လကမ္ဘာမှာ လူသားတွေ ပထမဆုံး ခြေချနိုင်ခဲ့တာ အနှစ် ၅၀ ရှိပါပြီ။ ဒီလို ခြေချနိုင်အောင် အပိုလို ယာဉ်မှုးတွေ ဘယ်လိုကြိုးစားခဲ့ရတယ် ဆိုတာကို အမေရိကန်အာကာသ စူးစမ်းရေးဌာန နာဆာက သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။
ဒေါက်တာပဒေသာတင်။ ။“ဇူလိုင်လ ၂၀ ရက်နေ့မှာ အမေရိကန်နိုင်ငံကနေ အပိုလို ၁၁ နဲ့ လွှတ်တင်လိုက်တဲ့ အာကာသယာဉ်မှုး ၃ ဦး ထဲက ၂ ဦးက Neil Armstrong ရယ် Buzz Aldrin ရယ်တို့က လကမ္ဘာကို ခြေချခဲ့ပါတယ်။ ဒီအာကာသ ယာဉ်မှုးတွေကို အာကာသ ဒုံးပျံထဲမှာ ပျံရုံတင် မဟုတ်ပဲနဲ့ အာကာသယာဉ်ရဲ့ အပြင်ကို ထွက်ပြီးတော့ လေဟာနယ်ထဲမှာ ဘယ်လို လမ်းလျှောက်မလဲ၊ ဘယ်လို အလုပ်လုပ်မလဲ၊ ဘယ်လိုသွားမလဲ၊ ဘယ်လို အသက်ရှင်မလဲ ဆိုတာကို ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော သူတို့ အများကြီးကို လေ့ကျင့်ပေးရပါတယ်။ အဲဒါဟာ အပိုလို စပျံတဲ့ အပိုလို ၆ တို့ - ၇ တို့ ၈ တို့ ၉ တို့ ၁၀ တို့က အစ အကုန်လုံးမှာပါတဲ့ အာကာသ ယာဉ်မှုးတိုင်းဟာ အခုထိလည်း ဒီအာကာသ ယာဉ်မှုးတွေကို သင်တန်းပေးတဲ့အခါမှာ တော်တော်ကို ခက်ခက်ခဲခဲ သူတို့ သင်တန်းကို တက်ယူရပါတယ်။”
လပေါ် ပထမဆုံး ရောက်ခဲ့တဲ့ လူသား ၃ ဦးက Neil Armstrong - Buzz Aldrin နဲ့ Michael Collins တို့ဖြစ်ပါတယ်။ ဒီယာဉ်မှုးတွေဟာ လပေါ်သွားနိုင်ဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရတာပါ။
ဒေါက်တာပဒေသာတင်။ ။“အာကာသယာဉ်မှုးတွေ ဒီလပတ်တဲ့ အာကာသယာဉ်ထဲကနေ လပေါ်ဆင်းယာဉ်ကိုပြောင်း လပေါ်ကို ရောက်ပြီး အပြင်ထွက်တဲ့ အခါကျတော့ အာကာသထဲကို ရောက်သွားတယ်။ ကမ္ဘာ့ဆွဲအားရဲ့ ၆ ပုံတပုံပဲ ရှိတဲ့ လပေါ်မှာ ဘယ်လို လမ်းလျှောက်မလဲ၊ ဘယ်လိုအသက်ရှင်မလဲ၊ ပစ္စည်းကရိယာတွေကို ဘယ်လိုလုပ်မလဲ၊ ဥပမာအားဖြင့် အမေရိကန် အလံလေးတခုတောင်မှ ထောင်ဖို့အတွက် တွင်းကလေး တူးတာကအစ ဒါတွေက တော်တော်လေးကို လေ့ကျင့်ခဲ့ရပါတယ်။ အာကာသထဲမှာ တနာရီ လမ်းလျှောက်ဖို့အတွက်ကို ရေအောက် ထဲမှာ ဆယ်နာရီလောက် ကြာကြာ တောက်လျှောက် အလုပ်လုပ်ရပါတယ်။ နောက်ပြီးတော့ mission training ပေါ့နော်။ ဒီအစီစဉ်ကြီး တခုလုံးကို ဘယ်လိုပြီးမြောက်အောင် လုပ်မလဲ ဆိုတာအပြင် မသွားခင်မှာ လဆင်းယာဉ်လို ဟာမျိုးကို ကမ္ဘာပေါ်မှာ ဒီအတိုင်း တထေရာထဲ ဖြစ်အောင် လုပ်ပြီး မောင်းနှင်တာ၊ လပေါ်ကို တင်တာ၊ လပေါ်ကနေ ပျံတက်တာ၊ အဲဒါတွေကို အကြာကြီး လေ့ကျင့်ခဲ့ရပါတယ်။
နောက်တခုက အာကာသဝတ်စုံကို ဝတ်တတ်အောင်၊ အကျီကို ပြန်လဲတတ်အောင် ဆိုတာကအစ သင်ရပါတယ်။ တချိန်ထဲမှာပဲ သူတို့ သွားခဲ့တဲ့ ၄ ရက်ခရီး ထဲမှာ စားရေးသောက်ရေး၊ တပိုတပါးပေါ့နော်၊ အိမ်သာသုံးတာကအစ လုံးဝ မတူတော့ပါဘူး။ နောက် ရေချိုးတာ၊ နောက် ပစ္စည်းတွေ နေရာတကျသိမ်းတာ၊ ကင်မရာတွေ သုံးတတ်အောင်ကအစ ဒီ training တွေကို တော်တော်ကို ပြင်းပြင်းထန်ထန် သူတို့ သင်ယူခဲ့ရပါတယ်။”
အခုလို လေ့ကျင့်ခဲ့တဲ့အတွက် အောင်မြင်မှု ရခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာပဒေသာတင်။ ။“လပေါ်ကို တင်ဖို့အတွက် သူတို့ လုပ်ခဲ့ရတာတွေက အချိန်ကိုက်ရမယ်။ အာကာသလွှတ်တဲ့ ဒုံးပျံ အပိုလို capsule အိမ်ထဲကို ကျနော် ဝင်ကြည့်ဖူးပါတယ်။ ခလုပ်တွေက တရာနှစ်ရာလောက် ရှိပါတယ်။ အဲတော့ တခုမှ လုံးဝ မမှားအောင် ဒီဟာကြီး တခုလုံးကို ဘယ်လို ထိန်းချုပ်ပဲ့ကိုင်ပြီး လပေါ်တင်မယ်။ ဘယ်လိုပျံတက်မလဲ ဆိုတာကို အဲဒါကို နှစ်နဲ့ချီပြီး တော့ကို ခေါင်းထဲမှာ အလွတ်ရ အသေရအောင်ကို သူတို့ လေ့ကျင့်ထားရတာပါ။ ခဏခဏပေါ့နော်။ အဲဒီလောက် လေ့ကျင့်ထားတဲ့ အတွက်လည်း သူတို့ လပေါ်ကို အောင်မြင်စွာ ပထမဦးဆုံး ခြေချနိုင်တဲ့ လူသားတွေ အနေနဲ့ အောင်မြင်မှု ရခဲ့တယ်လို့ ကျနော်ယုံကြည်ပါတယ်။
ဆိုတော့ လေ့ကျင့်မှုက အရမ်းအရေးကြီးတယ် ပေါ့နော်။
ဒေါက်တာပဒေသာတင်။ ။“အရမ်းအရေးကြီးပါတယ်။ ဒုံးပျံက အလိုလို တက်သွားတာ မဟုတ်ပါဘူး။ ဒုံးပျံ တက်ဖို့ အတွက်ကို လိုအပ်တဲ့ ခလုပ်တွေ ဖွင့်တာ၊ ပိတ်တာ၊ ချိန်တာဆတာ တွေက အဆင့်တွေ များပါတယ်။ များလွန်းအားကြီးတဲ့အတွက် သူ့ catalogue က စာမျက်နှာ ထောင်နဲ့ချီပြီး ရှိပါတယ်။ အခု နောက်ပိုင်းမှာ ကျတော့ ဒါကို ကွန်ပြူတာ ပေါ်မှာ တခါထဲ ကိုယ်လိုချင်တဲ့ ကွန်ပြူတာရဲ့ မျက်နှာပြင် screen ပေါ်မှာ လက်ညှိုးလေးနဲ့ ထောက်ပြီး ဘယ်နေရာ ဘယ်နေရာ သွားဆိုပြီး အမြန်ဆုံး ဖတ်လို့ရအောင်ကို အခုနောက်ပိုင်းတော့ ပြောင်းလာပြီပေါ့။ အရင်တုန်းကဆို စာအုပ်အထူကြီးကို လှန်ကြည့်ပြီးတော့မှ အမြန်ကြည့်ရပါတယ်။ မှားသွားမှာ စိုးလို့။ အဲဒီတော့ အချိန်ကိုက် လုပ်ရတဲ့အတွက် လုပ်ပုံလုပ်နည်းက ထမင်းစားရေသောက် နီးပါးလောက်ကို ဖြစ်သွားပြီ ဆိုတော့မှ ဒါသေချာပြီ။ လုပ်နိုင်တဲ့ အရည်အချင်း၊ လုပ်နိုင်တဲ့ အသိဉာဏ်ရောဘာရော ကိုယ်ကာယ စွမ်းအားရော ရပြီ ဆိုတော့မှ လပေါ်ကို ခြေချနိုင်ပါတယ်။”
လပေါ်ကို ခြေချခဲ့တာ အနှစ် ၅၀ ရှိပြီပေါ့နော်။ ဆိုတော့ အဲဒီတုန်းက နှစ် ၅၀ တုန်းက ဒီအာကာသ ယာဉ်မှုးတွေ လပေါ်မဆင်းခင် ကြိုးစားခဲ့ရတာနဲ့ အခုခေတ်လူတွေ အခုခေတ် အာကာသ ယာဉ်မှုးတွေ ကြိုးစားရတာနဲ့ ကွာခြားချက်ကလေး နဲနဲ ပြောပြပေးပါ။
ဒေါက်တာပဒေသာတင်။ ။“၁၉၆၉ ခုနှစ်မှာ လပေါ်ကို ဆင်းခဲ့ပြီးတော့ ၁၉၇၂ ခုနှစ်ကျမှ လသွားတဲ့ ခရီးစဉ်တွေကို အဆုံးသတ်ခဲ့ပါတယ်။ အဲဒီလို အဆုံးသတ်ခဲ့တဲ့ အချိန်အထိပေါ့နော်၊ အာကာသယာဉ်မှုးတွေ ကြိုးစားခဲ့ရတာ၊ သူတို့ တက်ခဲ့ရတဲ့ traning တွေ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပေါ့နော် သင်တန်းတွေ အများကြီး တက်ခဲ့ရတာနဲ့ အခုနဲ့ဆို အတူတူ လောက်ပဲ၊ ဒီမှာ တခု ဘာကွာသွားသလဲ ဆိုတော့ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို ရောက်ဖို့အတွက်ဆိုရင် အပြည်ပြည်ဆိုင်ရာ အာကာသစခန်း အကြောင်းကို ဘာသာရပ် တခု အနေနဲ့ အထူးပြုပြီး လေ့လာရပါတယ်။ အဲဒီတုန်းကတော့ အမေရိကန် လူမျိုးတွေချည်းပဲ ဆင်းခဲ့တဲ့အတွက် အမေရိကန်စကားလောက်ပဲ ပြောလို့ ရပါတယ်။ အခုကျတော့ အပြည်ပြည် ဆိုင်ရာ အာကာသစခန်းမှာ ဂျပန်အာကာသ သုတေသန ယာဉ်မှုးလည်း ပါတယ်။ ရုရှားအာကာသယာဉ်မှုးလည်းပါတယ်၊ ကနေဒါကလည်းပါတယ်၊ ပြင်သစ်လည်းပါတယ်၊ တောင်အမေရိကက လက်တင်နိုင်ငံက အာကာသ ယာဉ်မှုး ပါခဲ့သလို စပိန်ကလည်း ပါပါတယ်။ ဆိုတဲ့အခါကျတော့ သူတို့ ဘာသာစကားကို တယောက်နဲ့ တယောက် ကောင်းကောင်း မွန်မွန် ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ဖို့ အတွက် ဆို ဒီ ဘာသာစကား language ပေါ့နော်။ ဘာသာရပ်စာပေ ဆိုင်ရာတွေကို အများကြီးလေ့လာရပါတယ်။ ဒါလောက်ပဲ ကွာပါတယ်။
ဒါပေမယ့် တကယ်တမ်း အခြေခံ ပေါ့နော်၊ ဒီ ဒုံးပျံကို ဘယ်လို စပြီး မောင်းမလဲ၊ ပဲ့ထိန်းမလဲ၊ ဒုံးပျံနဲ့ လပတ်တဲ့အာကာသယာဉ်နဲ့ ဘယ်လိုခွဲထွက်မလဲ၊ ဆိုတာတွေနဲ့ အခုအချိန်မှာတော့ ဒုံးပျံက တဆင့်ပြီးတဆင့် ခွဲထွက်သွားတာ၊ နောက် ဒုံးပျံရဲ့ ထိပ်ဖူးမှာ ရှိတဲ့နေရာကနေ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းနဲ့ သွားပြီးတော့ ဘယ်လို ချိတ်ဆက်မလဲ၊ ချိတ်တဲ့ဟာက ဘယ်လိုပုံစံလည်းဆိုတဲ့ အဲဒါ docking လို့ခေါ်ပါတယ်။ အဲဒါ သိပ်အရေးကြီးပါတယ်။ နဲနဲလေးမှ လွဲလို့ မရပါဘူး။ စက္ကန့်နဲ့အမျှ အတိအကျ သူတို့က လုပ်နေရပါတယ်။ အဲဒီတော့ mission control ကနေပြီးတော့ ပြောနေ ခိုင်းနေတဲ့ အတိုင်း ဒါလုပ်ပါ ဒါလုပ်ပါ ဆိုတဲ့ အဆင့်အဆင့်တိုင်းကို တခုမှ မမှားအောင် လုပ်ရပါတယ်။ ဆိုတော့ အရင်တုန်းက လပေါ်ဆင်းခဲ့တဲ့ အတိုင်းလိုပဲ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို သွားတဲ့အခါ၊ သွားပြီးတော့ ချိတ်တဲ့အခါ၊ စခန်းထဲမှာ အလုပ်လုပ်တဲ့အခါ အတူတူ လောက်ပါပဲ၊ နည်းစံနစ်တွေကသာ နဲနဲ ကွာချင်ကွာသွားမယ်၊ ဒါပေမယ့် လေ့ကျင့်မှုတွေကတော့ အတူတူပါပဲ။
အခု အပြည်ပြည်ဆိုင်ရာ အာကာသစခန်းပြီးသွားတဲ့ အခါကျရင် ၂၀၂၄ ခုနှစ်မှာ ကျနော်တို့ လပေါ်ကို အမေရိကန် ပြန်ပြီးတော့ ခြေချပါအုံးမယ်။ နောက်အဲဒီအတွက် ပြင်ဆင်မှုတွေက အရင်အတိုင်း ပါပဲ။ အရင်လိုပဲ လုပ်ထုံးလုပ်နည်း တွေနဲ့ တိုးတက်လာတဲ့ နည်းပညာတွေကို သုံးပြီးတော့ သူတို့ ဆက်လေ့ကျင့်ပြီးတော့ အဆင်သင့်ဖြစ်အောင် စလုပ်နေကြပါတယ်။”
ဒေါက်တာ ပဒေသာတင်ပါ။