သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ် လူနာတွေအတွက် စက်ရုပ်


Chinese professor invent robot for coronavirus wards
Chinese professor invent robot for coronavirus wards

ဒီသီတင်းပတ် သိပ္ဗွံနဲ့ နည်းပညာကဏ္ဍမှာတော့ ကိုရိုနာဗိုင်းရပ်စ် ပိုးအကူးစက်ခံရသူတွေကို ကုသရာမှာဆေးဝန်ထမ်းတွေ အတွက်အထောက် အကူပေးမယ့် စက်ရုပ်ကို  ဘေဂျင်းက သုတေသန ပညာရှင် တစုက တီထွင် လိုက်တဲ့ အကြောင်း ပြောပြပေးမှာပါ။ 

တိုက်ရိုက် လင့်ခ်

04-03-20

(ZAWGYI/ UNICODE)

ဒီသီတင်းပတ် သိပ္ဗွံနဲ့ နည်းပညာကဏ္ဍမှာတော့ ကိုရိုနာဗိုင်းရပ်စ် ပိုးအကူးစက်ခံရသူတွေကို ကုသရာမှာဆေးဝန်ထမ်းတွေ အတွက်အထောက် အကူပေးမယ့် စက်ရုပ်ကို ဘေဂျင်းက သုတေသန ပညာရှင် တစုက တီထွင် လိုက်တဲ့ အကြောင်း ပြောပြပေးမှာပါ။

တရုတ်နိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ် တခုက သုတေသန ပညာရှင် အဖွဲ့တဖွဲ့က သူတို့ တီထွင်ထားတဲ့ စက်ရုပ်ဟာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကပ်ဘေး ဆိုက်နေချိန် မှာ လူတွေရဲ့ အသက်ကို ကယ်တင်ဖို့လုပ်နိုင်မယ်လို့ ပြောပါတယ်။00:0

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ရှိတဲ့ Tsinghua တက္ကသိုလ်ဟာ ထိပ်တန်း သိပ္ဗွံပညာရှင်တွေနဲ့ တရုတ်ခေါင်းဆောင်တွေ မွေးထုတ်ပေးတဲ့ တက္ကသိုလ် တခု ဖြစ်ပါတယ်။ ဒီတက္ကသိုလ်က ပါမောက္ခ Zheng Gangtie ဒီဇိုင်းဆွဲပြီး ဖန်တီးလိုက်တဲ့ စက်ရုပ်ဟာ လူနာကို ultrasound ရိုက်ဖို့ လုပ်ပေး နိုင်သလို သူ့ကို အဝေးထိန်း ခလုပ်နဲ့ ထိန်းချုပ်ပြီး ခိုင်းနိုင်ပါတယ်။ ဒီလို ခိုင်းဖို့ ရိုဘော့မှာ တပ်ထားတဲ့ ကင်မရာကို အသုံးပြုတာပါ။ ကင်မရာထဲမှာ မြင်နေရတဲ့ ရိုဘော့ လှုပ်ရှားမှုကို ကွန်ပြူတာ ဂိမ်းတွေမှာ လိုပဲ အဝေးထိန်းခလုပ် joystick ကို သုံးပြီး ထိမ်းချုပ် ပေးနိုင်ပါတယ်။

အခုလို ဆေးကုသရေးအတွက် အကူအညီပေးနိုင်မယ့် စက်ရုပ်ကို တီထွင်ဖို့ သူဘယ်လို အကြံရလာတာ ပါလဲ။

