ရက်အတော်ကြာ မငြှိမ်းနိုင်ပဲ ဖြစ်နေတဲ့ ရန်ကုန်မြို့က အကြီးဆုံး ထိန်ပင်အမှိုက်ပုံမီးဟာ လေထုအပါအဝင် သဘာဝဝန်းကျင် ထိခိုက်မှုကို ဆိုးဆိုးဝါးဝါး ဖြစ်စေတယ်လို့ သဘာဝ ဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။
ဒေါ်အေးအေးကြည်။ ။ “အခုလောလောဆယ် ထိခိုက်တာကတော့ လေထုရဲ့ အရည်အသွေးပါ။ လေထုရဲ့ အရည်အသွေးက အင်မတန်ဆိုးဝါးပြီးတော့ ကာဗွန်မိုနောက်ဆိုက်တို့၊ ကာဗွန်ဒိုင်အောက်ဆိုက်တို့၊ စသည်ဖြင့် ထွက်လာတာတွေက သာမန်အချိန်မှာ ကျန်းမာရေး မထိခိုက်ပေမယ့် အချိန်တိုတို အတွင်းမှာ အများကြီး ထွက်လို့ရှိရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒီလိုပြောရတာကလည်း ရန်ကုန်မြို့မှာ ကားတွေကလည်း များနေပါတယ်။ နောက်ပြီး တိုက်မြင့်တွေက များတော့ လေဝင်လေထွက်လည်း သိပ်မကောင်းပါဘူး။ စက်ရုံတွေကလည်း အများကြီး ရှိပါတယ်။ အဲ့ဒီလိုအနေထားမှာ ဒီလိုအရေးပေါ်ဖြစ်တဲ့ ကိစ္စတွေမှာ လေထုဟာ ကျန်းမာရေး ထိခိုက်တဲ့ အခြေနေ ရောက်သွား ပလား မရောက်သေးဘူးလား ဆိုတာကို တိုင်းတာနိုင်တဲ့ အဆင့်မှာ မရှိသေးဘူး။ ပြောနိုင်တဲ့ အဆင့်မှာ မရှိသေးတဲ့ ကိစ္စက အင်မတန်မှ စိတ်ပူစရာ ကောင်းပါတယ်။”
တောမီးလောင်တာနဲ့ အခုလို အမှိုက်ပုံမီးလောင်တာနဲ့ အန္တရာယ် အတိုင်းအဆက ဘယ်လောက် ကွာပါသလဲ။
ဒေါ်အေးအေးကြည်။ ။ “ဟာ ကွာပါတယ်။ တောမီးဆိုတာက သစ်ပင်ပဲ လောင်တာပေါ့။ တခြား ပစ္စည်းတွေ မပါဘူး။ အမှိုက်ပုံ ဆိုတာက (၁) အချက် ဒီအမှိုက်ပုံမှာ ဘာတွေ ပစ်ထားတယ် ဆိုတာကို စာရင်းတွေ ဘာတွေ မှတ်ထားရမှာ ရှိတယ်။ မြန်မာပြည်မှာ ရှိလား မရှိလား မသိပါဘူး။ အဲဒီတော့ ကိုယ်ပစ်လိုက်တဲ့ အထဲမှာ ဥပမာ အငွေ့ပျံနိုင်တဲ့ ဟိုက်ဒရိုကာဗွန်တွေ ပါနေသလား၊ နောက်ပြီး ကလိုရင်းတွေ ပါနေသလား၊ ဘာပါသလဲ။ ဘယ်လိုပစ္စည်းတွေ ပါနေသလဲ၊ နောက်ဆုံးတနေ့ အတိုအစ သစ်သားကအစ PAH တွေ ထွက်တယ်။ အဲဒီတော့ ဒီထဲမှာ ရောက်နေတဲ့ အမျိုးအမည်တွေက အများကြီးပါတယ်။ ဘာတွေပါမှန်းလည်း မသိသလို၊ ဘယ်သူမှလဲ ဒါကို သေသေချာချာ သုတေသန လုပ်ထားတာလည်း မရှိဘူး။ ဒီအတိုင်းပဲ ပစ်ထားတာ ဖြစ်တဲ့အခါကျတော့ အင်မတန်ကို အတိုင်းအဆက နှိုင်းလို့မရအောင်ကိုကွာပါတယ်။”
