သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်ဓါတ်အား မလုံလောက်တဲ့ မြန်မာ


ရန်ကုန်မြို့တဖက်ကမ်း ဒလမြို့တွင် ဖယောင်းတိုင်မီးနှင့် ညစာစားနေကြသည့် မိသားတစု။ စက်တင်ဘာ ၂၄၊ ၂၀၁၃။
ရန်ကုန်မြို့တဖက်ကမ်း ဒလမြို့တွင် ဖယောင်းတိုင်မီးနှင့် ညစာစားနေကြသည့် မိသားတစု။ စက်တင်ဘာ ၂၄၊ ၂၀၁၃။
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မလုံမလောက်ဖြစ်နေရတာဟာ ဘာ့ကြောင့်ပါလဲ။ ဒါကိုဖြေရှင်းဖို့ အတွက် ဘယ်ကစပြီးလုပ်နိုင်မယ်ဆိုတာနဲ့ ပတ်သက်ပြီး စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဟောင်းဖြစ်တဲ့ အင်ဂျင်နီယာ ဦးမော်သာထွေးရဲ့ အမြင်ကို ကြည့်ရအောင်ပါ။

လျှပ်စစ်ဓါတ်အားကို တွင်းထွက်လောင်စာတွေ ဖြစ်တဲ့ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျောက်မီးသွေးနဲ့ နျူကလီယားစွမ်းအင်တွေကနေ ထုတ်ယူနိုင်သလို နေ၊ လေ၊ ရေ၊ ဇီဝနဲ့ ဘူမိမြေတွင်းအပူတွေ ကနေလည်း ထုတ်ယူနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်ထုတ်ယူနိုင်တဲ့ အလားအလာရှိတဲ့ စွမ်းအင် အရင်းအမြစ်တွေ ရှိနေရက်နဲ့ မထုတ်နိုင်တာတွေ၊ ထုတ်နိုင်တာကြတော့လည်း မသုံးနိုင် ဖြစ်နေတာတွေ ကြောင့် ကမ္ဘာမှာသာမက အရှေ့တောင်အာရှမှာတောင် တဦးချင်း စွမ်းအင် သုံးစွဲနိုင်တဲ့ ပမာဏ အနဲဆုံး ဖြစ်နေရတာပါ။

ဦးမော်သာထွေး။ ။ “အဓိကကတော့ လျှပ်စစ်က အားနဲနေတာ။ ဂက်စ်က ထွက်တယ်ပေါ့ဗျာ၊ ကိုယ့်နိုင်ငံမှာ သုံးရင်လည်း ပိုလျှံပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ စာချုပ်တွေကလည်း ရှိထားတဲ့အခါကျတော့ ကိုယ်ချည်းပဲ သုံးလို့မရတော့၊ နိုင်ငံခြားငွေလည်း ရအောင် ဒါက လုပ်ရတဲ့ သဘောရှိတော့ မထွက်ဘူးလည်း မဟုတ်ပါဘူး ထွက်ပါတယ်။ နောက်တခု ကတော့ ခေတ်အဆက်ဆက် အကြပ်အတည်း မျိုးစုံနဲ့ ကြုံခဲ့ရတော့ ဒီလျှပ်စစ်ကို အထူးအာရုံ မစိုက်နိုင်ဘူးဖြစ်နေတယ်။ စိုက်တော့စိုက်ပါတယ်၊ ဒါပေမယ့် လိုအပ်ချက်ကို မဖြည့်ဆည်း နိုင်တော့ တနိုင်ငံလုံးရဲ့ အိမ်ထောင်စု အားလုံးရဲ့ ၃၈ % လောက်ပဲ ဓါတ်အားပေးနိုင် သေးတယ်ဗျ။”

