သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ အသေးဆုံးစက်အတွက် ဓါတုနိုဘယ်လ်ဆု


Les membres de l'Académie des sciences présentent les trois prix Nobel de Chimie 2016 lors d'une conférence de presse, à Stockholm, Suède, le 5 octobre 2016.
Les membres de l'Académie des sciences présentent les trois prix Nobel de Chimie 2016 lors d'une conférence de presse, à Stockholm, Suède, le 5 octobre 2016.

ဓါတုဗေဒ ပညာရပ်ကို တခေတ်ဆန်းစေတဲ့ ကမ္ဘာ့အသေးငယ်ဆုံး စက်လို့ခေါ်ရမယ့် မော်လီကျူး စက်ကလေးတွေ တီထွင်သူ ၃ ဦးကို ၂၀၁၆ ခုနှစ်အတွက် ဓါတုဗေဒ နိုဘယ်လ်ဆု ချီးမြှင့်လိုက်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စု Argonne အမျိုးသား သုတေသနဌာနက နာနိုသိပ္ပံနဲ့ နည်းပညာရှင် ဒေါက်တာစောဝေလှက ပြောပြပေးမှာပါ။

၂၀၁၆ ခုနှစ် ဓါတုဗေဒ နိုဘယ်လ်ဆု ကို molecular machine လို့ခေါ်တဲ့ မော် လီကျူးနဲ့ လုပ်ထားတဲ့ စက်အငယ်စားလေးတွေ တီထွင်သူ ၃ ဦးကို ပေးအပ်ခဲ့ တာပါ။ ဒီစက်ကလေးတွေဟာ စင်္ကြာဝဌာတခွင်လုံးမှာ အငယ်ဆုံးစက် ကလေးတွေ ဖြစ် ပါတယ်။ ဓါတုဗေဒ ပညာရှင် ၃ ဦးထဲမှာ ပါမောက္ခ Fraser Stoddart က North Western တက္ကသိုလ် ချီကာဂိုက ဖြစ်ပါတယ်။ ပါမောက္ခ Jean-Pierre Sauvage က ပြင်သစ်နိုင်ငံ Strasbourg တက္ကသိုလ်က ဖြစ်သလို ပါမောက္ခ Benard Feringa ကတော့ Netherlands နိုင်ငံ Groningen တက္ကသိုလ် က ဖြစ်ပါတယ်။

ကမ္ဘာ့အသေးငယ်ဆုံး စက်တွေကို မော်လီကျူးနဲ့ လုပ်ရင် ရမယ် ဆိုတဲ့ အတွေး အခေါ်သစ်ကို တင်ပြခဲ့ကြတာမို့ သူတို့ကို ဓါတုဗေဒ နိုဘယ်လ် ဆုချီးမြှင့် တာ ဖြစ်ပါတယ်။

စက်တခုကို ဘယ်လောက်အထိ ငယ်အောင် လုပ်နိုင်မလဲဆိုတာ ကြည့်ရအောင်ပါ။

စက်လို့ ပြောရင် စက်တခုအတွက် ဘာပါမလဲလို့ စဉ်းစားရပါတယ်။ စက်မှာ လည်ပါတ်နေတဲ့ ဒိုင်နမိုလို အရာ ပါမှာ ဖြစ်သလို ဂီယာလို ရွှေ့ပြောင်းနိုင်တာတွေ ပါနိုင်ပါတယ်။ နောက် ပင်နယံလို အရာတွေပါပြီး ပေါင်းစပ်ထားမှာပါ။ ဒါတွေ အားလုံးပါတဲ့ စက်ကို ငယ်သထက်ငယ်တဲ့ အရွယ်ဖြစ်အောင် တည်ဆောက်နိုင် ပါတယ်။ ဥပမာ နာရီလို စက်ကိုကြည့်မယ်ဆိုရင် အထဲမှာ ပင်နယံ သေးသေးလေးတွေ ပါပြီး တိုင် ကပ်နာရီလို အရွယ်ကြီးကြီးကနေ လက်ပါတ်နာရီအရွယ်လောက် ငယ်အောင် တည်ဆောက်နိုင်ပါတယ်။ ဒီလို ငယ်သထက်ငယ်အောင် လုပ်သွားတာကို top down approach ကြီးရာက သေး သွားအောင်လုပ်တာ ဖြစ်ပါတယ်။

နောက်တမျိုး လုပ်နိုင်တာက ကြီးရာကနေ သေးသွားအောင် လုပ်မယ့် အစား အက်တမ်လို အရွယ်အစား သေးသေးကနေ သူ့ကို စက်တွေ တည်ဆောက် တာမျိုး ဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ လက်ရှိ ရှိတဲ့ စက်တွေနဲ့ ယှဉ်ရင် အဆပေါင်းကုဌေနဲ့ ချီပြီး ငယ်သွားမှာ ဖြစ်ပါတယ်။ ဒီလောက် ငယ်တာကို တည်ဆောက်မယ် ဆိုရင် မော်လီကျူးတွေနဲ့ တည်ဆောက်လို့ ဖြစ်နိုင်တယ် ဆိုတာကို ပထမဦးဆုံး ပြသခဲ့တာကြောင့် သူတို့ကို နိုဘယ်လ်ဆု ပေးတာပါ။ ဒါဟာ revolutionary idea ဆန်းသစ်တဲ့ တွေးခေါ် အတွေးအခေါ် အသစ်ဖြစ် ပါတယ်။ သူတို့ဟာ ၁၉၈၀- ၉၀ ဝန်းကျင်မှာ ဒီစက်တွေကို စပြီး လုပ်ပြခဲ့ကြ တာကြောင့် ဆုရသွားတာ ဖြစ်ပါတယ်။

ဒီသိပ္ပံပညာရှင်တွေက ဘယ်လို စက်ကလေးတွေကို တီထွင်ခဲ့ကြတာ ပါလဲ။

ပါမောက္ခ Stoddart နဲ့ ပြင်သစ်က Jean-Pierre Sauvage တို့က မော်လီကျူး ကလေးတွေကို ကွင်းကလေးတွေလို ဆက်ပြီး လုပ်ပြ ခဲ့တာဖြစ်ပါတယ်။ ပါမောက္ခ Stoddart က မော်လီကျူးကို ပင်နယံလို ဟိုဘက်ဒီဘက် ပြောင်းပြန် သွားနိုင် တဲ့ မော်လီကျူး စက်ကို ထွင်ခဲ့တာပါ။ Netherlands က ပါမောက္ခ Feringa ကတော့ ရှေ့ကိုသွားတဲ့ မော်လီကျူး ကားကို တီထွင်တာ ဖြစ်ပါတယ်။ အလင်းရောင်ဖြစ်စေ၊ လျှပ်စစ်ဓါတ်ပေးလိုက်မယ် ဆိုရင် ဒီကားက သူ့အလိုလို သွားမှာ ဖြစ်ပြီး ကားရဲ့ အရွယ်အစားက လက်ရှိ ကားတွေထက် ကုဋေပေါင်း များစွာ ငယ်ပါတယ်။

ဒီဓါတုဗေဒ ပညာရှင် ၃ ဦးရဲ့ တီထွင်တဲ့ ရည်ရွယ်ချက်တွေက မော်လီကျူးကို သုံးတဲ့ စက်တွေဖြစ်နေပြီး တူညီနေတာမို့ သူတို့၃ ဦးကို တွဲပြီး ၂၀၁၆ ခုနှစ်အတွက် ဓါတုဗေဒ နိုဘယ်လ်ဆု ပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် စက်အမျိုးအစား ချင်းတော့ မတူကြပါဘူး။

ပါမောက္ခ Stoddart နဲ့ Sauvage တို့ တီထွင်တဲ့ စက်ကတော့ ပင်နယံလိုမျိုးတွေ၊ ဓါတ်လှေခါးလို မျိုးတွေ ဖြစ်ပါတယ်။ ပါမောက္ခ Feringa တီထွင်တာ ကတော့ အင်ဂျင်ဖြစ်ပြီး မော်လီကျူးကားလို အရှေ့ကို သွားဖို့ပါ။ ဒါမှမဟုတ် မော်တာလို လည်မယ်ဆို တဖက်ထဲကို လည်အောင် လုပ်တဲ့စက်မျိုးပါ။ ၂ ဘက် ဘယ်ညာကို မလည်စေပဲ တဖက်ထဲကိုပဲ လည်စေတာမျိုးပါ။ ဥပမာ ကားသွားမယ် ဆိုရင် ကားဘီးက ရှေ့ကို သွားမယ်ဆိုရင် တဖက်ထဲကိုပဲ လည်စေရမှာ ဖြစ် ပါတယ်။ ရှေ့နောက်လည်နေရင် ကားဟာ အရှေ့မရောက်နိုင်ပဲ ဖြစ်နေမှာပါ။ ဒီလို တဘက်ထဲကို သွားဖို့ အတွက် သူက တီထွင်ခဲ့တာပါ။ သူတို့ ၃ ဦးစလုံးက ဒီစက်တွေကို မော်လီကျူးနဲ့ တီထွင်တာ ဖြစ်ပါတယ်။

ဒေါက်တာစောဝေလှ ကိုယ်တိုင် သုတေသန လုပ်နေတာကတော့ ဒီ နယ်ပယ် ထဲမှာပဲ ဒါကို နားလည်အောင် လုပ်ပြီး တကယ် အလုပ် လုပ်နိုင်တယ် မလုပ်နိုင်ဘူး ဆိုတာကို သိရဖို့ လက်တွေ့ စမ်းသပ်ကြည့်နေတာ ဖြစ်ပါတယ်။

