“လူအများ ထင်သလောက်ကတော့ အလွန်မကြွယ်ဝဘူး။ ကြွယ်ဝတဲ့ အဆင့်ရှိတဲ့ တွင်းထွက်တွေ ရှိတယ်။ နည်းတဲ့တွင်းထွက်တွေလည်း ရှိတယ်။ လူဦးရေ၊ နိုင်ငံအရွယ် အစားနဲ့ဆိုရင် အလွန်ကြွယ်ဝတယ်လို့တော့ မဆိုနိုင်ဘူး။ ကြွယ်ဝတဲ့ အဆင့်ကနေပြီး တော့ အတော်အတန် ကြွယ်ဝတဲ့အဆင့် အထိကတော့ ရှိပါတယ်။”
ပထမဆုံး ကျောက်မျက်တွေ ကြွယ်ဝမှုနဲ့ ပတ်သက်ပြီး ပြောပြပေးပါဆရာ-
“အလွန်ကြွယ်ဝ ဆိုတဲ့ အတန်းအစားထဲမှာ ပတ္တမြား- နီလာ- ကျောက်စိမ်း ဆိုပြီး ပေးထားပါတယ်။ အလွန်ကြွယ်ဝ-ဆိုတဲ့ အတန်းအစားပါ။ အလွန်လည်း ကြွယ်ဝတယ်။ နောက် ကောင်းလည်း အကောင်းဆုံးတွေပေါ့။ မြန်မာပြည်က ထွက်တယ်။ အဲ့ဒီ ၃ ခု ကတော့။”
ပတ္တမြား၊ နီလာနဲ့ ကျောက်စိမ်းတွေပေါ့နော်။
“ဟုတ်တယ်။”
တခြား ကျောက်မျက်တွေကရောဆရာ၊ တခြားနိုင်ငံတွေမှာ မတွေ့ရတဲ့ အမျိုးအစားတွေ မြန်မာနိုင်ငံမှာ တွေ့တယ်။ ရှားပါး တွင်းထွက်တွေပေါ့။
“မြန်မာနိုင်ငံမှာတော့ တခြားနိုင်ငံတွေမှာ မတွေ့တဲ့ ကျောက်မျက်တွေလည်း ရှိပါတယ်။ ဥပမာ မြလို ဟာမျိုးကတော့ မြန်မာနိုင်ငံမှာ မရှိဘူးပေါ့လေ။ များသောအားဖြင့် ကျောက် မျက်တွေက တော်တော်များများ တိုင်းပြည်တွေမှာ ရှိတတ်ပါတယ်။
ထူးထူးခြားခြား မြန်မာပြည်မှာ နည်းတာကတော့ စိန်ပေါ့။ စိန်က အနည်းအကျဉ်း ပဲ ရှိပါတယ်။ မြန်မာပြည် အတွက်က။ နောက် နည်းည်းရှားပါးတဲ့ ကျောက်မျက်တွေက လည်း ရှိပါတယ်။ Painite တို့ နောက် အခုပဲ လွန်ခဲ့တဲ့ ၂ နှစ်လောက်က တွေ့တဲ့ Kyawthuite တို့ ဘာတို့။ ဒါလည်း အလွန် ရှားပါးတဲ့ ဟာတွေ၊ မြန်မာပြည်မှာပဲ တွေ့တာပေါ့။”
နောက်သတ္တု သယံဇာတ ထဲကရော ဆရာ။
“ သယံဇာတထဲမှာ တချိန်တုန်းကတော့ ခဲ၊ ငွေ၊ သွပ်ကတော့ အထွက်ဆုံး တိုင်းပြည် ထဲမှာ ပါဖူးတယ်။ ဘော်တွင်း ခေတ်ကောင်းစဉ်တုန်းကတော့ပေါ့။ သူကတော့ ကြွယ်ဝ တဲ့ အတန်းအစားထဲ ထည့်လို့ရသေးတယ်ပေါ့။ နောက် ထုတ်ထုတ်လာတဲ့ အခါ ကျတော့ ဘော်တွင်းက တော်တော် ကုန်ခန်းသွားတဲ့အခါကျတော့၊ အခုအချိန်မှာတော့ - ဘော်ဆိုင်းမှာလည်း တော်တော် ကုန်ပြီ။ နောက် ရတနာသိင်္ဂီကလည်း ကုန်နေတဲ့ အခါကျတော့ အတော်အသင့် ကြွယ်ဝ အဆင့်လောက်ပဲ ဖြစ်သွားတာပေါ့။ ခဲ၊ သွပ်၊ ငွေက။ ကြွယ်ဝ အဆင့်ကနေ။