“တောမီးက သန့်သန့်ရှင်းရှင်း တောမီးက သူက ရှင်းတယ်။ အခုက ဘာမှန်းမသိတဲ့ ဟာတွေ အများကြီးပဲ ပုံထားတယ်။ အမှိုက်ပုံကြီးထဲမှာ။ ဘာတွေ၊ ဘယ်သူက ပုံသလဲ ဆိုတာ မသိပါဘူး။ ဘာလို့လည်း ဆိုတော့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ အမှိုက်ကို စကောက်တတည်းက အမျိုးအမည် အမျိုးအစားကို ခွဲပြီးတော့ သူဟာသူ စံနစ်တကျ ပစ်ပါတယ်။ မြန်မာပြည်မှာ အဲဒီလို စံနစ်မျိုး မရှိသေးပါဘူး။ အဲဒီတော့ ဘယ်သူက ဘာပစ်ပြီးတော့ ဘယ်ရောက်မယ် ဆိုတာ မသိပါဘူး။ ဒီလို မသိတဲ့ အတွက် ဘေးအန္တရာယ် ရှိတယ်လို့ပဲ ယူဆရမှာပါ။”
အမှိုက်စွန့်ပစ်တာနဲ့ ပတ်သက်ပြီးတော့ စီမံခန့်ခွဲမှုကို နဲနဲ ပြောပြပေးပါ။ စီမံခန့်ခွဲမှု ကောင်းကောင်းနဲ့ ဘာတွေ လုပ်ရမလဲ ဆိုတာ။
ဒေါ်အေးအေးကြည်။ ။ “ဟုတ်ကဲ့ အမှိုက်တွေရဲ့ နောက်ဆုံးလားရာကတော့ အခုလို မြေဖို့တဲ့ နေရာကို ရောက်လာတယ်ပေါ့နော်။ ဒါက နောက်ဆုံးပါ။ ဒီအဆင့်ကို မရောက်ခင်မှာ အဆင့်ပေါင်း များစွာ ဖြတ်သွားတယ်။”
“ပထမဆုံးက အမှိုက်စဖြစ်လာမယ်။ ဒီအမှိုက်အတွက် ကိုင်တွယ်မယ် ဆိုရင်။ ဒီမှာ ဘယ်လို လုပ်ကြသလဲ ဆိုတော့ အမှိုက်ကို ပထမဆုံးကတော့ အမှိုက်စဖြစ်တဲ့နေရာမှာ အမှိုက်ကို နဲနိုင်သမျှ နဲအောင်လုပ်တာပါ။ အဲဒီလိုလုပ်နိုင်ရင် နောက်ဆုံး မြေဖို့တဲ့ နေရာကို ရောက်တဲ့အခါ အမှိုက်ကနဲမယ်။ ဒါ့ကြောင့် အမှိုက်ကို နဲအောင်လုပ်ရမယ်။”
“အဲဒီမှိုက်ဖြစ်လာပြီဆိုရင် စဉ်းစားရမှာက ဘယ်ဟာက နောက်ပစ္စည်းအသစ်တခု လုပ်နိုင်မလဲ၊ ဘယ်ဟာက မြေဆွေးဖြစ်အောင် လုပ်နိုင်သလဲ၊ ဘယ်ဟာကိုတော့ လောင်ကျွမ်းပြီးတော့ စွမ်းအင် စွမ်းအင်အသွင်ပြောင်းပြီး အမှိုက်ကနေ စွမ်းအင်ထုတ်လုပ်နိုင်မလဲ ဆိုတာနဲ့ နောက်ဆုံးမှ ဘယ်ဟာကိုတော့ မြေဖို့ကန်ထဲ ထည့်ရမလဲ စသည်ဖြင့် တဆင့်ပြီးမှ တဆင့် မဟုတ်ပဲနဲ့ အားလုံး ရောယှက်ပြီးတော့ ဘက်စုံပေါင်းပြီးတော့ဖွဲ့စည်းထားတဲ့ အမှိုက်စီမံခန့်ခွဲမှု ပညာနဲ့ လုပ်ဖို့ လိုပါတယ်။”
“အမှိုက်မှာ အစပြီး အမှိုက်ဖြစ်လာကတည်းက စံနစ်တကျ ခွဲထားမယ် ဆိုရင် ဥပမာ အခုလိုမျိုး မီးလောင်တယ် ဆိုရင်လည်း သိမယ်။ ဒီအမှိုက်တွေထဲမှာ ဘာပါတယ်။ မီးလောင်လို့ ထွက်လာရင် ဘာတွေ ဘယ်လောက် ပါနေတယ် ဆိုတာကို တခါထည်း သိတယ်။ အမှိုက်ကို အစကတည်းက တခါထည်း မခွဲထားလို့ ရှိရင် မီးလောင်လို့ရှိရင် မီးသတ်ရတာတောင် အခက်အခဲ ဖြစ်သွားနိုင်တာမို့ အဲဒါ အရေးကြီးပါတယ်။”
“နောက် အမှိုက်ကို သိမ်းတဲ့နေရာမှာ အမှိုက်ကို သယ်ယူ ပို့ဆောင်တဲ့ နေရာမှာ စသဖြင့် အမှိုက်ဖြစ်စဉ် တခုလုံးမှာ ကိုယ်လုပ်နိုင်တဲ့ ဟာတွေကို တတ်နိုင်သမျှ အဆင့်မြှင့်ပြီးတော့ လုပ်ဖို့ လိုပါတယ်။ အမှိုက်နဲသွားအောင်၊ အမှိုက်ကို ပြန်သုံးလို့ ရအောင်၊ အမှိုက်ကနေ နောက်ထပ် အသုံးကျတဲ့ မြေဆွေးလိုဟာမျိုး အသုံးကျတာတွေ ထွက်လာအောင်၊ စွမ်းအင်ထွက်လာအောင် အဲဒါတွေကို လုပ်ပြီးတော့ နောက်ဆုံး ဖို့မြေထဲထည့်ရတာကို နဲနိုင်သမျှ နဲအောင် လုပ်ရမယ်။”
ဒေါ်အေးအေးကြည်တို့ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်နိုင်ငံမှာ အခုလိုမျိုး မီးလောင်ခဲ့ရင် ဘာတွေလုပ်တယ် ဆိုတာ နဲနဲ ပြောပြပေးပါ။
ဒေါ်အေးအေးကြည်။ ။ “အဓိကတော့ မီးနဲ့ ပတ်သက်ရင် သူတို့ကတော့ များသောအားဖြင့် ကြိုတင်ကာကွယ်ပါတယ်။ မြေဖို့ကန်တွေ မြေဖို့တောင်တွေမှာဆိုရင် မီးလောင်မယ် ဆိုတာ ကြိုတင်သိထား ပြီးသားပါ။ နောက်ပြီး အဲဒီအမှိုက်ပုံကနေ မီသိန်းဓါတ်ငွေ့လိုမျိုး ထွက်မယ် ဆိုရင် ပိုက်တွေ ဘာတွေနဲ့ သွယ်ပြီးဖြစ်စေ။ တခါတလေကျရင်လည်း မြေတောင်တွေ ဘာတွေကို စပြီး တည်ဆောက် ကတည်းက ဒီဇိုင်းထုတ်ထားတာပေါ့။ ဒီဓါတ်ငွေ့ကို မီးရှို့ပစ်တာ ဒါမှမဟုတ် စွမ်းအင် ထုတ်တာတွေ လုပ်ပါတယ်။ ဒါက ကြိုတင်လုပ်ထားတာပေါ့နော်။”
“တကယ်လို့ မီးတွေ ဘာတွေ လောင်ပြီ ဆိုလို့ရှိရင်လည်း မီးသတ်အဖွဲ့က အမျိုးမျိုး ရှိပါတယ်။ တခု ကောင်းတာက မီးလောင်တဲ့အခါ ဒီလောင်တဲ့မီးကနေ ဘာတွေ ထွက်မယ် ဆိုတာသူတို့မှာ ကြိုတင်ခန့်မှန်းနိုင်တဲ့ စာရင်းဇယား ရှိပါတယ်။ စာရွက်စာတမ်းမှတ်တမ်း ရှိပါတယ်။ အဲဒီတော့ သူတို့ သိပါတယ်။ အဲဒီအခါမှာ ဘယ်လိုပုံစံမျိုးနဲ့ ငြှိမ်းသတ်ရင်တော့ ဘယ်လို ဓါတ်ငွေ့မျိုးထွက်မယ်၊ ဘယ်လို မီးမျိုးစသည်ဖြင့် သူတို့ သိပြီး စီစဉ်နိုင်ပါတယ်။ မြန်မာပြည်နဲ့ အဲဒီတချက်ကွာပါတယ်။ နောက်ပြီး ပစ္စည်း ကရိယာလည်း ကောင်းပါတယ်။ တချို့ဆို လိုအပ်ရင် လေယဉ်ပျံပေါ်ကနေ ငြှိမ်းသတ်မလား၊ ငြှိမ်းသတ်နည်း အမျိုးမျိုးကို သုံးပါတယ်။”