ဒီစက်တွေဟာ ကမ္ဘာပေါ်မှာ အသေးငယ်ဆုံး စက်ကလေးတွေ ဖြစ်ပါတယ်။ ဒီလို အသေးငယ်ဆုံး စက်ကလေးတွေ တီထွင် ဖန်တီးတာဟာ လူသားတွေရဲ့ နေ့စဉ် ဘဝအတွက် ဘာအကျိုးကျေးဇူး ရနိုင်မှာပါလဲ။

သူတို့ ၃ ဦးရဲ့ တွေ့ရှိတီထွင်မှုနဲ့ ပါတ်သက်ပြီး နိုဘယ်လ် ဆုပေးတဲ့ ကော်မတီက ရှင်းပြခဲ့တာကို ကြည့်ရအောင်ပါ။ ၁၈၃၀ ခုနှစ်တွေလောက်တုန်းက လွန်ခဲ့တဲ့ နှစ် ၂၀၀ လောက်က လျှပ်စစ် မော်တာကို စတွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်က ဒါကို ဘယ်မှာ သုံးရမယ် ဆိုတာကို လူသားတွေ သေသေချာချာ မသိကြသေးပါဘူး။ ဒါပေမယ့် အခုအချိန်မှာ တော့ မော်တာ လို့ ပြောလိုက်ရင် နေရာ တကာတိုင်းမှာ သုံးတာမို့ အားလုံး သိကြပါတယ်။ ကားမှာ ဖြစ်စေ၊ ကွန်ပြူတာ မှာ ဖြစ်စေ၊ နေရာ တိုင်းမှာ တွေ့နိုင်ပါတယ်။ ဒီလိုပါပဲ အခုသူတို့ရဲ့ မော်လီကျူး စက်တွေကို သုံးဖို့ အလားအလာက အများကြီး ရှိနေတာပါ။

ဥပမာ ဆေးပညာမှာ ကြည့်ရင် ဒီလို သေးငယ်တဲ့ စက်ကလေးတွေကို လူ့ခန္ဓာ ကိုယ်ထဲ ထည့်သွင်းပြီး ကုသတာမျိုး လုပ်နိုင်ပါ တယ်။ နောက် သွေးကြော ပိတ် ဆို့နေတာမျိုး ကို ရှင်းတဲ့ နေရာမျိုးမှာလည်း သုံးနိုင်ပါတယ်။

တခြားသိပ္ပံပညာရပ် အတော်များများမှာလည်း ဥပမာ ဆက်သွယ်ရေးကရိယာတွေမှာဆို လက်ကိုင်ဖုံးလိုပစ္စည်းတွေမှာ လျှပ်စစ်ပစ္စည်းတွေနဲ့ ဆက်သွယ် ပြီး အမျိးမျိုး သုံးလို့ ရနေပြီဖြစ်ပါတယ်။

ဒေါက်တာ စောဝေလှရဲ့ စမ်းသပ်မှု တခုမှာတော့ မော်လီကျူးကားလေးတွေကို တီထွင်ပြီး တခြားသိပ္ပံပညာရှင်တွေနဲ့ ယှဉ်ပြိုင်ဖို့ လုပ်နေတာ ဖြစ်ပါတယ်။ ဘာကြောင့် အခုလို ဒါကို လုပ်တာလဲဆိုတော့ ကမ္ဘာမှာရှိတဲ့လူထုကို နားလည်လာစေအောင် လုပ်တာ ဖြစ်ပါတယ်။ ဒီလို မော်လီကျူး ကားလေးတွေ ဟာ တကယ်က နောက်ပိုင်းမှာ ကားအနေနဲ့သုံးဖို့ မဟုတ်ပါဘူး။ ဒီဟာလေးတွေ က ရွှေ့ပြောင်းနိုင်တဲ့ မော်လီကျူး level ဖြစ်တဲ့ ရွှေ့ပြောင်းနိုင် တဲ့စက်လေးတွေ အနေနဲ့ အသုံးချပြီးတော့ နည်းပညာအသစ်တွေကို တီထွင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီပြိုင်ပွဲကို လုပ်တာ ဖြစ်ပါတယ်။

နိုဘယ်လ်ဆုကို ဒီစက်လေးတွေအတွက် ပေးလိုက်တာကြောင့် ဒီစက်တွေနဲ့ပတ် သက်တဲ့ စက်အငယ်လေးတွေနဲ့ပတ်သက်တဲ့ သိပ္ပံပညာရပ်က သိပ္ပံပညာမှာ ရှေ့ ကို အများကြီး တိုးတက်လာဖို့ ရှိတယ်လို့ ဒေါက်တာ စောဝေလှက ပြောပါတယ်။

XS
SM
MD
LG