သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝဘေး ကာကွယ်ရေးမှာ အသုံးဝင်တဲ့ ဗက်တီဗာမြက်


သန်လျင်အပိုင် ဖားကူးကျေးရွာမှာ မြစ်ကမ်း အတိုက်စားခံနေရပုံ (ဓါတ်ပုံ ဦးရဲမြင့်စိုး)
သန်လျင်အပိုင် ဖားကူးကျေးရွာမှာ မြစ်ကမ်း အတိုက်စားခံနေရပုံ (ဓါတ်ပုံ ဦးရဲမြင့်စိုး)

သစ်တောပြုန်းတီးမှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ရေကြီးရေလျှံမှုတွေလို ဆိုးကျိုးတွေ၊ ဆည်တွေမှာနုံးကျပြီး သုံးလို့မရ ဖြစ်ကုန်တာတွေကို ဗက်တီဗာ (Vetiver) မြေထိမ်းမြက်ကို သုံးပြီး ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ အကြောင်း မြို့ပြအင်ဂျင်နီယာ ဦးရဲမြင့်စိုးက ပြောပြပေးမှာပါ။

တိုက်ရိုက် လင့်ခ်

ဟိုအရင်တချိန်တုန်းက မြန်မာပြည်မှာ ရေကြီးတယ် ဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် အခု အထက်မြန်မာပြည်မှာ မိုးရွာ လိုက်တာနဲ့ အောက်မြန်မာပြည် မြို့တွေ အကုန်လုံး လိုလိုမှာ ရေဘေးကာကွယ်ရေးတွေ နှစ်စဉ်လိုလို လုပ်လာရတာမျိုးကို သတိထားမိကြမှာပါ။ ဘာ့ကြောင့် ဒါမျိုး ဖြစ်လာရတာပါလဲ။

မြန်မာပြည်မှာ ဟိုအရင်က သစ်တောတွေက အကာကွယ်ပေး ဖုံးလွှမ်းထား တာ ဖြစ်ပြီး အခုအချိန်မှာ သစ်တောတွေကို အဆမတန် ခုတ်လှဲပြီး ၇ မိနစ်တိုင်း မှာ ကားကြီး တစီးစာလောက် ထုတ်နေတယ်လို့ သတင်းတွေ မှာ ဖေါ်ပြကြ ပါတယ်။ ဒီလို အလွန်အကျွံ ထုတ်လုပ်မှုကနေ မိုးရေတွေကို ထိမ်းမ ထားနိုင်တော့ တဲ့ အပြင် ဒီမိုးရေတွေဟာ မြေအောက်ရေထဲ မရောက်နိုင်ပဲ၊ သဲနုံးတွေကိုပါ သယ်ဆောင်ပြီး မြစ်တွေ အချောင်းတွေထဲ တန်းပြီး စီးဝင်တဲ့ အနေထား ဖြစ်ကုန် ပါတယ်။ ဒီအ ခါမှာ သဲနှုန်းတွေရဲ့ အနည်ထိုင် မှုကြောင့် မြစ်ကြမ်းပြင်တွေ မြင့် တက်လာပြီး မိုးရွာလိုက်တာနဲ့ ရေကြီး ရေလျှံတာတွေ ဖြစ်လာတာပါ။

သစ်ထုတ်လုပ်မှုကြောင့် ကြုံရတဲ့ ဆိုးကျိုးတွေထဲက ထင်ရှားတဲ့ ဥပမာ နောက် တခုကတော့ ကလေးမြို့မှာ ရှိတဲ့ ရာဇဂြိုဟ် ဆည် ဖြစ်ပါတယ်။ ဆည်ရဲ့ အထက်ပိုင်း ရေဝေရေလဲ ဒေသတွေမှာ သစ်ပင်တွေ အလွန်အကျွံ ခုတ်မှုကြောင့် သဲနုံးတွေ ဆည်ထဲကို ထိုးဆင်းလာတာ ဖြစ်ပါတယ်။ ဆည်ဆောက် ပြီး ပြီးချင်း နှစ်မှာပဲ သဲနုံးတွေနဲ့ ပြည့်ပြီး ဆည်ဟာ သုံးမရပဲ ဖြစ် သွားတာပါ။ ဆည်တဆည်ရဲ့ သက်တမ်းဟာ အနဲဆုံး နှစ်ပေါင်း ၅၀ လောက် ရှိရမှာ ဖြစ်ပေ မယ့် တနှစ်ထဲနဲ့ တင် ပိတ်သွားတာမို့ ဆည်ကို အသုံးမချနိုင်ပဲ ဖြစ်သွားပါတယ်။

