တကယ်တော့ ရေကို လိုအပ်တဲ့ နေရာမှာ လိုသလို အသုံးချနိုင်ဖို့ ဆည်တွေ တာတမံတွေ တည်ဆောက်တာ ဖြစ်ပေမယ့် ထိခိုက်မှုတွေလည်း ရှိနိုင်တယ်လို့ အင်ဂျင်နီယာ ဘူမိပညာရှင် ဦးသိန်းပိုင်က ပြောပါတယ်။
“ဆည်မြောင်း တာတမံတွေ တည်ဆောက်ရတဲ့ ရည်ရွယ်ချက်က ပထမဆုံးကတော့ စိုက်ပျိုးရေး လုပ်ငန်းတွေ အတွက် ရေသွင်း စိုက်ပျိုးဖို့ပေါ့။ ဒုတိယအနေနဲ့က ရေအားလျှပ်စစ် ထုတ်ယူဖို့၊ တတိယ အနေနဲ့ကတော့ ကျေးလက်နဲ့ မြို့နေ ပြည်သူလူထု တွေအတွက် သောက်သုံးရေ ဖြန့်ဝေပေးဖို့နဲ့ တချို့ ရေကြီး ရေလျှံတဲ့ နေရာတွေမှာ ရေကြီးရေလျှံမှုတွေကို ကာကွယ် ထိမ်းသိမ်းဖို့ ဆိုတဲ့ တကယ်ကို ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဆည်မြောင်းတာတမံတွေကို တည်ဆောက်ခဲ့တာပဲ။ ဒါပေမယ့် ဘယ်လို လုပ်ငန်းမှာ မဆို ကောင်းကျိုးရှိသလို ဆိုးကျိုးတွေကလည်း ရှိတယ်။ ဆည်မြောင်း တာတမံ တွေ တည်ဆောက်တဲ့ အတွက်ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတာတွေ အများကြီး ရှိတယ်။”
သဘာဝ ပတ်ဝန်းကျင် ကို ဘယ်လိုနည်းနဲ့ ထိခိုက်စေတာပါလဲ။
“ဆည်မြောင်း တာတမံတွေ တည်ဆောက်လိုက်တဲ့ အတွက်ကြောင့် သဘာဝ ပတ်ဝန်းကျင်မှာ ကုန်းမြေတွေက ရေပြင်ကျယ်ကြီးအဖြစ် သဘာဝကြီး တခုလုံးက လုံးဝ ပြောင်းလဲသွားတယ်။ ဆည်ဆောက်တယ် ဆိုတာ မြစ်ချောင်းတွေကို အဓိက ပိတ်ပြီး တည်ဆောက်ရတာကိုး။ အဲဒီလို ပိတ်ပြီးရေလှောင် လိုက်ရင် အဲဒီ ရေလှောင်ဧရိယာကြီး တခုလုံး ကလည်း မြေအောက်ကို နစ်မြုပ် သွားတယ်။ အဲဒီလို နစ်မြုပ်သွားတယ် ဆိုရင် အရင်တုန်းက သစ်တောတွေ ရှိတယ်ဆိုရင် သစ်တော တွေကို ခုတ်ပစ်တဲ့အတွက် သစ်တောတွေ ပြုန်းတီးသွားမယ်။ မခုတ်ထွင်နိုင်ပဲ ကျန်ခဲ့တဲ့ သစ်တောတွေ ကလည်း ရေအောက်ကို မြုပ်သွားပြီးတော့မှ ရေတွေရဲ့ အရည်အသွေးကျပြီးတော့ ဥပမာ ရေတွေ ပုပ်တာတို့ ဖြစ်မယ်။ အဲဒါတွေက နှစ်ကြာတော့မှ ရေကောင်းပြန်ဖြစ်နိုင်တယ်။
နောက်တခုကတော့ ဆည်တွေ ဆောက်လိုက်တဲ့အတွက် မြစ်တွေမှာ နဂိုစီးနေတဲ့ ရေစီးရေလာ တွေရှီတယ်။ အဲဒီရေစီးရေလာ တွေကို ပိတ်လိုက်တဲ့အတွက် မြစ်အောက်ပိုင်းမှာ ဆိုရင် ရေစီးနှုန်းတို့ အမြန်ပို့ချနှုန်းတို့က ပြောင်းလဲသွားတယ်။ နဂိုတုန်းက ကုန်းမြေ သဘာဝကနေ ရေပြင် သဘာဝ ဖြစ်တော့ သူနဲ့ သက်ဆိုင်တဲ့ ecology ဂေဟစံနစ် ကလည်း အကုန်ပြောင်းလဲ သွားတယ်။ အရင်တုန်းက တောတောင်ထဲမှာ ရှိတဲ့ သားရဲ တိရိစ္ဆာန်တွေကလည်း ရေပြင်ကြီး ဖြစ်သွားတဲ့ အတွက်ကြောင့် သူတို့ရဲ့ စားကျက်မြေတွေ ပျောက်ဆုံးသွားတယ်။ နောက် ရေထဲမှာ ဆိုရင်လည်း ငါးမျိုးစိတ်တွေ ဆိုလို့ရှိရင်လည်း အများကြီး ပြောင်းသွားနိုင်တယ်။”
အပင်တွေ သတ္တဝါတွေ နေထိုင်တဲ့ သဘာဝ ဝန်းကျင်ရဲ့ ဂေဟ စံနစ်ကိုသာ ထိခိုက်စေတာ မဟုတ်ပါဘူး ရေလွှမ်းသွားတဲ့ ဒေသတွေမှာ တခြားဆုံးရှုံးရတာတွေလည်း ရှိနိုင်ပါတယ်။
“ရေလှောင်လိုက်တဲ့ အတွက်ကြောင့် ရေအောက်မှာ ရှိတဲ့ သဘာဝ သယံဇာတတွေ၊ ရှေးဟောင်း အမွေအနှစ်တွေ၊ ဘုရားကျောင်းကန်တွေ ရှိရင်လည်း အဲဒါတွေ အားလုံးဟာ လုံးဝ ရေအောက်ကို နစ်မြုပ်သွားတယ်။ တချို့ ဧရိယာမှာ ဒီလို ရှေးဟောင်း အမွေအနှစ် ရှိတဲ့ သဘာဝ ဝန်းကျင်တွေ နစ်မြုပ် သွားတဲ့ သာဓကတွေလည်း ရှိတယ်။ မြန်မာနိုင်ငံမှာလည်း တချို့နေရာတွေမှာ အဲဒီလိုမျိုး ပါသွားတဲ့ ဟာတွေ ရှိခဲ့တယ်။”
ရေကာတာတွေမှာ လှောင်တဲ့ ရေထု များရင် များသလောက် ဝန်းကျင်ကို သက်ရောက်မှုက ကြီးနိုင်ပါတယ်။
“ဆည် တည်ဆောက်လိုက်တယ် ဆိုတာ ဆည်ရဲ့ ပမာဏ အကြီးအသေးပေါ် မူတည်ပြီးတော့မှ ရေလှောင်လိုက်တဲ့ အခါ ဆည်တွေက အရမ်းကြီးတယ် ဆိုရင် ရေလှောင်လိုက်တဲ့ ထုထည်ကလည်း အရမ်းကြီးလာတယ်။ အဲဒီလို ရေထုထည် အရမ်းကြီးလာတဲ့ အတွက်ကြောင့် အဲဒီရေထုထည်ရဲ့ သက်ရောက်တဲ့ ဖိအားတွေကလည်း ဖြစ်လာတယ်။ တနေရာထဲမှာ သွားပြီး ရေထုထည် နဲ့ ဖိထား သလို ဖြစ်တော့ သဘာဝရဲ့ တည်ငြိမ်မှု stability တွေလည်း ပြောင်း သွားတယ်။ အဲဒီလို stability တွေ ပြောင်း သွားတဲ့ အတွက် ဆည် အကြီးကြီးတွေ ဆောက်တယ် ဆိုရင် တချို့နေရာ ဒေသတွေမှာ ငလျင် အသေးစားလေးတွေ ဖြစ်နိုင်တဲ့ သဘောရှိတယ်။ တကယ်လို့ ဆည်ကြီးတွေ ဆောက်ပြီးတော့ သဘာဝ ဘေးအန္တရာယ်ကြောင့် မိုးများ လို့ပဲ ဖြစ်ဖြစ် ငလျင်လှုပ်ရင်ပဲ ဖြစ်ဖြစ် ဆည်တွေ ကျိုးသွားခဲ့မယ် ဆိုလို့ ရှိရင် အဲဒီ ဆည်အောက်ပိုင်းမှာ ရှိတဲ့ လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေဟာ လည်း အများကြီး သေကြေပျက်စီး ဆုံးရှုံး သွားနိုင်တယ်။”
ဒီဆည်တွေ ဆောက်ဖို့အတွက် နေရာ ဖယ်ပေးလိုက်ရတဲ့ ဒေသခံတွေ အတွက် တာဝန်ရှိသူတွေက ပြန်မကြည့်ခဲ့ရင် ဒီဆည်တွေကြောင့် နဂိုဒေသခံတွေ အတွက် ထိခိုက်နစ်နာစေတာပါ။
“ဒီဆည် ဆောက်လိုက်တဲ့ အခါမှာ ရေဝပ်ဧရိယာမှာ ရှိနေတဲ့ ရေလှောင်မယ့် နေရာမှာ အရင်တုန်းက နေထိုင်ကြတဲ့ လူတွေ၊ ကျေးရွာတွေ၊ စိုက်ပျိုးမြေတွေ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ကလည်း လုံးဝ ဆုံးရှုံးသွားတယ်။ သူတို့တွေရဲ့ လူနေမှု စံနစ်တွေကလည်း လုံးဝ ပြောင်းလဲသွားတယ်။ အဲဒါကို တကယ် ဆည်တည်ဆောက်တဲ့ တာဝန်ရှိတဲ့ သူတွေ၊ အစိုးရတွေက နေပြီးတော့မှ ဒီလိုမျိုး ဖြစ်သွားတဲ့ လူတွေရဲ့ ဆုံးရှုံးသွားတဲ့ အိုးအိမ်နေရာတွေ၊ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေကို သေသေချာချာ စီမံပြီးတော့မှ ဒီလူတွေ ဘဝရပ်တည်ရှင်သန် နိုင်ဖို့အတွက် ဆက်ပြီးတော့မှ တာဝန်ယူပေးဖို့ လိုတယ်။ ဆုံးရှုံးသွားတဲ့ လယ်မြေတွေ၊ စိုက်ပျိုးမြေတွေ အတွက် ဆိုရင်လည်း လျော်ကြေး ပေးဖို့ လိုပါတယ်။”
ဆည်တည်ဆောက်ပြီး ရေပေးဝေတဲ့ ဒေသတွေက စိုက်ပျိုးမြေတွေဟာ ဆည်ရေသောက် ဧရိယာဖြစ်လာပြီး ကာလ ကြာလာတာနဲ့ အမျှ မူလ မြေအရည်အသွေး ပျောက်ဆုံး သွားမယ့် အန္တရာယ် ရှိပါတယ်။
“ဆည်ဆောက်ပြီးတော့ စိုက်ပျိုးမြေတွေ အတွက် ရေပေးဝေတဲ့ အခါမှာ ဒီစိုက်ပျိုးမြေတွေက ဆည်ရေသောက် စိုက်ပျိုးမြေတွေ ဖြစ်လာတယ်။ ဆည်ရေသောက် စိုက်ပျိုးမြေတွေက ရေရှည်မှာ ကြာရင် ဘယ်လို ဖြစ်လာသလဲ ဆိုတော့၊ ဒီ ဆားပေါက်တဲ့ မြေတွေ ဖြစ်ပြီးတော့မှ သဘာဝရဲ့ မြေ အရည်အသွေးတွေက လုံးဝ ကျဆင်းသွားတယ်။ နောက်ဆိုရင် အပင်စိုက်တယ် ဆိုရင် ဓါတ်မြေသြဇာကို ပိုပြီးတော့ သုံးစွဲလာရတယ်။ အဲဒီလို သုံးစွဲလာရရင် ဓါတ်မြေသြဇာက chemical တွေ ပါတော့ အဲဒီရဲ့ ဘေးထွက် ဆိုးကျိုးတွေလည်း ဖြစ်တယ်။
ကမ္ဘာမှာ ကြည့်ရင် နိုင်းမြစ် Nile တလျှောက်မှာ ဆည်သောက်ရေတွေ သုံးပြီး စိုက်ပျိုးရေးတွေ နှစ်များစွာ လုပ်လာတဲ့ အတွက်ကြောင့် အဲဒီရဲ့ သဘာဝ မြေအရည်အသွေး တွေက ကျဆင်းသွားပြီး၊ ဆားပေါက်မြေတွေ ဖြစ်လာပြီး အဲဒါတွေ အများကြီး ပြန်လည်ပြုပြင်ရတဲ့ စားရိတ်တွေက ပိုမိုကုန်ကျခဲ့တယ်။ ဒီလိုပြဿနာတွေ အများကြီး ရှိတဲ့ အပြင်ကို ဒီဆည်ဆောက်လိုက်တဲ့ အတွက်ကြောင့် တခြား သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေလည်း အများကြီး ရှိတယ်ပေါ့လေ။ ဒါကတော့ အနဲနဲ့ အများ ဆည်ဆောက်လိုက်တဲ့ အတွက်ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တဲ့ အပစ်တွေ ပေါ့လေ။
အင်ဂျင်နီယာ ဘူမိ ပညာရှင် ဦးသိန်းပိုင်ပါ။ နောက်တပတ်မှာတော့ မြန်မာနိုင်ငံမှာ တည်ဆောက်ထားတဲ့ ဆည်တွေအကြောင်း ဆက်ပြောပြပေးပါ့မယ်။