နောက် စောစောက ပြောတာနဲ့ တဆက်တည်းပဲ ပြောရရင် အခုနောက်ပိုင်း နှစ် ၃၀ လောက်အတွင်းမှာ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်းကို ကွပ်ကဲမှှု မရှိဘဲနဲ့ အလွန်အကျွံ ထုတ်တဲ့အခါကျတော့။ အလွန်ကြွယ်ဝတဲ့ အဆင့်ကနေ ကြွယ်ဝ ဒါမှမဟုတ် တချို့ နေရာမှာ အတော်အသင့် ကြွယ်ဝ အဆင့်ပဲ သူက ကျသွားတယ်။ အလွန်ကြွယ်ဝတဲ့ အဆင့် မဟုတ်ပြန်ဘူး။ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်းက အလွန်အကျွံထုတ်ခဲ့လို့။ သူက ထိမ်း ထုတ်ဖို့ လိုတာ ပေါ့လေ။ နောင်လာ နောင်သားတွေအတွက်။”
မြန်မာနိုင်ငံရဲ့ သယံဇာတတွေကို ဆရာတို့ ဘူမိဗေဒအရ ဇုံတွေ ခွဲထားတာကို အကြမ်းဖျင်း ပြောပြပေးပါ ဆရာ
“ဇုံတွေကတော ၇ ဇုံလောက် ရှိတာပေါ့။ လက်ဦးဆုံး ခဲ-သွပ်-ငွေဇုံက အရှေ့ဘက် အခြမ်းမှာပေါ့။ ရှမ်းပြည်နယ်ရဲ့ အလယ်ပိုင်း လောက်ကနေ သွားတဲ့ ဇုံပေါ့။ အလယ်ပိုင်း ဘော်ဆိုင်း၊ ရတနာသိဂီၤ နောက် အလားတူ ရှိတာတွေပေါ့။
နောက်ဇုံတခုကတော့ တနင်္သာရီ ရိုးမကနေပြီးတော့ ရှမ်းကုန်းပြင်မြင့် အနောက်ဖက် နယ်စပ်တလျှောက်မှာရှိတဲ့ ခဲမဖြူ - အဖြိုက်နက်ဇုံ၊ သူကလည်း ကြွယ်ဝအဆင့်လောက် ရှိပါတယ်။ အခုကတော့လည်း ထုတ်ခဲ့တဲ့ နှစ်တွေက များပြီဆိုတော့ အတော် အသင့် ကြွယ်ဝ အဆင့်ပဲ ကျန်တော့မှာပေါ့။
နောက်ဇုံတခုကတော့ ခနောက်စိမ်းဇုံ။ အဲဒါကတော့ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ် တလျှောက်မှာ အဓိကရှိတဲ့ ဇုံပေါ့။
နောက်တခုကတော့ ရွှေသတ္တုဇုံပေါ့။ အခု နာမည်ကြီးပြီးတော့မှာ အရမ်းလည်း ထွက်တဲ့ ရမည်းသင်း အရှေ့က မိုးထိမိုးမိ ကနေပြီးတော့ တောင်ဘက် ဆင်းသွားမယ်။ နောက်ပြီး မွန်ပြည်နယ်အထိ သွယ်တန်းနေတဲ့ ရွှေဇုံပေါ့။ အဲဒီ ရွှေဇုံက သပိတ်ကျင်းမြို့နယ်အထိ ဆက်ပြီးသွားတဲ့ ဇုံပေါ့။ အများဆုံးကတော့ အခု ထုတ်နေတဲ့ ရမည်းသင်း အရှေ့ ဘက်ပေါ့။ မိုးထိမိုးမိပေါ့။
နောက်ဇုံ တခုကတော့ ခရိုမိုက် - နစ်ကယ်ဇုံပေါ့။ ဒါက ရခိုင်ရိုးမ တလျှောက်။ ရခိုင် မြောက်ဖက်နဲ့ ချင်းတောင်တန်း တောင်ဘက် အဓိက နောက်ပြီးတော့ တကောင်းတောင် နေရာ။ သူကကျတော့ ဘူမိဗေဒ အခေါ် Ophiolite ဆိုတဲ့ ကျောက်တွေနဲ့တွဲနေတဲ့ ဟာပေါ့။ နောက် ခရိုမိုက်နဲ့ နစ်ကယ်။
နောက်ဆုံးကတော့ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ဇုံ။ ဒါကတော့ မြန်မာပြည်ရဲ့ အလယ် ကြောမှာ ဖြစ်နေတဲ့ ဇုံကြီးပေါ့။ သူက ကမ်းလွန်အထိ ဆက်သွားတယ်။ အဲဒီလို ဇုံတွေပေါ့။”
သဘာဝ သယံဇာတ တွေက ဇုံလိုက်လည်း ခွဲလို့ရတယ်။ နေရာ တော်တော်များများမှာ လည်း ရှိတယ်။ ဒါ့အပြင် ရှာဖွေ မတွေ့သေးတဲ့ နေရာတွေလည်း ရှိတာပေါ့နော်။ ဒီတွေ့ပြီး တဲ့ နေရာတွေကလည်း တူးဖေါ်နေတာတွေ ရှိတယ်။ ဒါတွေကို တာရှည်သုံးစွဲလို့ ရအောင် ဘာတွေ လုပ်သင့် ပါလဲ ဆရာ
“ဒါတွေ တာရှည်သုံးစွဲလို့ရအောင်ဆိုလို့ ရှိရင် စောစောက ပတ္တမြား၊ နီလာ၊ ကျောက်စိမ်းရဲ့ သင်္ခန်းစာကို ယူရမှာပေါ့။ သူက ဈေးကလည်း အရမ်းကောင်းတယ်။ ဝယ်လက်တွေကလည်း ရှိတယ် ဆိုတော့၊ နင်းကန် ထုတ်တဲ့ ဟာမျိုးကို ရှောင်ရမှာပေါ့။ သဘာဝ ဝန်းကျင်ထိမ်းသိမ်းရေးမှာ ပြောလေ့ ရှိတဲ့အတိုင်း၊ sustainable development ရေရှည်ဖွံ့ဖြိုးမှုကို ထိမ်းတဲ့ ဖွံ့ဖြိုးရေးပဲ ကောင်းတယ်ပေါ့။ သဘာဝ ပတ်ဝန်းကျင်ကို အထိုက်အလျှောက် ထိမ်းရင်းနဲ့ ထုတ်တာတွေ လည်း အကြုံးဝင်တယ်။ ထိမ်းပြီးတော့မှာ ထုတ်မယ်။ အဲဒါဆိုရင် ဈေးကောင်းလည်း ပိုရတယ်။ ရေရှည် နောင်လာနောင်သားး အတွက်လည်း ကျန်တယ်ပေါ့။”
ဟုတ်ကဲ့ပါဆရာ။ သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းတာနဲ့ သတ္တု သယံဇာတ ထုတ်တာ ဒီ ၂ ခုက ဆန့်ကျင်ဘက် ဖြစ်နေပါတယ်ဆရာ။ သတ္တု သယံဇာတတွေ ထုတ်တယ် ဆိုရင် သဘာဝ ပတ်ဝန်းကျင် က ပျက်စီးပါတယ်။ ဆိုတော့ လက်ပံတောင်းတောင် လိုနေရာမျိုးမှာ တောင်တွေပြို ကုန်ပြီ။ ဘာမှ မကျန်တော့ဘူး။ မတူးရဘူး။ မထုတ်ရဘူး။ တဖက်က ပြောတယ်။ တဖက်ကလည်း တူးဖို့ ထုတ်ဖို့တွေ လုပ်ကြတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆရာ့ အမြင်ပြောပြပေးပါ ဆရာ။ ဘာတွေ လုပ်သင့်ပါလဲ။
“တွင်းထွက် သယံဇာတ ထုတ်တယ်ဆိုရင် ပတ်ဝန်းကျင်က အနည်းနဲ့ အများကတော့ ပျက်စီးတယ်။ ဥပမာ ရွှေထုတ်တာပဲကြည့်။ သူက ရွှေသန့်စင်တာ တနည်းကတော့ ထုထောင်း ပြီးတော့ ပြဒါးနဲ့ ဖမ်းတာ။ ပြဒါးတွေဘာတွေက လွှင့်ထွက်ပြီး အန္တရာယ် ရှိတာပဲ။ နောက် cyanide နဲ့ ဖမ်းတာပေါ့။ ဒီ Cyanidation ဆိုတာကလည်း ဆိုင်ယာနိုက် ဓါတ်နဲ့ ဖမ်းတာကလည်း အန္တရာယ် တော်တော် များတယ်။ ပတ်ဝန်းကျင်ကလည်း ပျက်စီးတာပဲ။ အဲဒါ ဆိုတော့ အတတ်နိုင်ဆုံးပေါ့၊ အနည်းဆုံး ထုတ် အောင် ထုတ်လုပ်ရေး အင်ဂျင်နီယာတွေက သိကြပါတယ်။ ထုတ်လုပ်တဲ့ နည်းတွေ ရှိတယ်။ ဒါပေမယ့် တခုတော့ ရှိတယ် ပိုတော့ စားရိတ်ကုန်တယ်။ အဲတော့ စားရိတ်ကုန်မှာကို မမြင်ပဲနဲ့ ရေရှည် ပတ်ဝန်းကျင် မပျက်စီးအောင် ထုတ်ပေးဖို့ လိုတာပေါ့။
ဥပမာ လက်ပံတောင်းလို နေရာမျိုးမှာ စာချုပ်စာတမ်း အရတော့ ပတ်ဝန်းကျင် မပျက် စီးအောင် အက်ဆစ်နဲ့ ဖျန်းပြီးတော့ ထုတ်လုပ်တဲ့ အခါမှာ သေသေချာချာ၊ ရေလမ်း ကြောင်းတို့၊ နောက်အက်ဆစ်ကို ပြန်ဖြေတာ neutralize လုပ်တာတို့ သေသေချာချာ လုပ်မယ် ဆိုတာ ပါတယ်။ ဆိုတော့ အဲဒီအတိုင်း လုပ်ပေးဖို့တော့ လိုတာပေါ့လေ။ ဆိုတော့ စစ်ဆေးဖို့ကလည်း လိုတာပေါ့။ သတ္တုတွင်း ဥပဒေကတော့ အခု ပြင်နေတယ်။ လိုက်နာ အကောင်ထည် ဖေါ်ဖို့ပဲ။
နောက်ကျတော့ လုပ်ငန်းရှင်တွေက သုံးသင့်တာကိုတော့ သုံးပေးဖို့ပဲ။ နောက် ငွေ ကလည်း ချန်ချန် ထားရတယ်။ မိုင်း ပြီးလို့ ရှိရင် ပြန်လည် ပြုပြင်ပေးရတယ်။ သူက ထုံးစံက စာချုပ်မှာကို ပါတယ်။ အမြတ်ငွေရဲ့ ဘယ်လောက် ဘယ်လောက်ကို ချန် ထား ရမယ်၊ တနှစ်တနှစ်။”
အခု ဖားကန့်လို နေရာမျိုးမှာ တော်တော်များများ ပျက်စီးနေတာ အတွက်ရော ဘယ်လို လုပ်သင့်ပါသလဲ ဆရာ
“အဓိက ပျက်စီးတာတွေကတော့ ရေလမ်းကြောင်း ပိတ်တယ်။ လူလုပ်တဲ့ တောင်တွေ ဖြစ်နေပြီးတော့ မြေပြိုတောင်ပြိုတာတွေ၊ ရွာတွေ လူတွေ အန္တရာယ် သိပ်များတဲ့အတွက် ပြုပြင်ပေးရမှာပဲလေ။ မြေပြိုလွယ်တဲ့ ဟာမျိုးတွကို ဖြန့်ထုတ်ပေးရမယ်။ အဲဒါမျိုး စသဖြင့်ပေါ့။ သူက ငွေကုန် ကြေးကျတော့ များမှာပေါ့။ နဂိုထဲက ပါတော့ပါမယ်။ ဘယ်လို ပြန်လုပ်ပေးရမယ် ဆိုတာ။ အခုထိကတော့ လုပ်ပေးပုံ မရသေးဘူး။ ကုမ္ပဏီတွေက ဆက်လည်း မပေးဘူး။ ထွက်ကုန်ပြီ။ သဘာဝ ပတ်ဝန်းကျင်ကလည်း ပျက်ပြီး ကျန်ခဲ့တယ်။ တောင်အလိုက် တောင်အလိုက်တွေ ပျောက်ပျောက်သွားတယ်။ နောက် မြေစာပုံ ကြီးတွေပဲ ကျန်တယ်။ နောက် ချောင်းတွေက အကုန်ပိတ်ဆို့ ပြီးတော့ ကောကုန်ပြီးတော့မှ ရေလျှံ ကုန်ပြီ။ ”
ဘူမိဗေဒ ပညာရှင် ဒေါက်တာ ဦးသိန်းပါ။