ဒီဆည်ကို မဆောက်ခင်က ပါတ်ဝန်းကျင်မှာ လေ့လာစစ်ဆေးမှုတွေ မလုပ်ခဲ့ တာကြောင့် အခုလို ဖြစ်ခဲ့တာပါလား။

ဆည်မဆောက်ခင်က သစ်တောတွေ ရှိပါတယ်။ ဆည်ဆောက်နေချိန်မှာ သစ်တောက သစ်ခုတ်မှုတွေ အတွက် ဆည်မြောင်းက တားခွင့်မရှိ တာကြောင့်ပါ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ သဘာဝ ဝန်းကျင်ထိမ်းသိမ်းမှု ကောင်းကောင်း မလုပ်ခဲ့တဲ့ အကျိုးဆက်ကြောင့် ကလေးမြို့ အထက်ပိုင်းမှာတင် သစ်တော အတော်ပြုန်း သွားတာတွေ့ရပါတယ်။ ဆည်တည်ဆောက် နေ တဲ့ နှစ်ပိုင်း အတွင်းမှာပဲ သစ်တွေ အဆက်မပြတ်ခုတ်နေတာရဲ့ အကျိုးဆက်လည်း ဖြစ်တာမို့ ဒါဟာ သိပ်ကို သိသာ ထင်ရှားတဲ့ ဖြစ်ရပ်တခုပါ။

ဒီဆည်ရဲ့ အထက်ပိုင်းမှာ အရင်လို သစ်တောတွေ ပြန်ပြီး ပြည့်လာအောင် သစ်ပင်တွေ ပြန်ပြီး စိုက်ပျိုးမယ်ဆိုရင် နှစ်ပေါင်း ၂၀ လောက် အနဲဆုံး ကြာမြင့်နိုင် ပါတယ်။ ဒါ့ကြောင့် အခုလို ဖြစ်စဉ်မျိုးကို နှစ်ပိုင်းအတွင်း ပြန်လည် ထိမ်းသိမ်းဖို့ နည်းလမ်းကောင်း တခုအနေနဲ့ တွေ့ထားတာကတော့ ဗက်တီဗာ မြေထိမ်းမြက် ရှည် စိုက်ပျိုးဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဗက်တီဗာ မြက်ကို စိုက်ပျိုးမယ် ဆိုရင် တနှစ် ၂ နှစ် အတွင်းမှာပဲ သူ့အမြစ်က မြေအောက်ကို ၁၅ ပေလောက် အထိ ဆင်းသွားနိုင် တာမို့ အချိန်တိုတို အတွင်းမှာပဲ အကာကွယ်တွေ ပေးနိုင် မှာ ဖြစ်ပါတယ်။

အခုလို အသုံးဝင်တဲ့ ဗက်တီဗာ မြက်ဆိုတာ ဘယ်လို မြက်မျိုးလည်း ဆိုတာ ကြည့် ရအောင်ပါ။

ဗက်တီဗာမြက်ဟာ မြေထိမ်းမြက်ရှည် ဖြစ်ပါတယ်။ သူ့မူရင်းက အိန္ဒိယ နိုင်ငံ ကဖြစ်ပြီး အိန္ဒိယမျိုးရင်း မြက်တမျိုးပါ။ ဗက်တီဗာ ဆိုတာ တမီလ်စကားပါ။ အိန္ဒိယနိုင်ငံမှာ Khus ကော့စ် ကော့စ် လို့ခေါ်ကြပါတယ်။

မြက်ရဲ့ အနေအထားက မြေပြင်အထက် ၅ ပေလောက်အထိ အပေါ်ကို ထိုးတက် ရှည်လျားနိုင်ပြီး ထူးခြားချက်က သူ့ရဲ့ အမြစ်ပါ။ ထူးထူးခြားခြား အောက် တည့်တည့်ကို ရှည်ထွက်ပြီး တနှစ်ခွဲ ၂ နှစ်လောက် အတွင်း မြေအောက်ကို ၁၅ ပေလောက်အထိ ထိုးဆင်း သွားနိုင်ပါတယ်။ အပင်က တောင့်တင်းပြီး အရွက်က ဖြောင့်တန်းပါတယ်။ အစိမ်းရောင် အရွက်တွေဟာ များသောအားဖြင့် အကျယ် ၈ မီလီမီတာ (ဝ.၃ လက်မ) နဲ့ အရှည်က တပေခွဲကနေ ၅ ပေအထိ ရှိနိုင်ပါတယ်။ မြက်ဖုတ်မျိုး ဖြစ်ပြီး အချင်း တပေခန့် ရှိတတ်ပါတယ်။ အမြစ်ဆုံဟာ မြေအောက်မှာရှိပြီး ပူပြင်းခြောက်သွေ့မှုနဲ့ ရေရရှိမှု နဲပါးပြီး မိုးခေါင် တဲ့ ဒဏ်ကိုရော၊ မိုးများပြီး ရေလွှမ်းတဲ့ ဒဏ် ၂ မျိုးစလုံးကို ခံနိုင်ရည် ရှိပါ တယ်။ နှင်းကိုက်တာ၊ တိရိစ္ဆာန်အစားခံရတာနဲ့ ပိုးမွှား ကိုက်တဲ့ ဒဏ်တွေ၊ မီးလောင်မှု ဒဏ်တွေကိုလည်း ကောင်းကောင်း ခံနိုင်ရည် ရှိပါတယ်။ တကယ်လို့ ဒီ ကပ်ဘေးတွေ ခံခဲ့ရရင်တောင်မှာ ကပ်ဘေးတွေ ပြီးဆုံးသွားရင် သဘာဝ အလျှောက် ပြန်ပြီး ရှင်သန်နိုင်စွမ်း ရှိပါတယ်။

ဒီမြက်မျိုးဟာ ပျမ်းမျှ အပူချိန် ၁၈ ဒီဂရီကနေ ၂၅ ဒီဂရီစင်တီဂရိတ်အတွင်း ရှင်သန်နိုင်ပါတယ်။ မိုးရွာသွန်းချိန် အနဲဆုံး ၃ လလောက် လိုအပ်ပါတယ်။ မိုးနဲတဲ့ ဒေသတွေမှာ ရေလောင်းပြီး စိုက်ပျိုးနိုင်ပါတယ်။ မိုးခေါင်တဲ့ ဒဏ် ရေဝပ်တဲ့ ဒဏ်တွေကို ခံနိုင်ရည် ရှိပြီး ဘယ်မြေအမျိုးစားမျိုးမှာမဆို စိုက်ပျိုးနိုင်ပါတယ်။ သဲဆန်တဲ့ မြေကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ သတ္တုဓါတ်၊ အက်ဆစ်ဓါတ်နဲ့ အယ်လ်ကာလီဓါတ်တွေ ဆားဓါတ်ပါတဲ့ မြေမျိုးမှာ လည်း ပေါက်ရောက်နိုင် ပါတယ်။

ကလေးဘက်က ရာဇဂြိုဟ် ဆည်မှာ ဆည်ရဲ့ အနေထားတွေ ပျက်ပြားနေတာ အတွက် မြေထိမ်းမြက်ရှည် ဗက်တီဗာနဲ့ ဘယ်လို ကာကွယ်နိုင်ပါသလဲ။

သူ့ရဲ့ ရေဝေရေလဲ ဒေသတွေမှာ ဗက်တီဗာ မြက်ကို အတန်းလိုက် ချ စိုက်ပျိုး မယ် ဆိုရင် ဆည်ထဲ ဝင်မယ့် နှုန်းတွေကို တားထားနိုင်ပါတယ်။ ဆည်ထဲ ဝင်တဲ့ နုံးကျ တဲ့နှုံး နဲမယ်ဆိုရင် ဆည်သက်တမ်းဟာ ပိုပြီး ရှည်လာ မှာ ဖြစ် ပါတယ်။

မြန်မာနိုင်ငံမှာ ဆည်တင်မကပဲ အင်းလေးလို ကန်တွေနဲ့ တခြားမြစ်ချောင်းဒေ သတွေ အတော် များများမှာ အခုလို ပြဿနာတွေ ရှိနေတာပါ။

အဓိကကတော့ မြစ်ကမ်း တိုက်စား ပြုန်းတီးနိုင်တဲ့ နေရာတွေ အတွက် ဒီမြက်မျိုးကို စိုက်ပျိုးပေးပြီး တိုက်စားတဲ့ ဒဏ် ကာကွယ် နိုင် ပါ တယ်။ နောက် မြေအောက်ရေ ထိမ်းသိမ်းဖို့ အတွက်လည်း သုံးနိုင်ပါတယ်။ သစ်ခုတ်ပြီးတဲ့ နေရာတွေ၊ သတ္တုတွင်း မိုင်းဒေသတွေက စွန့်ပစ်ပစ္စည်းတွေ ထားတဲ့ နေရာတွေ၊ တောင်စောင်းကမ်းပါးတွေ အတိုက်စား မခံရအောင် ဖြစ်စေ၊ ကားလမ်း ရထားလမ်းနံဘေး၊ ကုန်းဇောင်း ကမ်းပါး ပြိုမ ကျအောင်ဖြစ်စေ၊ မြစ်ချောင်း မြောင်းတွေရဲ့ ရေ လမ်းကြောင်းတွေ ထိမ်းသိမ်းရာမှာဖြစ်စေ သုံးနိုင်ပါတယ်။

ဒီဲမြက်မျိုးရဲ့ ထူးခြားချက်က ဘာပါလဲ။ သူ့ရဲ့ အသုံးဝင်ပုံကို ကြည့်ရအောင်ပါ။

သူ့ရဲ့ အဓိကတန်ဖိုးက အစေ့ကနေ မျိုးမပွါးနိုင်တဲ့အတွက် အထိမ်းသိမ်းရ ခက်ခဲတဲ့ ပြန့်ပွါးမှုမျိုး ဖြစ်မလာနိုင်တာပါ။ နောက်ထူးခြားတာ တခုက သူ့ရဲ့ အမြစ်က ရေဆိုးရေညစ်တွေကို သန့်စင်ပေးနိုင်တဲ့ သတ္တိ ရှိတဲ့အတွက် စက်ရုံအလုပ်ရုံတွေက စွန့်ပစ်ရေတွေကို ပြန်လည်သန့်စင်ရာမှာ သုံးနိုင်တာ ဖြစ် ပါတယ်။ မြက်အနုကိုတော့ မွေးမြူရေး တိရိစ္ဆာန်စာ အဖြစ် သုံးနိုင်သလို စိုက်ခင်းတွေ စိုက်ပျိုးပင်တွေ အရည်အသွေး မြှင့် တင်ပေးရာ မှာ လည်း သုံးနိုင်ပါ တယ်။ ဗက်တီဗာ မြက်ရဲ့ အမြစ်ကနေ အမွှေးဆီ ထုတ်ယူနိုင် တာမို့ ဟေတီ လို နိုင်ငံမျိုးမှာ ဗက်တီဗာ မြက်ကနေအမွှေးဆီ အကြီးအကျယ် စိုက်ပျိုးထုတ်လုပ် ကြပါတယ်။ ဒါ့အပြင် ဒီမြက်ကနေ အိမ်သုံးပစ္စည်းတွေလည်း ထုတ်လုပ်ကြ ပါတယ်။

XS
SM
MD
LG