“နောက်ပြီးတော့ သူတို့ဆီမှာ တကယ်လို့ အရေးပေါ် ဖြစ်လာရင် ဘယ်လိုလုပ်မယ် ဆိုတာကို ကော်မတီတွေ ဖွဲ့ထားပါတယ်။ ရပ်ကွက်လိုက် ရပ်ကွက်လိုက်ပေါ့နော်။ local emergency planning committee ဆိုပြီးတော့ ဒေသခံပေါ့၊ အရေးပေါ်ဖြစ်လာရင် ဘယ်လိုစီမံ အုပ်ချုပ်မယ် ကိုင်တွယ်မယ်ဆိုပြီး လုပ်ထားတဲ့ ကော်မတီ ရှိတယ်။ အဲဒီကော်မတီကို အကြောင်းကြားရတယ်။ သူတို့က ဘယ်နေရာမှာ ဘယ်လို လုပ်ရမယ်ဆိုတာ သူတို့ အကုန်သိတယ်။ တခုခု ဖြစ်တယ်ဆိုရင် သူတို့ ဝုန်းကနဲ ချက်ချင်းသွားလို့ရတယ်။ အဲဒီတော့ ဖြစ်လာမှ အစည်းအဝေးတွေ ဘာတွေ လုပ်မယ်ဆိုရင် နောက်ကျသွားပြီး။ ဖြစ်တာက မြန်တယ်။ အဲဒီတော့ မဖြစ်ခင်ကတည်းက ဖြစ်လို့ရှိရင်ဘယ်လို လုပ်မလဲ၊ အဲဒါကို ကြိုတင်စီမံထားမှ ဖြစ်မယ်။”
“ဒါက ရိုးရိုးအမှိုက်ကလေးပေါ့။ တကယ်လို့များ စက်ရုံကြီးတခုကနေပြီးတော့ တခုခု ဖြစ်သွားလို့ အဲဒီက ထွက်လာတဲ့ အခိုးအငွေ့တွေမှာ လူတွေကို အဆိပ်သင့်စေတဲ့ အခိုးအငွေ့တွေ ပါနေပြီ ဆိုရင် ဘယ်လို လုပ်မလဲ၊ မီးသတ်ကရော၊ အဲဒီအခိုးအငွေ့တွေကို ကိုင်တွယ်ဖို့ အဆင်သင့် ဖြစ်ပြီလား၊ ဒါတွေ အရေးကြီးတယ်။ ဒီတော့ ဖြစ်မှ လုပ်မယ်ဆိုရင် နောက်ကျသွားပြီ။ အဲဒီတော့ ကြိုတင် လုပ်ဖို့ လိုတယ်။ နောက်ပြီး လူတွေကိုလည်း တတ်နိုင်သမျှ သင်ကြားပေးဖို့လည်းလိုတယ်။”
“နောက်တခုက မီးသတ်သမားတွေ ကိုယ်တိုင်ကိုလည်း ပိုပြီးတော့ ထောက်ပံ့မှုပေးဖို့ လိုတယ်။ ဘာကြောင့်လည်း ဆိုတော့ မီးသတ်တဲ့ လူတွေဆိုတာ တော်ရုံတန်ရုံလူ မီးသတ်လို့မရဘူး အင်မတန် ကျန်းမာတဲ့ လူတွေမှ လုပ်လို့ရတယ်။ သူတို့က ခေတ်သစ် သူရဲကောင်းတွေ၊ ဒါကြောင့်မို့ သူတို့ကိုလည်း စားဝတ်နေရေးက အစ၊ သန်သန်စွမ်းစွမ်း ဖြစ်အောင် အကုန်လုံး ထောက်ပံ့ပေးဖို့လိုတယ်။”
“နောက်တခုက မီးသတ်တဲ့ နေရာမှာ သူတို့ကို မပင်ပန်းအောင် စီမံပေးရမယ်။ အဲဒါကြောင့် ကြိုတင်ပြင်ဆင်ခြင်းဟာ အကောင်းဆုံး ဖြစ်တယ်။ ဖြစ်မှဆို နောက်ကျ သွားပြီ။ ဒီမှာဆို မီးလောင်တဲ့ site တခု သွားတော့မယ် ဆိုကတည်းက တခုခု အမှားတွေ့ fail ဖြစ်သွားရင် ဘာဆက်လုပ်မလဲ ဆိုတာကိုပါ drill လုပ် လေ့ကျင့်ထားတာပါ။ စီမံကိန်းချထား plan ရှိပါတယ်။ ဒီဟာ တခုခု ဖြစ်ရင် ဘယ်သူ့ကို ပြောမယ်၊ ဘာလုပ်မယ်၊ ဆိုတာ အကုန် plan ဆွဲထားတာပါ။ ဘာကြောင့်လည်း ဆိုတော့ အမှားမခံဘူုးလေ၊ သေသွားမှာ။”
သဘာဝဝန်းကျင်အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ပါ။