တရုတ်နိုင်ငံမှာ ဖြစ်ပွါးနေတဲ့ ရောဂါဟာ ကိုရိုနာဗိုင်းရပ်စ် ပိုးအသစ်ကြောင့် ဖြစ်ကြောင်း တရုတ် အစိုးရက ကမ္ဘာကို အသိပေးချိန်ဟာ ၂၀၁၉ ဒီဇင်ဘာလကုန် ဖြစ်ပါတယ်။ ဒီရောဂါဒဏ်ကို သိသိသာသာ ခံစားလာရ ချိန်ဟာ တရုတ်နှစ်သစ်ကူး ချိန်နဲ့လည်း တိုက်ဆိုင် နေတာပါ။ ဒါကြောင့် လူတွေ အတွက်ဘယ်လို အကျိုး ရှိအောင် ဘာလုပ်ရင် ကောင်းမလဲလို့ ပါမောက္ခ Zheng စဉ်းစားနေချိန် မှာပဲ သူငယ်ချင်း ဖြစ်တဲ့ ဆင်ဟွာ ဆေးရုံကြီးက အကြီးအကဲ ဒေါက်တာ Dong Jiahong နဲ့ စကားတွေပြောရင်း အကြံရလာတာပါတဲ့။ ဆရာဝန်ကြီးက သူတို့ဆေးကုပေး တဲ့ အခါမှာ အဓိက ပြဿနာက ဆရာဝန်တွေ ကိုယ်တိုင် ဒီရောဂါ အကူးစက်ခံနေရတာလို့ ပြောပါတယ်။ ဒီအခါမှာ ဆရာဝန်တွေ အတွက် အသုံးတဲ့ပြီး အကူညီပေးနိုင်မယ့် ဒီစက်ရုပ်ကို ဖန်တီးဖို့ ဒီဇိုင်း ဆွဲဖြစ်တယ်လို့ ဆင်ဟွာ Tsinghua တက္ကသိုလ် ပါမောက္ခ လည်းဖြစ် စက်ရုပ်ဒီဇိုင်းဆိုင်ရာ အကြီးအကဲ လည်းဖြစ်တဲ့ ဒေါက်တာ Zheng Gangtie က Mandarin ဘာသာနဲ့ ခုလိုပြောပါတယ်။

“ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်ပွါးမှု ဆိုးဝါးလာနေတာကြောင့် ဒီလို အချိန်မျိုးမှာ ကျနော်တို့လို အင်ဂျင်နီယာတွေဘက်က ဘာကူပေးနိုင်မလဲလို့ စဉ်းစားပါတယ်။ ဒီအခါမှာ ရိုဘော့စက်ရုပ်တွေက အဆင်ပြေမယ်လို့ တွေးမိပါတယ်။ ဒါကြောင့် Dr. Dong Jiahong နဲ့ တရုတ်နှစ်သစ်ကူးစတဲ့ နေ့မှာ ကျနော် ဆွေးနွေးဖြစ်ပါတယ်။ သူတို့ ဆေးရုံတွေမှာ ကြုံနေရတဲ့ အကြီးမားဆုံး ပြဿနာက ကုသပေးနေတဲ့ ဆရာဝန်တွေကိုယ်တိုင် ဒီရောဂါ အကူးစက်ခံနေရတာ လို့သူက ပြောပါတယ်။ ဒါကြောင့် ကျနော်က စက်ရုပ်တွေကို ဆရာဝန်အလုပ် ဝင်လုပ်ပေးနိုင်အောင် လုပ်နိုင်ရင်တော့ အဆင်ပြေမယ်လို့ ပြောပါတယ်။ ဟုတ်တယ်လေ ဆရာဝန်တွေက လူနာတွေနဲ့ အနီးကပ် ဆက်ဆံရတာမို့ အဲဒီလို လုပ်နိုင်ရင် သူတို့ အတွက် အန္တရာယ် လျော့ သွားနိုင်ပါတယ်” လို့ ပြောသွားတာပါ။

ပါမောက္ခ Zheng ဟာ သူ့ကျောင်းသား တချို့ကို ခေါ်ပြီး သူ့ကို အကူအညီပေးဖို့ပြောခဲ့သလို သူငယ်ချင်း ဖြစ်သူ ဒေါက်တာ Dong နဲ့တခြား ဆရာ တယောက် ကိုပါ သူ့အဖွဲ့ ထဲ ပါစေပြီး အဖွဲ့ဝင် ဆယ်ဦးပါတဲ့ စက်ရုပ်တီထွင်တဲ့ အဖွဲ့ကို ဖွဲ့ပါတယ်။ ဆင်ဟွာ ဆေးရုံကြီးက အကြီးအကဲ တဦးဖြစ်တဲ့ ဒေါက်တာ ဒုံဂျဟောင်း ကတော့ ဒီစက်ရုပ် တီထွင်ရာမှာ ဆေးဘက်ဆိုင်ရာ အကြံပေး အဖြစ် တာဝန်ယူခဲ့သူပါ။

သူတို့ဖန်တီးလိုက်တဲ့ စက်ရုပ်ကို ကြည့်ရအောင်ပါ။ တကယ်တော့ စက်ရုပ်လက်ကို ဘီးပေါ်တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ စက်ရုပ်က ရောဂါ ခံစား နေရသူကို ultrasound ရိုက်တာတို့၊ လူနာရဲ့ ပါးစောင်က တံတွေး နမူနာကို ယူပေးတာတို့အပြင် သွေးခုန်နှုန်း စမ်းတာ လို နားကြပ်နဲ့ ဆရာဝန်တွေ စစ်ဆေးတာ စမ်းသပ်တာ အတော်များများကို လုပ်ပေးနိုင်ပါတယ်။

“သူ့မှာ ကင်မရာလည်း တပ်ထားတာမို့ ဆရာဝန်တွေ လုပ်ရတဲ့၊ လုပ်လေ့ရှိတဲ့ အလုပ်တွေကို ဒီစက်ရုပ်က လုပ်ပေးဖို့ ခိုင်းတဲ့ အခါမှာတော့ လူနာနဲ့ တခန်းထဲ နေစရာ မလိုပဲ ကင်မရာမှာ ကြည့်ပြီး လိုတာကို ခိုင်းနိုင်ပါတယ်။”

ဒါ့အပြင် ဆရာဝန်ဟာ လူနာနဲ့ တမြို့ထဲ မှာရှိ နေစရာလည်း မလိုဘူးလို့ စက်ရုပ်တီထွင်တဲ့ ပါမောက္ခ Zheng Gangtie ကပြောပါတယ်။

“ဒီစက်ရုပ် ကို လက်မောင်းမှာ ဒစ်ဂျစ်တယ် နားကြပ်တပ် ပေးထားတာပါ။ သူက ဒီဒစ်ဂျစ်တယ် နားကြပ်ကို သုံးပြီး လူနာရဲ့ နှစ်လုံး ခုန်တဲ့ အနေအထား အပြင် အဆုတ်တို့ ဘာတို့လို တခြားကိုယ်တွင်း အင်္ဂါ တွေရဲ့ အခြေအနေ တွေကိုပါ ထောက်လှန်း ပေးနိုင်တာ ဖြစ်ပြီး ဆရာဝန်တွေ လူနာနဲ့ သိပ်များများ ထိတွေ့မှု မလုပ်ရအောင် စီစဉ်ပေးထားတယ် ” လို့ ပါမောက္ခ Zheng Gangtie က ပြောပါတယ်။

“ဆရာဝန်တွေက သိပ်သတ္တိရှိကြပါတယ်။ ဒါပေမယ့် ဒီဗိုင်းရပ်စ်ပိုးက သိပ်ကို ကူးစက်မြန်ပါတယ်။ ဒါကြောင့် ဒီလို စက်ရုပ်ကို သုံးတာက ဆရာဝန်တွေ အတွက် ကောင်းကောင်း အကာကွယ် ပေးနိုင်ပါတယ် အထူးသဖြင့် ပြည်တွင်းမှာရော ပြည်ပမှာပါ ဒီလို အခြေနေကို ရင်ဆိုင်နေရတာ ကြောင့်ပါ။ ဒီလို စက်ရုပ်တွေကို အန္တရာယ် အကြီးဆုံး ဖြစ်တဲ့ အခုလို ကိစ္စမျိုးမှာ သုံးနိုင် တာကြောင့် ဒါဟာ သိပ်ကို အရေးပါပါတယ်” လို့ ပြောသွားတာပါ။

