သုံးရလွယ်ကူစေသည့် Link များ

နာဆာမှာ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ အလုပ်လုပ်နေတယ်ဆိုတာကို သိရဖို့ နာဆာက ဘာတွေ လုပ်နေတယ်ဆိုကို အရင်ဆုံး သိဖို့ လိုပါတယ်လို့ Ohio ပြည်နယ်က Glenn သုတေသန ဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။

အမေရိကန် အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ နာဆာက စကြဝဋ္ဌာ ဘယ်ကစတယ်၊ ဘယ်လောက်ကျယ်ဝန်းတယ်၊ ဂြိုဟ်နက္ခတ် တာရာ တွေမှာ လူသားတွေ ရှိမရှိ၊ စကြဝဋ္ဌာထဲမှာ သက်ရှိတွေ ရှိမရှိ၊ လူသားတွေလို အသိဥာဏ်ရှိတဲ့ သတ္တဝါတွေ ရှိမရှိ စူးစမ်းလေ့လာဖို့ အဓိကထားပါတယ်။
တချိန်ထဲမှာပဲ လူသားတွေကို အကျိုးပြုဖို့ သိပ္ပံနဲ့ နည်းပညာနဲ့ ပါတ်သက်တဲ့ တီထွင်မှုတွေကို လုပ်နေတဲ့ အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။

ဒီအဖွဲ့မှာ သိပ္ပံဆိုင်ရာ ဘာသာရပ်မျိုးစုံ တတ်ကျွမ်းသူတွေ အလုပ်လုပ်နေကြတာပါ။ ရူပဗေဒ၊ ဓါတုဗေဒ၊ ဇီဝဗေဒ၊ ဘူမိဗေဒလို သိပ္ပံဘာသာရပ် ဆိုင်ရာ တွေမှာ တတ်ကျွမ်းနားလည်သူ တွေအပြင် ဆရာဝန်တို့ အင်ဂျင်နီယာတို့လို ပညာရှင်မျိုးစုံလည်း တာဝန်ထမ်းဆောင်နေကြပါတယ်။
နာဆာကနေ လွှတ်တင်တဲ့ အာကာသယာဉ်တွေမှာ လိုက်ပါနိုင်ဖို့ လွန်းပျံအာကာသ ယာဉ်ကို မောင်းနှင်မယ့် အင်ဂျင်နီယာတွေ လေယာဉ်မှူးတွေအပြင် သိပ္ပံပညာရပ်တခုခုမှာ ထူးချွန်တဲ့ ဘယ်ပညာရှင်ဆို တာဝန်ထမ်းဆောင်နိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စု တလွှားမှာ နာဆာရဲ့ ဌာနကြီး ၉ခုရှိပြီး၊ ပိုမိုတတ်ကျွမ်းနားလည်မှုနဲ့ လုပ်ငန်းကျွမ်းကျင်မှုပေါ် မူတည်ပြီး သုတေသနလုပ်ငန်း ၄ မျိုးခွဲထားပါတယ်။ လေကြောင်းသိပ္ပံ၊ သိပ္ပံနည်းပညာရပ်၊ အာကာသသိပ္ပံပညာနဲ့ အာကာသ စူးစမ်းလေ့လာရေး သုတေသနတွေ ဖြစ်ပါတယ်။

လေကြောင်းသိပ္ပံမှာ လေယာဉ်ပျံ ဒီဇိုင်း အသစ်ဆောက်လုပ်တာအပြင် ဓါတ်ဆီအကုန် သက်သာပြီး မိုင်သောင်းနဲ့ချီ ပျံသန်း နိုင်တဲ့ လေယာဉ်မျိုး တီထွင်နိုင်ဖို့ကျိုးစားနေသလို သိပ္ပံနဲ့ နည်းပညာသုတေသနတွေထဲမှာတော့ ကမ္ဘာ အပြင် ဂြိုဟ်တွေနဲ့တကွ နေစကြာဝဋ္ဌာထဲမှာ တွေ့ရတဲ့ ဘူမိ၊ ဇီဝ၊ ရေမြေ ရာသီဥတု တွေကိုလေ့လာနေတာပါ။ နာဆာက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာတိုးတက် အောင်လည်း သုတေသနတွေ လုပ်နေသလို သီးနှံအထွက်တိုးဖို့ အချိန်တိုတိုအတွင်း ပေါက်ရောက်နိုင်တဲ့ အပင်မျိုးတွေကိုပါ စမ်းသပ်နေပါတယ်။ ဒီလိုလေ့လာနေတာနဲ့ တချိန်ထဲမှာပဲ အီလက်ထရောနစ်ပစ္စည်းတွေ၊ ကွန်ပြူတာ software တွေကိုပါ အချိန်နဲ့ အမျှ တီထွင်နေကြတာမို့ လောလောဆယ်မှာ ကမ္ဘာ့လူသားတွေ လက်တွေ့ အသုံးပြုနေနိုင်တာဖြစ်ပါတယ်။

အာကာသသိပ္ပံလေ့လာရေးမှာတော့ အာကာသထဲလွှတ်တင်မယ့် ဒုံးပျံတွေ ဂြိုဟ်တုတွေ အပြင် အာကာသယာဉ်မှူးတွေအတွက် ဝတ်စုံတွေ စမ်းသပ်တီထွင်တာမျိုးလည်း လုပ်ဆောင်နေတာပါ။ ဒါ့အပြင် လူတိုင်းစိတ်ဝင်စားကြတဲ့ ဂြိုဟ်သားတွေရှိမရှိ သက်ရှိတွေ တခြားဂြိုဟ်တွေမှာ ရှိမရှိကို လေ့လာနေတာဖြစ်ပါတယ်။
XS
SM
MD
LG