးမိုးရေထဲမှာ ကာဗွန်နစ် အက်ဆစ်တွေက ထွက်လာရော၊ အဲဒီမှာ pH တွေက များသွားတယ်။ များသွားတော့ ဘေစ့် ဓါတ်တွေက များသွားတာပေါ့။ ဘာလို့လည်း ဆိုတော့ အမှုန်တွေ နဲ့ ဓါတ်ပြုတဲ့ ဖြစ်စဉ်တွေကြောင့် ဖြစ်သွားတာဖြစ်တယ်။”

သဘာဝ ဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ပါ။ နောက်တပတ်မှာေတာ့ ရေပြင်ပေါ်မှာ အက်ဆစ်မိုး သြဇာ သက်ရောက်မှု ကို တင်ပြပေးပါ့မယ်။

XS
SM
MD
LG