အမေရိကန်ပြည်ထောင်စုမှာ အမျိုးသားသုတေသန ဓါတ်ခွဲခန်းပေါင်း ၅၀ ကျော်ရှိပြီး တချို့ဓါတ်ခွဲခန်းအကြီးစားတွေမှာ သုတေသနပညာရှင်ပေါင်း ၂ သောင်းကျော်လောက် အလုပ်လုပ်နေကြတာပါ။
ဒေါက်တာစောဝေလှ တာဝန်ထမ်းဆောင်နေတဲ့ Argonn သိပ္ပံဓါတ်ခွဲခန်းမှာတော့ ပညာရှင်ပေါင်း ၃၅၀၀ ကျော်ရှိပြီး စွမ်းအင်ဝန်ကြီးဌာန လက်အောက်က အလတ်စား အမျိုးသားသုတေသန ဓါတ်ခွဲခန်းတခုဖြစ်ပါတယ်။ သုတေသနဌာနတွေကို စွမ်းအင်ဝန်ကြီးဌာန လက်အောက်အပြင် ကာကွယ်ရေးဝန်ကြီးဌာနတို့ ကျန်းမာရေးဌာနတို့လို ဌာနကြီးတွေ လက်အောက်မှာလည်း သီးခြားခွဲထားလေ့ရှိပါတယ်။
ဝါရှင်တန်ဒီစီနားက NIST လို့ခေါ်တဲ့ National Institute of Standard and Technology လို စီးပွါးရေးဝန်ကြီးဌာန လက်အောက်က အမျိုးသား သုတေသနဌာနလို ဓါတ်ခွဲခန်းတွေလည်း ရှိပါတယ်။ ဒီလိုဌာနမျိုးကတော့ အတိုင်းအတာ scale တွေအတွက် အတိကျဆုံးဖြစ်အောင် nano technology လိုနည်းပညာတွေကို အဓိကသုံးပြီး သုတေသန လုပ်နေကြတာဖြစ်ပါတယ်။ ဥပမာ အလေးချိန်ချိန်တွယ်ရာမှာ နဲနဲလျော့သွားမယ် ဆိုရင် ကုန်သွယ်ရေးမှာ တန်ပေါင်း ထောင်ပေါင်းသိန်းပေါင်းများစွာ တင်ပို့ရောင်းချရာမှာ အရှုံးပေါ်နိုင်တာမို့ အခုလို တိကျမှုအတွက် လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။
ဒီလိုဌာနအလိုက် သုတေသနလုပ်ငန်းတွေ အပြင် တက္ကသိုလ်တွေမှာလည်း သုတေသန လုပ်နေတာတွေ အများအပြားရှိပါတယ်။ ဘွဲ့လွန်ကျောင်းသားတွေကို အခကြေးငွေပေးခေါ်ယူပြီး ပါမောက္ခတွေနဲ့ တွဲပြီး သုတေသန လုပ်စေတာဖြစ်ပါတယ်။
အခုလို သုတေသနကို ဦးစားပေးတဲ့ နိုင်ငံတွေဟာ တိုးတက်မှု မှာ ထိပ်ကိုရောက်နေတဲ့ နိုင်ငံတွေ ဖြစ်ပြီး တနိုင်ငံမှာ အစိုးရက ဦးစီးပြီး သုတေသန လုပ်ဆောင်ဖို့ဆော်သြ ကြေငြာလိုက်တာနဲ့ တခြားနိုင်ငံတွေကပါ နောက်ကျမနေဖို့ သူ့ထက်ငါလုပြီး အလားတူ သုတေသနတွေ လုပ်ဖို့ ပြင်ကြတာပါ။ သုတေသနအတွက် အစိုးရတွေက ငွေချပေးတာမို့ တခြားနိုင်ငံထဲကို ကိုယ့်နိုင်ငံက ပညာရှင်တွေထဲက သုတေသနလုပ်ဖို့ သွားတတ်ကြတာမို့ ကိုယ့်နိုင်ငံထဲက ဦးနှောက်တွေ သူများနိုင်ငံတွေဆီ ယိုစီးတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အပြိုင် လမ်းဖွင့်ပေးတတ်ကြတာပါ။