အစိုးရ အပြောင်းအလဲမှာ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနကို ပယ်ဖျက်လိုက်ပါတယ်။ ဒါဟာ ပြန်ပြည့်မြဲစွမ်းအင် အတွက် ဦးစားပေး လုပ်ဆောင်တဲ့ ဌာန မရှိတော့ပဲ ဖြစ် သွားတာမို့ သူ့အခန်းကဏ္ဍ မှေးမှိန်သွားတာလို့ ဦးအောင်မြင့်က ပြောပါတယ်။
အရင်တုန်းက သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ဆိုတာ ရှိပြီး သူ့အောက်မှာ Research and Innovation Department သုတေသနနဲ့ တီထွင် ဆန်းသစ်မှု ဦးစီးဌာန က ပြန်ပြည့်မြဲစွမ်းအင်အတွက် အဓိက ထားတဲ့ ဌာနပါ။ အခု အစိုးရ အပြောင်းအလဲမှာ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနကို ဖျောက် လိုက်ပြီးတော့ ပညာရေး ဝန်ကြီး ဌာန ထဲမှာ ထည့်လိုက်ပါတယ်။ ဒါ့ကြောင့် ပြန်ပြည့်မြဲစွမ်းအင် အတွက် အဓိကထား လုပ်ပေးမယ့် ဌာန ပျောက်သွားတာပါ။ ပညာရေးဌာန အနေနဲ့ ဆိုရင် ဒါကို သုတေသန ပညာရပ် အနေထားလောက်ပဲ လုပ်ဆောင်တာမို့ ဒါကို ဆက်လက် ဆောင်ရွက်နိုင်မှု အခြေနေဟာ သိပ်ကို အားနဲသွားတာ ဖြစ် ပါတယ်။
ပြန်ပြည့်မြဲစွမ်းအင်အတွက် နိုင်ငံတော်က အစီစဉ်ချထားတာ ရှိပါတယ်။ ကမ္ဘာ့ဘဏ် က ဆွဲထားတဲ့ မြန်မာ National Electrification Plan (NEP) နဲ့ JICA ကဆွဲထားတဲ့ မြန်မာ Energy Master Plan တွေ ရှိပြီး ဒါတွေဟာ အပြောင်းအလဲကြောင့် မကိုက်တော့ပဲ ဖြစ်သွားတာပါ။ ဒါ့ကြောင့် ပြန်ပြည့်မြဲ စွမ်းအင်ကို တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ဗျူဟာမြောက် ဆောင်ရွက်ဖို့ မဖြစ်တော့တဲ့ အနေထား ရောက်နေတာဖြစ် ပြီး ဒီ ၂၀၁၆ မှာ မှေးမှိန်နေ တာ ဖြစ် ပါတယ်။
မြန်မာနိုင်ငံမှာ ပြန်ပြည့်မြဲ စွမ်းအင်နဲ့ ပါတ်သက်ပြီး လက်ရှိအခြေအနေနဲ့ ၂၀၁၆ ခုနှစ် တခုလုံးမှာ ဘာများ ထူးထူးခြားခြား လုပ်ဆောင်နိုင်ခဲ့ပါ သလဲ။
အရင်တုန်းက သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနက တိုင်းပြည်ရဲ့ အဓိကျတဲ့ ဌာန တခု ဖြစ်ပါတယ်။ ဒီဌာနကို ပညာရေးဝန်ကြီး ဌာန အောက် ထည့်သွင်း လိုက်တဲ့အခါ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ နိုင်ငံတော်ရဲ့ (NEP) ကို ကိုင် တွယ် ဆောင်ရွက်နေတဲ့ သုတေသနနဲ့ တီထွင် ဆန်းသစ်မှု ဦးစီးဌာန မရှိပဲ ဖြစ်သွားတာပါ။
ဒီအခါမှာ ၂၀၁၆ အနေနဲ့ ပြောမယ် ဆိုရင် ပြန်ပြည့်မြဲစွမ်းအင်ကို နိုင်ငံတော်က ဗျူဟာမြောက် ဆောင်ရွက်တဲ့ ဦးစီးဌာနရဲ့ ကဏ္ဍ မရှိပဲနဲ့ ဒါနဲ့ ပါတ်သက်ပြီး တိုက်ရိုက်လုပ်ဆောင်တဲ့ ဌာနကတော့ နောက်ပေါ်လာတဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန ဖြစ်ပါတယ်။ ဒီဌာနက နိုင်ငံတော်ရဲ့ လျှပ်စစ်စွမ်းအင် ဆိုင်ရာ အမျိုးသားရေး အစီအစဉ် National Electrification Plan (NEP) ထဲမှာ off grid လို့ခေါ်တဲ့ မဟာဓါတ်အားလိုင်း ပြင်ပ နေရာတွေအတွက် မီးပေးဖို့ တာဝန်ယူထား ပါတယ်။ ဒါပေမယ့် ဗျူဟာမြောက် လုပ်ဆောင်တာ မဟုတ်တဲ့ အတွက် ပြည့်မြဲ စွမ်းအင် အတွက် သိပ်အလုပ်မဖြစ်ပါဘူး။
solar home system လို့ခေါ်တဲ့ နေ စွမ်းအင် နဲ့ အိမ်တွေ မီးပေးတဲ့ စံနစ်အတွက် ကမ္ဘာ့ဘဏ်ကနေလည်း ဒေါ်လာ သန်း ၉၀ ချထားပေးပါတယ်။ ကမ္ဘာ့ဘဏ်က လုပ်နေတာဟာ project function ဖြစ်ပြီး ပြန်ပြည့်မြဲစွမ်းအင်ကို အကောင် ထည်ဖေါ် ဖို့ထက် အစိုးရစီမံကိန်း လုပ်ငန်း အလုပ်ဖြစ်အောင် လုပ်နေတာပါ။ ဆိုလာနဲ့ မီးပေးရေးစံနစ်တွေ ပေါ်လာဖို့အတွက် ဗျူဟာမြောက် အားပေးတဲ့ အနေထား ကို ၂၀၁၆ မှာ မတွေ့ရ ဘူးလို့ ဦးအောင်မြင့်ကပြောပါတယ်။
အားပေးမှုက အတော်နဲသလို ဒီ National Electrification Master Plan ထဲမှာ ထည့်သွင်းထားတဲ့ ၂၀၃၀ ကျရင် တနိုင်ငံလုံး တရာ ရာခိုင်နှုန်း မီးလင်းရေး အစီအစဉ်ထဲမှာ ပြန်ပြည့်မြဲစွမ်းအင် အတွက် ၉% ပဲ လျာထားတာမို့ ၂၀၂၀ မှာ ၂၃% ဖြစ်အောင်လုပ်မယ့် အာဆီယံ ရည်မှန်းချက်မှာတောင် မြန်မာက မထည့် ထားပဲ ဖြစ်နေတာပါ။
မြန်မာနိုင်ငံအတွက် ပြန်ပြည့်မြဲစွမ်းအင်တွေထဲက နေစွမ်းအင်၊ ရေစွမ်းအင်၊ လေစွမ်းအင်နဲ့ ဇီဝလောင်စာ စွမ်းအင်တွေ ရှိတဲ့ထဲက ဘယ်စွမ်းအင်ကို အားအထားရ ဆုံး ဖြစ်မယ် လို့ ထင်ပါသလဲ။
လက်တွေ့ အခြေနေကို ကြည့်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံ ရဲ့ ပြန်ပြည့်မြဲ စွမ်းအင်တွေထဲမှာ နေစွမ်းအင်၊ ရေစွမ်းအင်နဲ့ ဇီဝစွမ်းအင် တွေ အတော် ကြီးကြီးမားမား ရှိနေပါတယ်။ ရေရှည်အတွက် ဆိုရင် လေစွမ်းအင် ရှိသလို မြေတွင်း အပူစွမ်းအင် geothermal လည်း ရှိနေပါတယ်။ နေစွမ်းအင်၊ ဇီဝစွမ်းအင်နဲ့ အသေးစား ရေအားလျှပ်စစ် စွမ်းအင်တွေကလည်း အတော်ကို အားကောင်းတာမို့ ဘယ်စွမ်းအင်ကို အားအထားရဆုံးလဲ ဆိုတာ ပြောလို့ မရပါဘူး။
တနိုင်ငံလုံးမှာ ဒီစွမ်းအင်တွေက သူ့နေရာနဲ့ သူ အဆင်ပြေတဲ့ နေရာ ရှိပါ တယ်။ နောက် ပြန်ပြည့်မြဲစွမ်းအင် စံနစ်မှာ တချို့က တွဲပြီး သုံးလို့ ရပါတယ်။ hybrid system ပါ။ renewable energy ပြန်ပြည့်မြဲစွမ်းအင်လို့ ပြောလိုက်ရင် နည်းပညာပါသလို စံနစ်လည်း ပါပါတယ်။ ဒီနည်းပညာနဲ့ စံနစ်က ကမ္ဘာမှာ အရမ်း ကောင်းနေတာမို့ energy efficiency စွမ်းအင်ထိရောက်မှုတို့ စွမ်းအင် သိုလှောင်မှုတို့လို စံနစ်တွေနဲ့ ပေါင်း လုပ်မယ်ဆိုရင် မြန်မာနိုင်ငံ အတွက် ရေ အား၊ နေအား၊ လေအား၊ ဇီဝလျှပ်စစ်အားတွေ အကုန်လုံးက potential ရှိပြီး အလားအလာ ကောင်းသလို လက်တွေ့ကျကျလည်း လုပ်နိုင်ပါတယ်။
လက်ရှိမှာ အဓိကဆောင်ရွက်ပေးတဲ့ သိပ္ပံနဲ့နည်းပညာဌာနကို ဖျက်လိုက်တာ မို့ မြန်မာနိုင်ငံမှာ ဒီပြန်ပြည့်မြဲစွမ်းအင်နဲ့ လက်တွေ့မှာ တကယ်အသုံးချနိုင်အောင် ဘယ်လို လုပ်နိုင်ပါသလဲ။
တကယ်လုပ်သင့်တာက ပြည်သူတွေ ပါဝင်တဲ့ အခန်းကဏ္ဍကို ထည့်သွင်းပေး ဖို့ ဖြစ်ပါတယ်။ လက်ရှိမှာ ပြန်ပြည့်မြဲစွမ်းအင်နဲ့ ပါတ်သက်ပြီး ပြည်သူက သူ့နည်းသူ့ဟန်နဲ့ လုပ်ကိုင်နေတာ အများကြီး ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက ရေအားတို့ ဇီဝလောင်စာ စွမ်းအားတို့လို့ စွမ်းအင်တွေ သုံးနေတာ အများကြီး ရှိနေသလို နေအားဖြစ်တဲ့ ဆိုလာစွမ်းအင် ကိုလည်း သုံးနေကြတာပါ။
ဒါပေမယ့် ပုဂ္ဂလိက ကဏ္ဍက individual power procedure လို့ခေါ်တဲ့ ပုဂ္ဂလိက မီးထွန်းပေးတဲ့ လူတွေ၊ ပြည်ပရင်းနှီးတဲ့ ဒါမှမဟုတ် ပြည်ပနဲ့ တွဲပြီးလုပ်တဲ့ လုပ်ငန်းတွေ၊ ဒေသတွင်းလုပ်ငန်းတွေကို အားပေးတဲ့ မူဝါဒ မရှိသေးသလို ဥပဒေ၊ နည်းဥပဒေတွေလည်း မရှိသေးပါဘူး။ အဲဒါတွေ လိုအပ်နေတယ် ဆိုတာကို ပြည် တွင်းဆွေးနွေးပွဲတွေ အများအပြား လုပ်ပြီး သိလာရသလို ဒါကပဲ အဓိက လိုအပ်ချက်ပါ။
ပြန်ပြည့်မြဲစွမ်းအင်ကို နိုင်ငံတော်က အားပေးတဲ့ လုပ်ထုံးလုပ်နည်းတွေ မရှိတာ၊ ချမပေးတာ၊ ရှင်းရှင်းလင်းလင်း မရှိတာတွေကြောင့် အဆင်မပြေ ဖြစ်နေပါတယ်။ တကယ်လို့သာ နိုင်ငံတော်က ပြန်ပြည့်မြဲစွမ်းအင်အတွက် မူဝါဒကို ရှင်းရှင်း လင်းလင်း ချပေးပြီး အားပေးလိုက်မယ် ဆိုရင် အဓိက အကောင်ထည် ဖေါ်သူက ပုဂ္ဂလိက ဖြစ်လာမှာပါ။
အစိုးရက မူဝါဒ အရ အားပေးမယ်၊ နိုင်ငံတကာ အဖွဲ့ အစည်းတွေက နည်းပညာနဲ့ ပူးတွဲ လုပ်ပေးမယ်၊ ဖွံ့ဖြိုးရေးဆိုင်ရာ ပရောဂျက်တွေ နဲ့ တွဲဖက်လုပ်ဆောင်ဖို့ လိုပါတယ်။ အလကားပေးတဲ့ ပရောဂျက်တွေ ဟာ မြန်မာနိုင်ငံအတွက် သိပ်အသုံး မဝင်ပါဘူး။ ပြည်သူကို အခြေခံကျကျ အားပေး တဲ့ ပုံစံတွေက ကောင်း ပါတယ်။ အဲဒီလို ပံ့ပိုးပေးတဲ့ ပုံစံတွေနဲ့ သာလုပ် မယ် ဆိုရင် ပြန်ပြည့်မြဲစွမ်းအင်ဟာ အရှိန် အဟုန်နဲ့ တိုးတက်လာ မှာ ဖြစ်ပြီး တိုင်းပြည်အတွက် လိုအပ်တဲ့ စွမ်းအင်ကိုရော၊ ဆင်းရဲသားတွေ အတွက် ချက်ချင်း အဆင်ပြေစေဖို့ရော၊ အဆင်သင့်ဖြစ်တဲ့ နည်း ပညာ တခုပါလို့ ဦးအောင်မြင့် က ပြောပါတယ်။