“အရှေ့တောင်အာရှမှာ ၃၈ % ပဲ ပြည်သူ ဓါတ်အားရတယ် ဆိုတာ မြန်မာနိုင်ငံ တနိုင်ငံပဲ ကျန်တော့တယ်ဗျ။ တနိုင်ငံလုံးမှာလည်း ပြန်ကြည့်ရင် ဒီအရှေ့တောင်အာရှ ထဲမှာ ၃၈ % ပဲ လျှပ်စစ် လွှမ်းခြုံနိုင်တယ်။ နောက် လူတဦးချင်းစီ ပြန်ကြည့်ရင်လည်း အရှေ့တောင်အာရှမှာ အနဲဆုံး တယောက်တယောက်မှ အနဲဆုံး ယူနစ် ၂၄၀- ၂၅၀ - ၂၆၀ လောက်ပဲ သုံးနိုင်သေးတယ်။ ဒါတွေက အခုမှ ဖြစ်တာ မဟုတ်ဖူးဗျ။ ပြီးခဲ့တဲ့ ဆယ်စုနှစ် ပေါင်းများစွာကတည်းက ဒီအကြပ်အတည်းတွေက ဆက်တိုက်ဖြစ်နေတာဗျ။”

မြန်မာနိုင်ငံရဲ့ ဒီအကြပ်အတည်းဟာ စွမ်းအင်အကြပ်အတည်း မဟုတ်ပဲ လျှပ်စစ်ဓါတ်အား ပေးဖို့ မလုပ်နိုင်တဲ့ အခက်အခဲလို့လည်း ကောက်ချက်ချပါတယ်။

ဦးမော်သာထွေး။ ။“ကျွန်တော်တို့ အဓိက ပြဿနာ တက်နေတာက တကယ့် အမာခံ နိုင်ငံမှာ လုပ်ရမှာက ဈေးနှုန်းသက်သာတဲ့ ဓါတ်အားရဖို့ ဆိုလို့ ရှိရင် ရေအားလျှပ်စစ်တွေ ပေါကြွယ်ဝတဲ့ နိုင်ငံမှာ ရေအားလျှပ်စစ်ကို ဦးတည်ပြီးတော့ ဖိလုပ်ရမှာ ဗျ။ ရေအားလျှပ်စစ်ကိုလည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက တော်တော် ကန့်ကွက်တယ်ဗျ။ တချို့လည်းပဲ ရန်ကုန်ကနေ နယ်တွေကို ဆင်းပြီးတော့ ရွာသူရွာသားတွေကို စည်းရုံးပြီးတော့ ကန့်ကွက်ဖို့တွေ ဘာတွေ လုပ်ကြနဲ့။ အဲဒီတော့ နိုင်ငံတော်က သူကလည်း ပြည်သူကို ဖြေးဖြေးချင်းပဲ စည်းရုံး နေရသလို ဖြစ်နေတာဗျ။ နောက်တချက်ကျတော့ သူက ဒုတိယ ဈေးနှုန်း အသက်သာဆုံး ဖြစ်တဲ့ ဓါတ်အားကို မြန်မြန်လည်း ထုတ်နိုင်တဲ့၊ ကျောက်မီးသွေးကြတော့လည်း ဒီလိုပဲဗျ။ ကျောက်မီးသွေးကို နည်းမျိုးစုံနဲ့ အဲဒီ ကျောက်မီးသွေး လုပ်လို့ ရှိရင် ပဲ လူတွေ အကုန် သေကုန်မယ့်ပုံစံ မျိုး အခုဟာက။ သိပ်ပြီးတော့ မြန်မာနိုင်ငံမှာက ကြမ်းနေတယ်ဗျ။”

“အမှန်ကတော့ ပတ်ဝန်းကျင် နိုင်ငံတွေရော။ ဖွံ့ဖြိုးပြီး နိုင်ငံတွေရော၊ အမေရိကန်၊ ရုရှား၊ ဂျာမဏီ၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်၊ တရုတ် အကုန်လုံးက ကျောက်မီးသွေး မပါပဲနဲ့ လျှပ်စစ် ဓါတ်အား ပေးလို့ မရဘူးဗျ။ သူတို့တွေ အကုန်လုံး ကျောက်မီးသွေး သုံးပြီးတော့ပဲ လျှပ်စစ် ဓါတ်အား ပေးတာပဲ။ ဒါပေမယ့် သူတို့မှာ ရေအား လျှပ်စစ်ရှိရင် ရေအားလျှပ်စစ်ကို အမာခံ ထားတာပဲ။ ဒါပေမယ့် ဒီနိုင်ငံတွေ ဖွံဖြိုးလာတဲ့ အခါကျတော့ ဘာနဲ့ ထပ် ဖြေရှင်းသလဲ ဆိုတော့ နျူကလီယားနဲ့ ထပ် ဖြေရှင်းလိုက်တယ်ဗျ။ အဲဒီတော့ သူတို့ အတွက်က ကစားလို့ ရလာတယ်ဗျ။ ကျွန်တော်တို့ နိုင်ငံကျတော့ နျူကလီယားပိုင်းကျတော့လည်း ကျွန်တော်တို့က အလှမ်းက နဲနဲလေး ကြဲ နေသလို ဖြစ်တယ်။”

“နောက်တခါ ကိုယ့်မှာ အရင်းအမြစ်တွေကျတော့လည်း ရေအားလျှပ်စစ်က ပေါကြွယ်ဝ ရဲ့ သားနဲ့ ကျွန်တော်တို့က မလုပ်နိုင်တာ။ နောက် တခါ ကျောက်မီးသွေး ကြတော့လည်းပဲ အနီးပတ်ဝန်းကျင် နိုင်ငံတွေ ကနေပြီးတော့၊ အင်ဒိုနီးရှားတို့ သြစတြေးရီးယားတို့ ကနေ ဝယ်သွင်းလို့ရှိရင် ပင်လယ်ကူး သင်္ဘောက ၂ ရက် ၃ ရက် ဆိုလို့ ရှိရင် တန်ချိန် သောင်း သိန်းနဲ့ ချီပြီးတော့ကို ရောက်လာ ပြီးတော့ ပင်လယ်ကမ်းရိုးတန်းမှာ စက်ရုံတွေ တည်ပြီး လည်လို့ ရတာတွေလည်း ကျွန်တော်တို့ မလုပ်နိုင်ဘူး။ အဲတော့ နိုင်ငံက စွမ်းအင် အကြပ်အတည်း ဖြစ်တာ မဟုတ်ဖူးဗျ။ အဓိကကတော့ အဲဒီ စွမ်းအင် အကြပ်အတည်းရဲ့ အောက်က လျှပ်စစ်မှာ အဲဒီလို ကန့်ကွက်တာတွေက ကျွန်တော်တို့ နိုင်ငံ ဖွံ့ဖြိုးရေးကို အများကြီး အနှောက်အယှက် ဖြစ်နေတာဗျ။”

ဒီလို အကြပ်အတည်းတွေ ရှိနေတာကြောင့် LNG (liquid natural gas) လို့ခေါ်တဲ့ ရေနံဓါတ်ငွေ့ရည်ကို တင်သွင်းပြီး ဓါတ်အားထုတ်ဖို့ စီစဉ်လာရတယ်လို့ ပြောပါတယ်။

ဦးမော်သာထွေး။ ။“ရွေးကောက်ခံ အစိုးရကလည်း ပြည်သူ့ရဲ့ ဆန္ဒကို အလေးအနက် ထားတဲ့အနေနဲ့ ရှောင်တိမ်းပြီးတော့ သူလုပ်တဲ့ အခါကျတော့ သူဘာကို စဉ်းစား သလဲ ဆိုတော့ LNG ကို ပြန်တင်သွင်းပြီးတော့ ဓါတ်ငွေ့ ဓါတ်အားပေးစက်ရုံတွေ အဖြစ်နဲ့ သုံးမယ်လို့ ပြောတဲ့ အခါကျတော့။ အဲဒီ LNG က မီဂါဝပ် ၃၀၀၀ ကျော်ကို ၃ နှစ်လောက်အတွင်း သူက လည်အောင် လုပ်မှာဆိုတော့ အဲဒီတော့ ပြည်သူတွေက ဓါတ်အားခ ဈေးကြီးကြီးပေးပြီး သုံးရတဲ့ သဘောဖြစ်သွားပြီ။ အဲ့တော့ စောစောတုန်းက ဈေးသက်သာတဲ့ ဟာတွေကို ပြည်သူတွေက ကန့်ကွက်တော့ ဈေးကြီးကြီးနဲ့မောင်းမယ့် LNG ကို တဖြစ်လဲပေါ့ဗျာ။ LNG က ဝယ်သုံး ရမှာ ခင်ဗျ။”

“၃ နှစ်အတွင်းမှာ အဲဒီ စက်ရုံက ကီလိုဝပ် ၃၀၀၀ ကျော်လောက် ကြီး ဝင်လာမယ် ဆိုတော့ ပြည်သူ တွေက အဲဒီ နောက်ပိုင်း မှာတော့ အတော်လေးကို ဓါတ်အားခ ဝန်ပိမယ်ဗျ။ ဒါပေမယ့် ပြည်သူတွေ ဓါတ်အားခ ဝန်ပိတယ်လို့ ပြောရင် ပြည်သူတွေကို ကျွန်တော်တို့က နိုင်ငံတော် အစိုးရက ပြည်သူတွေ ဝန်မပိအောင် ဆိုပြီးတော့ subsidized ပေါ့ဗျာ။ ကြားခံပြီးတော့ နိုင်ငံတော်က အရှုံးခံမယ်လို့ ပြောလိုက်ပြန်တော့လည်း နိုင်ငံတော် ပိုက်ဆံ ဆိုတာကလည်း ပြည်သူ့ ပိုက်ဆံဗျ။ ပြည်သူ့ပိုက်ဆံ ဆိုတာ ကလည်း တခြားဖွံ့ဖြိုးရေး လုပ်ငန်းလုပ်မယ့် ပိုက်ဆံတွေကို ဒီကလျှပ်စစ် အရှုံးထဲမှာ လာပြီးတော့ ခုပေးသလို ဖြစ်တော့ ဖွံ့ဖြိုးရေး တွေမှာ ကျွန်တော်တို့က delay ဖြစ်မယ့် နောက်ကျစေမယ့် သဘော။ အားလုံးက ချိတ်ဆက် နေတာ ပေါ့ဗျာ။ အဲဒီလို ပြဿနာလေးတွေ ရှိနေတယ် ခင်ဗျ။ နိုင်ငံမှာလေ။”

LNG ကနေ လျှပ်စစ်ထုတ်ဖို့ လုပ်ရတဲ့ အစီအစဉ်က ဘယ်လောက်ကြာကြာ သုံးဖို့ စီစဉ်နေတာပါလဲ

ဦးမော်သာထွေး။ ။ ဂက်စ် ထွက်တဲ့ နိုင်ငံတွေက ဂက်စ်ပဲ သုံးပါတယ်။ ဂက်စ် မထွက်တဲ့ လူတွေက LNG ဝယ် သုံးတာခင်ဗျ။ LNG ဆိုတာက ဂက်စ်ကို pressure ဖိအားပေးပြီး အအေးခံပြီးတော့၊ သင်္ဘောနဲ့ သယ်လာပြီး ဒီကျတော့ ပြန်ပြီး ဂက်စ် ပြန်ရအောင် လုပ်ရတာ။ ဒီတော့ ကြားထဲမှာ အဆင့်တွေက ဒီဂက်စ် ကနေ အရည်လုပ်တယ်။ အရည်ကနေမှ အရည်ကို သယ်လာတယ်။ အရည်ကို သယ်လာပြီးမှာ ဂက်စ်ပြန် လုပ်ယူတယ်။ ပြီးတော့မှ ကျွန်တော်တို့က မောင်းတယ် ပေါ့ဗျာ။”

“အဲဒါက ဘယ်လိုနိုင်ငံတွေက သုံးတာလဲ ဆိုတော့ ဥပမာ ဂျပန်ဆိုပါတော့ဗျာ။ သူ့နိုင်ငံမှာ ဂက်စ်က အလုံအလောက် မရှိလို့ ဒီ LNG ဝယ်သွင်းတယ်ပေါ့ဗျာ။ မြန်မာနိုင်ငံ မှာက ဂက်စ်က ရှိပါတယ်။ ဒါပေမယ့် အရင်တုန်းက ချုပ်ထားတဲ့ စာချုပ်တွေကလည်း ရှိနေတော့ အခု အချိန်မှာ စာချုပ် စာတမ်း ပြင်ဖို့ ကလည်း မလွယ်ဘူး ပေါ့ဗျာ။ နောက်ထပ် တူးနေတဲ့ ဂက်စ် တွင်းတွေကလည်း နောက်ထပ် သက်တမ်း ၅ နှစ် - ၆ နှစ်မှာ ဘာမှန်း မသိဘူး ပေါ့ဗျာ။ ဂက်စ် ဆိုတာကလည်း သေချာတဲ့ အမျိုး မဟုတ်တော့ မသိတော့ ဂက်စ် ထုတ်လုပ်မှု ကျတဲ့ တွင်းတွေ နေရာမှာ အစား ထိုးဖို့ ဘာဖို့ ဆိုတာ ကလည်း မရှိတော့ ဒါက ယာယီ အစီအစဉ် ပေါ့ဗျာ။ ၅ နှစ်တန် ၅ နှစ် ဆယ်နှစ်တန် ဆယ်နှစ်ပေါ့။ ဒါက LNG ဝယ်သွင်းပြီးတော့ နောက်ကျရင် ဂက်စ် ထွက်လာရင် ဂက်စ်နဲ့ မောင်းမယ်ပေါ့ဗျာ။”

အခုလို ယာယီဖြေရှင်းတဲ့ နည်းက ထုတ်လုပ်မှု စားရိတ်မသက်သာတဲ့ အတွက် လျှပ်စစ်ဓါတ်အားခတွေ ပိုလာ နိုင်ပါတယ်။

ဦးမော်သာထွေး။ ။ “လျှပ်စစ် တယူနစ် ဓါတ်အာခက မြင်သာအောင် ပြောရလို့ ရှိရင်တော့ ရေအား လျှပ်စစ်က ၅ ဆင့်ခွဲ ၆ ဆင့် (cent) တယူနစ်ကို ထုတ်လုပ်မှုစားရိတ် ကုန်ကျတယ်။ ကျောက်မီးသွေးက ၇ ဆင့် သာသာ။ အဲဒီလို အချိန်မှာ။ LNG နဲ့မောင်းမယ် ဆိုလို့ ရှိရင် ၉ ဆင့် လောက် ဖြစ်သွားရော။ အဲဒီတော့ တယူနစ်ကို ၆ ဆင့် ၇ ဆင့် လောက်နဲ့ထုတ်ရမယ့် ဓါတ်အားကို ၉ ဆင့်လောက်နဲ့ထုတ်တဲ့ ဓါတ်အား ဖြစ်သွားတော့ ၂ ဆင့် ပိုတက်တယ်။ ကနေ့ မြန်မာ နိုင်ငံမှာ ပေါက်တဲ့ ဈေး တဒေါ်လာကို ၁၄၀၀ လောက်နဲ့တွက် ရင် ၂ ဆင့်ဆိုတော့ ၁၄ ကျပ်ပေါ့။ တယူနစ် ဆိုတော့ ၂၈ ကျပ်လောက် ကွာသွားတဲ့ အတွက်ကြောင့် မို့လို့ ပြည်သူက ကသိကအောက် ဖြစ်တော့မှာသေချာတယ်။”

“ဒါ့ကြောင့်မို့ ကျွန်တော်တို့ ပြောနေတာက စွမ်းအင်မှာ ရေအားလျှပ်စစ်ကို အခြေခံလုပ်ပါ။ ကျောက်မီးသွေး ကိုလည်း လက်မလွှတ်လိုက်ပါနဲ့။ ဘာလို့လည်း ဆိုတော့ LNG နဲ့ ချည်းပဲ ဆိုလည်း ဈေးတွေက တအားကြီးသွားမယ်။ အဲဒတော့ LNG လည်း အသင့်အတင့် လုပ်ပါ။ ဘာလို့လည်း ဆိုတော့ မကြာခင်မှာ ဂက်စ် ထွက်တာတွေ လျော့လာ မှာရယ်၊ နောက် ကိုယ့် နိုင်ငံက ဂက်စ်က နောက်ထပ် ထွက်လာလို့ ရှိရင် အဆင်သင့် ဖြစ်အောင် ရယ် ဆိုတော့ LNG နဲ့ ဝယ်သွင်းပြီး လုပ်တာတွေကလည်း လုပ်သင့်တယ်လို့ ကျွန်တော်က ယူဆပါတယ်။ ဒါပေမယ့် ချင့်ချိန်ပြီး လုပ်ဖို့ပါပဲ။”

နောက်တပတ်မှာတော့ လျှပ်စစ်ဓါတ်အားအတွက် အမာခံအဖြစ်ထားနိုင်မယ့် ရေအားသုံး လျှပ်စစ် ထုတ်နိုင်တာကို ပြောပြပေးပါ့မယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG