သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသထဲက အမှိုက်ပြဿနာ (အပိုင်း ၂)


အာကာသ အမှိုက် (ဖားကန့်)
အာကာသ အမှိုက် (ဖားကန့်)
အာကာသထဲက အမှိုက်ပြဿနာ (အပိုင်း ၂)
please wait

No media source currently available

0:00 0:07:15 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ်တော့ အာကာသအမှိုက်တွေ ကမ္ဘာမြေပေါ်ကို မထင်မှတ်ပဲကျလာရင် ဘယ်သူ့မှာ တာဝန်ရှိတယ်၊ နိုင်ငံတကာမှာ ဘယ်လိုမူတွေ ချပြီး ဖြေရှင်းကြတယ် ဆိုတာတွေကို ပြောပြပေးမှာပါ။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့် ဒေသက ကျောက်စိမ်းလုပ်ကွက်တခုမှာ ၂၀၁၆ နိုဝင်ဘာလတုန်းက အရှည် ၁၅ ပေရှိတဲ့ ဆလင်ဒါပုံ သတ္တုအပိုင်းအစ အကြီးတခုနဲ့ သူနဲ့ သိပ်မဝေးတဲ့နေရာမှာတော့ တရုတ်စာတွေပါတဲ့ အပိုင်းစအငယ် တခုကျရောက်ခဲ့ပါတယ်။ ဒီအပိုင်းအစတွေဟာ အရှိန်ပြင်းပြင်းနဲ့ ရောက်လာပြီး သူတို့ကျလာသံက ပေါက်ကွဲသံနဲ့ တူတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကြီးတဲ့ အပိုင်းအစက ပေ ၁၅၀ လောက်ခုန်ထွက်သွားပြီးမှ ရေစပ်ရွံ့တွေထဲ ကျသွားတာဖြစ်ပြီး သူ့ကြောင့် ထိခိုက်မှု တစုံတရာ မရှိပေမယ့် သေးတဲ့ အပိုင်းကတော့ အနားက အိမ်တလုံးရဲ့ ခေါင်မိုးကိုထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။ အပိုင်းစအကြီးဟာ ထိပ်ပိုင်းမှာ ဝါယာကြိုးတွေ ပါပြီး အင်ဂျင်နဲ့ တူတယ်လို့ မျက်မြင်တချို့က ပြောကြပြီး၊ အစိုးရထုတ် သတင်းစာ မှာတော့ satellite ဂြိုဟ်တု၊ ဒါမှမဟုတ် လေယာဉ်ဒါမှမဟုတ် ဒုံးကျည်ရဲ့ အစိတ်ပိုင်းတခုဖြစ်မယ်လို့ ယူဆရကြောင်းပဲ ဖေါ်ပြထားပြီး အသေးစိတ်ကို မပြောပါဘူး။

Southampton တက္ကသိုလ်က အာကာသစွန့်ပစ်ပစ္စည်း ဆိုင်ရာ သုတေသနပညာရှင် Clemens Rumpf ကတော့ မြန်မာ့မြေပေါ်ကို ဒီအပိုင်းအစမကျခင် တရက်က အဲဒီနေရာရဲ့ မြောက်ဖက် မိုင်တထောင်လောက် ဝေးတဲ့ နေရာက တရုတ်အာကာသ စူးစမ်းရေးဆိုင်ရာ satellite ဂြိုဟ်တုတွေ လွှတ်တင်တဲ့ Jiuquan ကျူကွမ် စခန်းကနေ ပစ်လွှတ်ခဲ့တဲ့ Long March II ရော့ကက်ရဲ့ အစိတ်အပိုင်းဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ပါတယ်။

တချို့ သိပ္ပံပညာရှင်တွေကတော့ ကချင်ပြည်နယ်နဲ့ မိုင် ၄၀၀ ကျော်လောက်မှာ ရှိတဲ့ Sichuan ပြည်နယ် Xichang မြို့က ဂြိုဟ်တုတွေ လွှတ်တင်ရာကနေ ကျလာတာ ဖြစ်နိုင်တယ်လို့ တွက်ကြပါတယ်။ တရုတ်ဘက်ကတော့ အတည်ပြုချက်မထုတ်ပြန်ပါဘူး။

နာဆာ အာကာသစူးစမ်းရေးဌာနက သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်ကတော့ ရော့ကက် ကမ္ဘာပတ်လမ်းထဲ ရောက်ဖို့ အားယူတဲ့ ပထမအဆင့်နဲ့ ဒုတိယ အဆင့် အစိတ်အပိုင်းတွေ ထဲက ဖြစ်နိုင်ကြောင်းနဲ့ ဒီအပိုင်းတွေဟာ ရော့ကက်ပစ်လွှတ်တဲ့ နေရာနဲ့ သိပ်မဝေးတဲ့ နေရာတွေ တဝိုက်မှာ ကျရောက်လေ့ရှိ သလို ပျက်စီးမှုတွေ ရှိတတ်တယ်လို့ ပြောပါတယ်။

ဒေါက်တာ ပဒေသာတင်။ ။ “အာကာသ စွန့်ပစ်ပစ္စည်းတွေက အာကာသထဲမှာ မနေပဲနဲ့ ကမ္ဘာပေါ်ပြန်ကျလာတဲ့ အခါကျတော့ တချို့က မီးလောင်ပြီးပျက်ကျသလို တချို့က မီးမလောင်ပဲ တစိတ်တပိုင်းတွေ ပျက်ကျတတ်ပါတယ်။ အဲဒီအခါ ပျက်ကျလာတဲ့ ထုထည်ပမာဏက ကြီးပြီး အရှိန်က တနာရီကို မိုင် တသောင်းခွဲ ၂ သောင်း လောက်နဲ့ ကမ္ဘာ့လေထုထဲကနေ အရှိန်နဲ့ ဆင်းလာတဲ့အခါ လူနေရပ်ကွက်တွေ မြို့တွေ ရွာတွေအပေါ် ကျတဲ့အခါ အပျက်အစီးတွေ များပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်ကနေပြီးတော့ လွှတ်တင်လိုက်တဲ့ ဒုံးပျံလွှတ်စခန်းတွေ ရှိပါတယ်။ ဒုံးပျံစခန်းတွေ အမြောက်အများရှိတဲ့ထဲက လွှတ်တင်လိုက်တဲ့ နေရာရဲ့ ပတ်ဝန်းကျင်မှာ ဒုံးပျံရဲ့ ပထမအဆင့်တို့၊ ဒုတိယ အဆင့်တို့က ကမ္ဘာလေထုထဲကို အရှိန်နဲ့ ပြန်ကျလာတယ်။ ပြန်ကျလာတဲ့ အခါကျရင် အိမ်တွေ ပျက်စီးမယ်၊ လူအသေအပျောက်ရှိမယ်။ ”

ဒီလိုအာကာသ အမှိုက်တွေ မြေပြင်ပေါ် ပြန်ကျရာမှာ ထိခိုက်မှုတွေရှိနိုင်တဲ့အတွက် အာကာသဝန်းကျင်နဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေကြား စည်းကမ်းတွေ သတ်မှတ်ပြီး သဘောတူညီချက်ချထားတာပါ။

ဒေါက်တာ ပဒေသာတင်။ ။ “၁၉၇၈ ခုနှစ်မှာ outer space treaty ဆိုတဲ့ ကမ္ဘာ့နိုင်ငံများပါဝင်တဲ့ အာကာသဝန်းကျင် ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပါတယ်။ အခုအချိန်မှာ နိုင်ငံပေါင်းတရာကျော်ပါပြီး အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန်၊ ဥရောပနိုင်ငံတွေ၊ ဂျပန်၊ တရုတ်နိုင်ငံလည်း ပါပါတယ်။ မြန်မာနိုင်ငံ ပါဝင်မှု ရှိမရှိမသိရပေမယ့် ပါသင့်တယ်လို့ ထင်ပါတယ်။”

“ပါဝင်တဲ့ နိုင်ငံတွေဟာ အာကာသ စူးစမ်းလေ့လာရေး၊ သိပ္ပံသုတေသနအချက်အလက်တွေ၊ အာကာသဝန်းကျင်ကို အသုံးပြုပြီးတော့ မိုးလေဝဿ၊ ရာသီဥတု၊ ဘူမိ၊ ရူပ၊ ဓါတုဗေဒတွေ၊ နောက် ဆက်သွယ်ရေး ကရိယာ ဂြိုဟ်တုကစပြီးတော့ ပြုလုပ်ပိုင်ခွင့် ရှိပါတယ်။ အဖွဲ့ဝင် နိုင်ငံ အချင်းချင်းလည်း နည်းပညာ ဖလှယ်ဖို့ သဘောတူခဲ့တဲ့အပြင် ဒီအပြည်ပြည်ဆိုင်ရာ အာကာသ ဝန်းးကျင်ကို ဥပဒေနဲ့ အညီ အသုံးပြုပြီး၊ ဥပဒေနဲ့ စည်းကမ်းတွေကိုလည်း လိုက်နာဖို့အတွက် သဘောတူ လက်မှတ်ရေးထိုး ထားကြပါတယ်။”

အခုလို နည်းပညာဖလှယ်တာတွေ သုတေသန လုပ်တာတွေအပြင် အာကာသထဲက စွန့်ပစ်ပစ္စည်းတွေ ကျလာလို့ ထိခိုက်ခဲ့ရင် ဘယ်သူ့ဆီမှာ တာဝန်ရှိတယ် ဘယ်လို အရေးယူ ဆောင်ရွက်မယ် ဆိုတာကိုပါ ပြဌာန်းထားတာပါ။

ဒေါက်တာ ပဒေသာတင်။ ။ “မိမိနိုင်ငံအတွက် အာကာသဝန်းကျင်ကို အခြေခံပြီး သုတေသန၊ ပညာရေး၊ စီးပွါးရေး၊ ဆက်သွယ်ရေး တိုးတက်မှု လုပ်တဲ့အခါမှာ အပြည်ပြည်ဆိုင်ရာ ထိခိုက်နစ်နာ ဆုံးရှုံးမှုလည်း ကာကွယ် ထိမ်းသိမ်းဖို့ တာဝန်ရှိတယ် ဆိုပြီးတော့ outer space treaty ပဋိဉာဉ် စာတမ်းထဲမှာ ပါဝင်ပါတယ်။ အဲဒီတော့ နိုင်ငံတနိုင်ငံရဲ့ အစိုးရ ပိုင်တဲ့ ဂြိုဟ်တုပဲ ဖြစ်ဖြစ်၊ ဒုံးယာဉ်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အဲဒီနိုင်ငံမှာ ရှိတဲ့ ပုဂ္ဂလိက ပိုင်တဲ့ ဒုံးပျံပဲဖြစ်ဖြစ်၊ ဂြိုဟ်တုပဲ ဖြစ်ဖြစ် တင်လိုက်လို့ ရှိရင် တင်လိုက်တဲ့ ပစ္စည်းကြောင့် ပျက်စီးသွားခဲ့ရင် မိမိတိုင်းပြည်မှာပဲ ဖြစ်ဖြစ်၊ သူတပါး တိုင်းပြည်မှာပဲ ဖြစ်ဖြစ် လွှတ်တင်လိုက်တဲ့ တိုင်းပြည်ကနေပြီးတော့မှ တာဝန်ယူပြီးတော့ အကုန် ပြန်လျှော်ပေး ရပါတယ်။”

“ဥပမာ ကျွန်တော်တို့ မြန်မာပြည်မှာ ဒုံးပျံလွှတ်တင် စခန်း မရှိသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာပြည်ကနေ ဆက်သွယ်ရေးဂြိုဟ်တု၊ နည်းပညာ သုတေသန ဂြိုဟ်တုတွေ လွှတ်တင်မယ် ဆိုလို့ ရှိရင် အမေရိကန်နိုင်ငံကပဲ ဖြစ်ဖြစ်၊ ဂျပန်ကပဲ ဖြစ်ဖြစ် သွားပြီး လွှတ်တင်တဲ့ အခါ ကိုယ်ပိုင်တဲ့ ဂြိုဟ်တု ဖြစ်တဲ့အတွက် အာကာသ ရောက်သွားချိန်ပဲဖြစ်ဖြစ် ဂြိုဟ်တု ပျက်စီးသွားရင် လွှတ်တင်တဲ့ ဂြိုဟ်တု ပိုင်ဆိုင်တဲ့ နိုင်ငံကနေ အကုန်လျှော်ပေးရပါတယ်။”

“ နောက်တခုက လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုက မြန်မာပြည်က ဂြိုဟ်တု တခု ဆိုပါတော့၊ နောက်ဂြိုဟ်တု တခုက တခြားနိုင်ငံက၊ အဲဒီဂြိုဟ်တု ၂ ခု အာကာသထဲမှာ တကယ်လို့ တစုံတခုသော အကြောင်းကြောင့် တိုက်မိခဲ့ရင် ကမ္ဘာလေထုထဲ ပျက်စီးပဲ ပြန်ကျလာတဲ့ အခါမှာ မီးလောင်ပြီး ကျသွားရင်တော့ အရေးမကြီးဘူး။ အပျက်အစီး အစိတ်အပိုင်း ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ကျမယ်ဆိုရင် ပိုင်တဲ့ နိုင်ငံ ၂ ခုကနေ ညီတူမျှတူ ခွဲဝေပြီး လျှော်ကြေးပေးရပါတယ်။”

အာကာသစွန့်ပစ်ပစ္စည်းတွေ ကျရောက်တဲ့အတွက် ပျက်စီးမှုမရှိရင် အရေးမယူပေမယ့် ပျက်စီးမှုရှိခဲ့ရင် တော့ လျှော်ကြေးပေးရပါတယ်။

၂၀၁၈ ထဲမှာတော့ တရုတ်အာကာသစခန်းကြီး ကမ္ဘာမြေပေါ် ပြန်ကျမယ်ဆိုတဲ့ ကြေညာချက်ကြောင့် လူတွေ အတော်အထိတ်တလန့်ဖြစ်ခဲ့ရတာပါ။

ဒေါက်တာ ပဒေသာတင်။ ။ “Tiangong 1 ဆိုတဲ့ စမ်းသပ်ဆဲ အာကာသစခန်းကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က တရုတ်ပြည်က ပစ်တင်ခဲ့ပါတယ်။ အခု ၂၀၁၈ ခုနှစ် ဧပြီလ တရက်နေ့မှာ အဲဒီစခန်းကြီး ကမ္ဘာပေါ်ကို ပျက်ကျတော့မယ် လို့ ပြောတဲ့ အခါကျတော့။ ဒီအာကာသ စခန်းက ၈ တန်ခွဲ ၉ တန်လောက် လေးပြီး၊ တနာရီကို မိုင် တသောင်းခွဲ၊ ၂ သောင်းလောက် အရှိန်နဲ့ ဘယ်မှာ ကျမလဲ ဆိုတာကို မသိပါဘူး။ လူတွေနေတဲ့ မြို့ရွာပေါ် ကျမလားဆိုပြီး အထိတ်တလန့် ဖြစ်ခဲ့ပါတယ်။”

“ကံကောင်းချင်တော့ ဒီဟာ ကမ္ဘာလေထုထဲ ရောက်တဲ့ အခါမှာ အစိတ်စိတ် အမွှာမွှာ လေထုနဲ့ တိုက်ပြီး မီးလောင်ပျက်စီးသွားပြီးတော့ တချို့တစိတ်တပိုင်းလောက်ပဲ ပစိဖိတ် တောင်သမုဒ္ဒရာ ထဲကို ကျခဲ့ပါတယ်။ ဒါကြောင့် လူအသေအပျောက် မရှိခဲ့ပါဘူး။”

ဒီလို အဖြစ်မျိုးတွေဟာ အချိန်မရွေးကြုံရနိုင်တာမို့ ၂၀၁၆ ထဲ အာကာသအမှိုက် ကျတာနဲ့ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံအနေနဲ နိုင်ငံတကာ အာကာသဝန်းကျင်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုး ထားသင့်တယ်လို့ ဒေါက်တာပဒေသာတင်က အကြံပေးခဲ့ကြောင်း တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG