သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီးဘေးရှောင်ဖို့ ထားရမယ့်ကာကွယ်ရေးစံနစ်


Police stand near a mosque and school dormitory that were damaged by a fire in Rangoon, Burma, April 2, 2013.
Police stand near a mosque and school dormitory that were damaged by a fire in Rangoon, Burma, April 2, 2013.
နွေရာသီမှာ ကြုံရလေ့ရှိတဲ့ မီးဘေးအန္တရာယ်ကို ကာကွယ်ဖို့အတွက် မီးကာကွယ်ရေး စံနစ်တွေ ဘယ်လိုရှိသင့်တယ် ဆိုတာနဲ့ လျှပ်စစ်ကြောင့် မီးလောင်တာမျိုးကို ဘယ်လိုရှောင်ရှားနိုင်တယ် ဆိုတာတွေကို ဒီတပါတ်မှာ ပြောပြပါရစေ။
မကြာသေးခင်က ရန်ကုန်မြို့လယ်မှာ လျှပ်စစ်မီးအားမနိုင်ပဲ မီးလောင်ရာကနေ အဆောက်အဦး မီးကာကွယ်ရေး စံနစ်တကျ မရှိခဲ့တဲ့ အတွက် ကလေးသူငယ် ၁၃ ဦး သေဆုံးခဲ့ရပါတယ်။ ရန်ကုန်မြို့ကို စင်္ကာပူလို ဖြစ်အောင်ကျိုးစား နေတာမို့ စင်္ကာပူလို တိုးတက်တဲ့ နိုင်ငံမျိုးမှာ မီးကာကွယ်ရေးစံနစ်တွေ ဘယ်လိုရှိတယ် ဆိုတာကို စင်္ကာပူက မတော်တဆ ဘေးအန္တရာယ် ကာကွယ်ရေး ဆိုင်ရာ အကြံပေး ဦးအေးငြိမ်းက ပြောပြပေးမှာပါ။

ကျွန်တော်တို့ ဆီမှာ တနှစ်တနှစ် မီးလောင်တာ တော်တော်များပါတယ်။ မီးလောင်ပြီးတော့ ဆုံးရှုံးရတာပေါ့။ စင်္ကာပူမှာကတော့ အဆောက်အအုံတခု ဆောက်ပြီ ဆိုလို့ရှိရင် မီးကာကွယ်ရေးစံနစ် မဖြစ်မနေပါရပါတယ်။ ဒီအဆောက်အအုံမှာ လူတွေ ဘယ်လောက် ရှိသလဲ၊ ဘယ်နှစ်ထပ် ပါသလဲ၊ နောက် အဲဒီ အထပ်တွေ အလိုက် မီးခေါင်းတွေကိုဘယ်နေရာမှာ ထားရမလဲ။ ဥပမာ အခန်းတွေ ဖွဲ့လို့ ရှိရင် မီးသတ်ရေပိုက်တွေ ဝင်နိုင်အောင်လို့ အခန်းကို ဘယ်လို ဖွဲ့ထားရမလဲ။ စသဖြင့်ပေါ့နော် အဲဒါတွေ အကုန်လုံး ပါပါတယ်။ နောက်ပြီးတော့ တခြား ရေနဲ့ငြိမ်းသတ်လို့ မရတဲ့ ပစ္စည်းတွေ အတွက် ဥပမာအားဖြင့် လျှပ်စစ်မီး ဆိုရင် ရေနဲ့ သတ်လို့ မရပါဘူး။ အဲဒီလိုမျိုး မီးတွေအတွက်ကို တတ်နိုင်သလောက် သူတို့တခြား မီးသတ်တဲ့ နည်းတွေနဲ့ ထည့်ပေးထားပါတယ်။
နောက်ပြီး ဈေးကြီးတို့ စူပါမားကက်တို့ ကျောင်းတို့မှာ ဆိုလို့ရှိရင်လည်း မီးသတ်တဲ့ စံနစ် ဥပမာ ရေနဲ့ မီးသတ်တဲ့ စံနစ်တောင်မှ ၂ မျိုးထားပါတယ်။ တခုက fire hydrant system နဲ့ နောက်တခုက sprinkler system ပါ။ အဲဒီ sprinkler system ကတော့ အပူရှိန် heat detection နဲ့ smoke detection မီးခိုးထွက်တာကို သိအောင်လုပ်ထားပြီးှ မီးသတ်ဖို့ကျိုးစားတာပါ။ heat detection က အခန်းအပူချိန်နဲ့ သတ်မှတ်ထားတဲ့ အပူချိန်ထက် ပိုပြီးတော့မြင့်လာလို့ ရှိရင် အဲဒီ sprinkler တွေက အလိုလိုကွဲပြီးတော့ ရေတွေ ထွက်ကျပါတယ်။ smoke detection က လည်း အဲဒီလိုပါပဲ သတ်မှတ်ထားတဲ့ မီးခိုးပမာဏကို ကျော်သွားလို့ ရှိရင် အဲဒီရေပိုက်ခေါင်းလေးတွေက ဖန်သီးလေးတွေ ကွဲပြီးတော့ ရေဖြန်းပေးတဲ့ စံနစ်ပါ။
အခုလို အဆောက်အဦးတွေ အတွက် မီးသတ်တဲ့စံနစ် သတ်မှတ်ထားသလို အစိုးရကနေ ဒီသတ်မှတ်ချက်တွေ ပြည့်မှီမမှီကို စစ်ဆေးတာနဲ့ ပြည့်မှီမှ လူနေခွင့် ချထားပေးတာအပြင် နောက်ဆက်တွဲ စည်းကမ်းထိမ်းသိမ်းရေး အတွက်ပါ လုပ်ဆောင်နေတာပါ။
အဲဒီစံနစ်တွေကို စင်္ကာပူ Civil Defense Force – SCDF ရဲ့ စံနှုံးတွေ အတိုင်း တပ်ဆင်ထားရတာဖြစ်ပါတယ်။ သူတို့စံနှုံးတွေနဲ့ ညီမညီကိုလည်းပဲ အဆောက်အအုံဆောက်ပြီးသွားလို့ ရှိရင် SCDF ကလာစစ်ပါတယ်။ သူတို့ဆီက ခွင့်ပြုမိန့်ရတော့မှ လူနေခွင့် အစရှိသဖြင့် ရပါတယ်။ TOP လို့ ခေါ်ပါတယ် Temporary Occupation Permit ပေါ့။ သူတို့အချက်တွေနဲ့ ညီတော့မှ လူနေခွင့် စပြီးတော့ ရပါတယ်။ အဲဒီစံနစ်တွေကို ဒီအတိုင်းထားတာ မဟုတ်ပဲနဲ့ သူတို့ သတ်မှတ်ထားတဲ့ ကာလအတောအတွင်းမှာ အမြဲတမ်း လာပြီးတော့ စစ်တယ်။ နောက်ပြီးတော့ maintenance ပြုပြင်ထိမ်းသိမ်းတာလည်း အမြဲတမ်းပဲ လုပ်နေရပါတယ်။ အဲဒီစံနစ်တွေဟာ ကောင်းကောင်း အလုပ်လုပ်တယ်၊ ဘယ်နေမှာချို့ယွင်းနေတယ်၊ ချို့ယွင်းသွားရင်လည်း service လုပ်ဖို့ပေါ့နော် အဲဒါ အမြဲတမ်း လုပ်တာ ရှိပါတယ်။

မီးလောင်မှုကို တားဆီးဖို့အတွက် အဆောက်အဦးတွေအတွက် မီးကာကွယ်ရေးစံနစ်ကို လိုက်နာဖို့လိုအပ်သလို မီးလောင်ခဲ့ရင်လည်း အရေးပေါ်စံနစ်တွေ အတိုင်း အရေးယူဆောင်ရွက်တယ်လို့ ဆိုပါတယ်။

အကယ်၍ တစုံတခုကြောင့် မီးလောင်လို့ ရှိရင်လည်း ဘယ်နေရာမှာ လောင်လို့ရှိရင် အဲဒီနေရာကို ဘယ်လိုနည်းနဲ့ အရောက်သွားရမယ် ဆိုတဲ့စံနစ်တွေလည်း သတ်မှတ်ထားတာ ရှိပါတယ်။ အဲဒါကတော့ emergency preparation ပေါ့။ ဒီမှာ နောက်တခုကောင်းတာက တနိုင်ငံလုံးမှာ firefighting system ကို network ကွန်ယက်နဲ့ ဖြန့်ထားပါတယ်။ အရင်တုန်းက မြန်မာနိုင်ငံမှာလည်း ရှိပါတယ်။ လမ်းဘေးတွေမှာ မီးသတ်ပိုက်ခေါင်းတွေ ပေ့ါနော်။ အဲဒီမီးသတ် ပိုက်ခေါင်းတွေမှာ အထဲမှာ ရေအပြည့်ှရှိနေပြီးတော့ သတ်မှတ်ထားတဲ့ ဖိအား ရှိနေပါတယ်။ အကယ်၍ မီးလောင်လို့ရှိရင် ဘယ်နေရာကိုမှ သွားစရာ မလိုပဲနဲ့ အဲဒီပိုက်ခေါင်းတွေ ကနေပြီးတော့ တခါထဲ မီးသတ်လို့ ရပါတယ်။

မြန်မာနိုင်ငံမှာလည်း မီးသတ်ဦးစီးဌာနက ကျွမ်းကျင်ဝန်ထမ်းတွေ မွေးထုတ်ပြီး မီးအန္တရာယ်ကို တိုက်ဖျက်ဖို့ အတွက် ကျိုးစားနေပေမယ့် မီးဘေးကာကွယ်ရေးအတွက် မီးကို သုံးစွဲတဲ့ လူတိုင်းမှာ တာဝန်ရှိတာပါ။

မီးသတ်ဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အဓိက မီးလောင်ရတဲ့ အကြောင်းရင်း ၂ ချက် ရှိပါတယ်။ အများဆုံး မီးလောင်တဲ့ အကြောင်းရင်းကတော့ နံပါတ် ၁ ပေါ့ဆမီးဖြစ်ပါတယ်။ နံပါတ် ၂ က လျှပ်စစ်ကြောင့် လောင်တဲ့မီးဖြစ်ပါတယ်။ လျှပ်စစ်ကြောင့်လောင်တဲ့ မီးမှာ အများစုက ဝါယာရှောခ် ဖြစ်တာရယ်၊ လျှပ်စစ်ဓါတ်အား ချက်ချင်း မြင့်တက်လာတာရယ်။ နောက် ကျွန်တော်တို့ဆီမှာက မီးအား မမှန်တဲ့အတွက်ကြောင့် မီးအားထိမ်းတဲ့ ကရိယာ safeguard တွေ သုံးပါတယ်။ safeguard တွေပျက်စီးချို့ယွင်းရင်လည်း ဖြစ်ပါတယ်။ နောက်တခုက ပျက်စီးချို့ယွင်းနေတဲ့ ဝါယာကြိုး အဟောင်းတွေ လျှပ်စစ်ပစ္စည်းတွေကို သုံးတဲ့အတွက်ကြောင့် အဲဒီကနေလောင်တာတွေ ရှိပါတယ်။
နောက် ကျွန်တော်တို့ တိုင်းပြည်က ဖွံ့ဖြိုးပြီး တိုင်းပြည်တွေနဲ့ မတူပါဘူး။ ဘာလို့လည်း ဆိုတော့ မီးက လာချင်တဲ့အချိန်လာတယ်။ ပျက်ချင်တဲ့ အချိန်ပျက်တယ်။ နောက် ဘယ်အချိန်ပျက်မှန်းမသိ ဘယ်အချိန်လာမှန်းမသိဘူးဆိုတော့ တော်တော်ဂရုစိုက်ပြီး ဒီလျှပ်စစ်ကို သုံးဖို့ အရေးကြီးပါတယ်။

လျှပ်စစ်ကြောင့်ဖြစ်တဲ့ မီးဘေးအန္တရာယ် ရှောင်ရှားနိုင်အောင် ဖြစ်ပေါ်တတ်တဲ့ အကြောင်းရင်းတွေကို သိထားဖို့ လိုပါတယ်။
လျှပ်စစ်ကြောင့်ဖြစ်တဲ့ မီးအန္တရာယ် ရှောင်ရှားနိုင်တဲ့ အကြောင်းရင်းတွေကတော့ ပျက်စီးချို့ယွင်းနေတဲ့ လျှပ်စစ်ပစ္စည်းတွေကို မသုံးပါနဲ့။ ပေါက်ပြဲဆွေးမြေ့နေတဲ့ ဝါယာကြိုးတွေ ရှိနေရင် အဲဒါကို အသစ်နဲ့ ပြန်လဲတပ်ဖို့ လိုပါတယ်။ နောက် ကောင်းကောင်း အလုပ်မလုပ်တော့တဲ့ မီးခလုပ်တွေ ဆိုရင်လည်း မလဲပဲနဲ့ ပြန်ပြီးတော့ မသုံးပါနဲ့။ အဲဒီမီးခလုပ်တွေကနေ ရှော့ခ် ဖြစ်ပြီးတော့ မီးလောင်တတ်ပါတယ်။ နောက် သုံးရမယ့် ဝါယာကြိုး အရွယ်အစားတွေ မမှန်လို့ရှိရင်လည်း ဝါယာကြိုးက over heat ဖြစ်ပြီးတော့ အဲဒီက မီးလောင်တတ်ပါတယ်။
ရှောခ် ဖြစ်လို့ရှိရင် breaker တွေ တပ်ဆင်မထား ဘူးဆိုရင် လည်း အန္တရာယ် များပါတယ်။ အကယ်၍ ဘရိတ်ကာ တပ်ဆင်ထားတယ်ဆိုရင် ရှော့ခ် ဖြစ်တာနဲ့ ဘရိတ်ကာက ကျသွားတဲ့အတွက် ပါဝါကို ဖြတ်ပေးလိုက်တဲ့အတွက် မီးမလောင်နိုင်တော့ပါဘူး။ အကယ်၍ fuse ဖျူးစ် တပ်ထားလို့ ရှိရင်လည်း အဲဒီဖျူးစ်ဟာ ကိုယ်သုံးမယ့် ပါဝါနဲ့ အနေတော် ဖြစ်ရပါမယ်။ သိပ်ပြီးတော့ ဖျူးစ်က ကြီးနေလို့ ရှိရင် လည်းပဲ ဖျူးစ်မပြတ်နိုင်ပဲနဲ့ မီးလောင်တတ်တာမျိုး ဖြစ်နိုင်ပါတယ်။
အဓိက မင်္ဂလာဈေးမှာ ဖြစ်ခဲ့တဲ့ မီးက ဝါယာကြိုးမှာ ဖျူးစ် ဒါမှမဟုတ် ဘရိတ်ကာ တပ်ဆင်မထားလို့ ဖြစ်ပါတယ်။

လျှပ်စစ်ပစ္စည်းတွေကို တပ်ဆင်တဲ့နေရာမှာ မသိပဲ ရမ်းပြီး မတတ်ပဲ တတ်ကျွမ်း နားလည်သူရဲ့ အကူအညီကို ရယူဖို့ လိုပါတယ်။

လျှပ်စစ်ပစ္စည်းတွေကို ပြင်တာတို့ ဝါယာကြိုး သွယ်တန်းတာတို့ လုပ်မယ် ဆိုရင် သေသေချာချာ တတ်ကျွမ်းနားလည်တဲ့သူကလုပ်ဖို့ လိုပါတယ်။ အကယ်၍ မသိနားမလည်တဲ့သူက ဒီပစ္စည်းတွေကို ပြုတယ်ပြင်တယ်။ ဝါယာကြိုးတွေကို သွယ်တယ် ဆိုရင် ရမ်းပြီးတော့ လုပ်တဲ့ အတွက်ကြောင့် အလွန်အန္တရာယ် များပါတယ်။ ကျွန်တော်တို့ ဆီမှာ ဝါယာကြိုး သွယ်တန်းတာ စံနစ်တကျ မရှိသေးပါဘူး။ ဖြစ်ကတတ်ဆန်း ကြမ်းပြင်တွေပေါ်ကနေ သွယ်တန်းတယ်။ နောက် ချိတ်ကလေးနဲ့တင် အသာချိတ်ထားတယ်။ စသဖြင့် လုပ်တတ်ပါတယ်။ ရေစိုနေတဲ့ နေရာတို့ အဝတ်တွေကြားတို့ မီးပူ မီးသီး မီးချောင်း၊ အဲဒီအနားတို့ ပူတဲ့မျက်နှာပြင် စတဲ့နေရာတွေကို ဖြတ်ပြီး သွယ်တန်း မယ်ဆိုရင် အင်မတန် အန္တရာယ် များပါတယ်။

လျှပ်စစ်ကြောင့် ဖြစ်တဲ့ မီးအန္တရာယ်ကို ကြိုတင် ကာကွယ်နိုင်တာပါ။

ကျွန်တော်တို့ ဆီမှာ လုပ်လေ့လုပ်ထရှိတာက ပလပ်ပေါက် တခုထဲမှာ လျှပ်ခေါင်းတွေကို အများကြီး စုပြီးတော့ ထိုး ထားတာမျိုးပါ။ အဲဒီလို အများကြီး စုပြုံထိုးထားလို့ ရှိရင်လည်း အဲဒီ ပလပ်ပေါက်ကနေပြီးတော့ overheat ဖြစ်တတ်ပါတယ်။ အားမနိုင်တဲ့ အခါကျတော့။ နောက် မီးလောင်လွယ်တဲ့ စက္ကူတို့ စောင်တို့ အဝတ်အစားတို့ စတဲ့အရာတွေပေါ်မှာ ဘက်ထရီ အားသွင်းစက်တို့ နောက် adaptor တို့ စတဲ့ အပူထွက်စေတဲ့ ပစ္စည်းတွေ တင်ထားလို့ ရှိရင် အဲဒါလည်း မီးလောင်တတ်ပါတယ်။
နောက် ခေတ်ပေါ်ပစ္စည်းတွေ ဖြစ်တဲ့ မိုက်ခရိုဝေဖ် မီးဖိုတို့ လျှပ်စစ်မီးဖိုတို့၊ မီးပူတို့ စတာတွေကိုလည်း ခလုပ်ဖွင့်မထားခဲ့ရပါဘူး။ အကယ်၍ ခလုပ်ပိတ်ဖို့ မေ့သွားတယ်ဆိုပါတော့။ ကိုယ်က တခြားသွားနေတုန်း အဲဒီအချိန်မှာ မီးပြန်လာတယ်ဆိုရင် အဲဒါမီးလောင်တတ်ပါတယ်။ နောက်တခုက အရည်အသွေးညံ့တဲ့ လျှပ်စစ်ပစ္စည်းတွေ ကို သုံးခြင်းအားဖြင့် ရှော့ခ် ဖြစ်ပြီးတော့ မီးလောင်တတ်ပါတယ်။


မတော်တဆ ဘေးအန္တရာယ် ဆိုင်ရာ အကြံပေး ဦးအေးငြိမ်းပါ။
XS
SM
MD
LG