အစတုန်းကတော့ သူတီထွင်တဲ့ စက်ရုပ်က အာကာသစခန်းတို့ လကမ္ဘာ စူးစမ်းရေး တို့လို သုတေသန လုပ်ငန်းတွေမှာ သုံးတဲ့ နည်းပညာကို သုံးထားတာကြောင့် သူ့ဟာသူ အားလုံးကို ဘာအကူအညီမှ မလိုပဲ လုပ်ဆောင် ပေးနိုင်ပါတယ်။ သူ့ စက်ရုပ်တွေက လူနာကို အဖျား တိုင်းပေးနိုင်သလို လူနာကို ဆေးပေးတာပါ လုပ်နိုင်ပြီး လူနာနဲ့ ထိတွေ့ပြီးရင် ပိုးသတ်တာ အထိ အလိုအလျှောက် လုပ်နိုင်တယ်လို့ ပါမောက္ခ Zheng က ပြောပါတယ်။ ဒါပေမယ့် သူငယ်ချင်း ဒေါက်တာ ဒုံ နဲ့တခြား ဆရာဝန်တွေ ဆီက သူ့ကို အကြံဉာဏ်တွေ ပေးခဲတာ ကြောင့် အခု တွေ့ရတဲ့ စက်ရုပ်ဟာ အဲဒီလို အစစ အရာရာ လုပ်မပေး တော့ဘူးလို့ ပြောပါတယ်။ အစပိုင်းမှာ ဒီလို စက်ရုပ်ကို ထွင်တာဟာ လူလုံးဝ သုံးစရာ မလိုအောင် ထွင်တာဖြစ်ပေမယ့် အခုတော့ လူနာအတွက်ပါ ထည့်စဉ်းစား ထားတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ ကနဦး ထွင်ထားတဲ့ ဒီဇိုင်းက ရိုဘော့ စက်ရုပ် ကိုယ်တိုင်ပဲ အလုပ် အားလုံးကို လုပ်သွားဖို့ ပါပဲ။ သူ့အလုပ်ကို ဘယ်သူကမှ ကူစရာ မလိုအောင် လုပ်ဖို့ ပါ။ သူက လူနာဆီ တိုက်ရိုက်သွားပြီး ultrasound scan ဖတ်တာတို့၊ နှလုံးခုန်နှုန်း နားထောင်တာတို့၊ အသက်ရှုတဲ့ အနေအထား ၊ အဆုတ်တို့ ဘာတို့ ကို နားကြပ်နဲ့ စစ်ဆေးတာ နားထောင်တာတို့ကို ပါလုပ်နိုင်ပါတယ်။ အဲဒီလို လုပ်ရင် ultrasound ရိုက်နေတုန်း နှလုံးခုန် စမ်းသပ်နေတုန်း ရောဂါ ကူးစက်တာမျိုး မြျဖစ် နိုင်တော့ဘူး။ ဒါပေမယ့် ဆရာဝန် တွေက အကြံပေးကြတယ်။ အားလုံး အော်တိုမက်တစ် မလုပ် ပါနဲ့တဲ့၊ ဘာဖြစ်လို့လည်း ဆိုတော့ လူနာကို နှစ်သိမ့်ဖို့ သူ့ စိတ်တည်ငြိမ်အောင် လုပ်ဖို့အနားမှာ လူတယောက်ယောက် ရှိဖို့တော့ လိုတယ်လို့ ပြောကြလို့ပါ။”

ဒီစက်ရုပ်ကို တီထွင်လို့ ပြီးသွားတဲ့ အခါ မှာတော့ လေကြောင်း ဆိုင်ရာ စက်ရုပ် ဒီဇိုင်း ဘာသာအတွက် ပါရဂူဘွဲ့ ယူဖို့ ကျောင်းတက်နေတဲ့ သုတေသန ကျောင်းသား ချန်းယူနဲ့ စမ်းသပ်ကြည့်ကြတာပါ။ သူက ပါမောက္ခ ကျန်ဂမ်တီရဲ့ စက်ရုပ် သုတေသန အဖွဲ့ထဲက ပါ။

“သူက စက်ရုပ်ဆိုတော့ ကျနော် နဲနဲတော့ လန့်တာပေါ့။ ဆရာဝန်တွေက ပိုညင်သာမယ်လို့ တွေးမိလို့ပါ။ ဒါပေမယ့် တကယ်တမ်း ဒီစက်ရုပ်လည်း လာစမ်းသပ်ရော တကယ့်ကို နူးညံ့ နေတာ တွေ့ရတယ်” လို့ ချန်းယုက ပြောသွားတာပါ။

ဒီလို စမ်းသပ်မှုကနေ စက်ရုပ်နဲ့ စစ်ဆေးတာဟာ လူနာအတွက် အဆင်ပြေနိုင်မယ် ဆိုတာကိုပါ သိလာရတာပါ။ ပါမောက္ခ Zheng Gangtie ကတော့ ဆေးလောကမှာ ဆရာဝန်တွေ ကိုပဲ အလုပ်တွေ ပုံပေးထားတာက သူတို့ကို အန္တရာယ် တွင်းထဲ ဆွဲပို့သလို ဖြစ်နေတယ်လို့ ပြောပါတယ်။

“ပြဿနာက ဘာလဲဆိုတော့ စက်ရုပ်ခေတ် ရောက်လာမှာကို ဆေးလောကဘက်က ကြိုတင် ပြင်ဆင် မထားဘူးလို့ ကျနော် ထင်တယ်။ ဒါကြောင့် ဆရာဝန်တွေ ကိုပဲ အလုပ်အားလုံး လုပ်ခိုင်းဖို့ သဘောထားကြတယ်။ ဆရာဝန်တွေရဲ့ စိတ်ထဲမှာလည်း သူတို့ဘာပဲ ဖြစ်ဖြစ် လူနာ အသက်ကို ရအောင် ကယ်ရမယ်ဆိုတဲ့ စိတ်ပဲ ရှိတယ်။ ဒါက ပထမ ပြဿနာပါ။ နောက် ဒုတိယ ပြဿနာက ဆေးပစ္စည်း ကရိယာတွေ ထုတ်လုပ် တာက လက်တွေမှာ အခု ဖြစ်တဲ့ ရောဂါဆိုး အတွက် တကယ်တမ်း အသင့် ဖြစ်မနေဘုူး” လို့ ထောက်ပြသွားတာပါ။

ဒီရိုဘော့ စက်ရုပ် တည်ဆောက်ရေး အတွက် ဆေးပညာဆိုင်ရာ အကြံပေး ဒေါက်တာ Dong Jiahong ကတော့ ဘေဂျင်းက ဆင်ဟွာဆေးရုံ အမှုဆောင် အကြီးအကဲ တဦး ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွါးရာ ဝူဟန်ကို သွားပြီးလည်း ကုသပေးသူ ဖြစ်ပါတယ်။ အခု ပါမောက္ခ Zheng Gangtie တို့ တီထွင်ထားတဲ့ စက်ရုပ်ကို ဆေးရုံတွေမှာ တကယ်တမ်း သုံးလို့ ဖြစ်နိုင် မဖြစ်နိုင် မေးတဲ့ အခါမှာတော့

“ဒီစက်ရုပ်တွေကို ဆေးရုံ အဆောင်တွေမှာ လက်တွေ့ရော စမ်းသပ်တာပါ ၂ မျိုးစလုံး လုပ်ကြည့်ရင်းနဲ့ပဲ ပိုပိုပြီး ကောင်းလာအောင် လုပ်နိုင်မှာပါ။ အဲဒီတော့မှ လက်တွေ့ အသုံးကျပြီး အသုံးတဲ့တဲ့ စက်ရုပ်ကို ရမယ်လို့ ထင်ပါတယ်” လို့ ပြောသွားတာပါ။

သူတို့သုတေသန အဖွဲ့က ဖန်တီးထားတဲ စက်ရုပ်က ၂ ရုပ်ရှိပါတယ်။ ဒီစက်ရုပ် ၂ ရုပ် စလုံးကို ဘေဂျင်း မှာ ရှိတဲ့ ဆင်ဟွာ ချန်ဂေါင်း ဆေးရုံနဲ့ ဒီတန် ဆေးရုံတွေမှာ ဆရာဝန်တွေနဲ့အတူ လက်တွဲ လုပ်စေခဲ့တာပါ။ ဒီစက်ရုပ် တွေကို ဆင်ဟွာ တက္ကသိုလ် အာကာသ ဆိုင်ရာ အင်ဂျင်နီယာ ကျောင်းမှာပဲ ယာယီ သုတေသန ဓါတ်ခွဲခန်း တခု လုပ်ပြီး သူတို့ အဖွဲ့က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီစက်ရုပ်တခုကို မတ်လဆန်းက စပြီး ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွါးရာ ဝူဟန်မှာ ဆရာဝန်တွေနဲ့ အတူ လက်တွဲပြီး တာဝန် ထမ်းဆောင် ခိုင်းမယ်လို့လည်း ပါမောက္ခ Zheng က ပြောပါတယ်။

အခု ပါမောက္ခ Zheng Gangtie တီထွင်ထားတဲ့ စက်ရုပ် မျိုးကို စီးပွါးဖြစ် ထုတ်ဖို့ အစီအစဉ် ရှိပါသလား လို့မေးတဲ့ အခါမှာတော့

“အခုလို စက်ရုပ် ဒီဇိုင်း ထွင်တာဟာ အချိန်ပိုင်း လုပ်တာပါ။ ကျနော့် လက်ရှိ အလုပ်က လေယာဉ်ပျံ ဒီဇိုင်း နဲ့ပတ်သက်ပြီ သင်ပေးတဲ့ ဆရာ အလုပ်ပါ။ ဒါပေမယ့် နောင်မှာ ကုမ္ဗဏီ တခုခုက ဒီလို စက်ရုပ်မျိုး ထုတ်ဖို့ လုပ်ချင်တယ် ဆိုရင်တော့ ဒီ ဒီဇိုင်းကို ယူပြီး စီးပွါးဖြစ် ထုတ်နိုင်ပါတယ်။ ကျနော့် အတွက်ကတော့ အခုလို စက်ရုပ် ဒီဇိုင်း လုပ်တာက အင်ဂျင်နီယာ တယောက် အနေနဲ့ ကိုယ်တတ်နိုင်တာကို အကူညီ ပေးတဲ့သဘောာပါပဲ။ ဒီစက်ရုပ် အတွက် သုံးတဲ့ နည်းပညာက ကျနော်တို့ လုပ်နေတဲ့ satellites ဂြိုဟ်တု တွေမှာ သုံးတဲ့ နည်းပညာမျိုး ပါပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီလို ဆေးဝန်ထမ်း တွေကို အကူညီပေးဖို့ စက်ရုပ်ဖန်တီးရာမှာ ဆရာဝန်တွေရဲ့ အကြံပေးချက်က သိပ်ကို ထိရောက်တယ်လို့လည်း ပြောပါတယ်။ သူ့အနေနဲ့ ဒီလို စက်ရုပ်မျိုး တွေ ထပ်ပြီး ဖန်တီးချင်တဲ့ ဆန္ဒရှိပေမယ့် သူတို့တက္ကသိုလ်က ရံပုံငွေ သိပ်မရှိတော့ဘူးလို့လည်း ပြောပါတယ်။ ဒီစက်ရုပ် တခု အတွက် တရုတ် ယွမ်ငွေ ၅ သိန်းလောက် ကုန်ကျတာ ဖြစ်ပြီး ပေါင်စတာလင်ငွေနဲ့ဆို ရင်တော့ ၅ သောင်းခွဲ ကျော်ကျနေတာကြောင့် သူတို့အတွက် ရံပုံငွေအခက်အခဲ ရှိနေတယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ဗွံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

(UNICODE)

























XS
SM
MD
LG