မြန်မာနိုင်ငံရဲ့ ပထမနဲ့ ဒုတိယအကြီးဆုံး မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးကို ကူးဖို့ ဖေါက်လုပ် ထားတဲ့ မိုင် ၃၆၀ ကျော် အမြန်လမ်းမကြီးှ ကြောင့် အရင်က ရထားနဲ့ ၁၃ နာရီ ကားနဲ့၁၆ နာရီ သွားရတဲ့ ခရီးကို အခု ၇ နာရီလောက်နဲ့ ရောက်နိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီလမ်းမကြီးဖေါက်ဖို့ ဒီဇိုင်းနဲ့ လမ်းဆောက်လုပ်ရေးအပြင် အန္တရာယ်ကင်းဖို့အတွက် နိုင်ငံတကာသတ်မှတ်စံတွေပါ မပြည့်မှီတဲ့အတွက် စဖွင့်ချိန်ကတည်းက မတော်တဆ ဖြစ်မှုများခဲ့သလို အသက်ဆုံးပါးမှုတွေ များတယ်လို့ နံမယ်ကြီးခဲ့ရပါတယ်။ ဒီလမ်းမကြီးမှာ ကြုံရတဲ့ အန္တရာယ်အနေထားကို သိရအောင် ဒီလမ်းကို အမြဲသုံးပြီး သွားလာနေသူ၊ ကိုယ်တိုင်လည်း လမ်းဖေါက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်ဘူးသူတဦး ဖြစ်တဲ့ ကိုနေလင်းဖြိုးကို မေးမြန်းပြီး တင်ပြပေးပါရစေ။
၁၉၅၄ ခုနှစ် ဦးနုအစိုးရရဲ့ ပြည်တော်သာစီမံကိန်းထဲမှာ ဒီ မြို့ကြီး ၂ မြို့ကို ဆက်သွယ်တဲ့ လမ်းမကြီးဖေါက်ဖို့စီစဉ်ခဲ့တာဖြစ်ပြီး အမေရိကန်က အင်ဂျင်နီယာပိုင်း ဆိုင်ရာ ကနဦး တိုင်းထွာမှုတွေ လုပ်ပေးဖို့ ၁၉၅၉ ခုနှစ်မှာ ကမ်းလှမ်းခဲ့တာပါ။ ၁၉၆၀မှာ တိုင်းတာမှုတွေ ပြီးတော့ ဆောက်မယ်ဆို ကုန်ကျစားရိတ်က များနေလို့ မြန်မာအစိုးရကတွန့်နေတဲ့အတွက် အမေရိကန်ကပဲ ဈေးပိုသက်သာမယ့် လမ်းရအောင် ထပ်ပြီးတိုင်းတာပေးခဲ့ပါတယ်။ ၆၂ ခုနှစ် စစ်အာဏာ သိမ်းမှုနဲ့ အတူ ကျန့်ကြာခဲ့တဲ့ ဒီလမ်းအတွက် တင်သွင်းတဲ့ အဆိုသစ်ကို ၆၃ မှာ စစ်အစိုးရက ရန်ကုန်ကနေ ပဲခူးအထိ ခွင့်ပြုခဲ့တာဖြစ်ပေမယ့် နောက်ပိုင်း အမေရိကန်နဲ့ ဆက်ဆံရေး ပျက်ပြားမှုနဲ့အတူ လမ်းလည်း မဖေါက်ဖြစ်ခဲ့ပါဘူး။
ရန်ကုန် မန္တလေးလမ်းဟောင်းနဲ့ ပခိုးရိုးမတို့ကြားမှာ ရှိတဲ့ ဒီလမ်းကို စစ်အစိုးရလက်ထက်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၀၅ ခုမှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၉ မှာ နေပြည်တော်အထိနဲ့ ၂၀၁၀ မှာ မန္တလေး အထိပေါက်ခဲ့တာပါ။
ဒီအမြန်လမ်းဖေါက်ပြီးချိန်ကစပြီး အမြဲသွားလာနေသူ ကိုနေလင်းဖြိုးကတော့ အရင်ကလို အချိန်သိပ်မကုန်ပဲ ခရီးပေါက်တာမို့ အဆင်ပြေတယ်လို့ ပြောပါတယ်။
“အခုနောက်ပိုင်းတော့ တော်တော်များများ လမ်းတွေကို ကုမ္ပဏီကြီးတွေကို BOD စံနစ်နဲ့ ပေးပြီးတော့ ဆောက်တာမို့ ကောင်းလာပါတယ် ခင်ဗျ။ အမြန်လမ်းတခုကတော့ မောင်းရတာ သိပ် စိတ်အနှောက်အယှက် မရှိဘူး။ ဘာလို့လဲ ဆိုတော့ တခြား မြို့တွေကို မဖြတ်ရတဲ့အတွက်ပါ။
အမြန်လမ်းဆိုတာက ရန်ကုန်- နေပြည်တော်- မန္တလေး တိုက်ရိုက်သွားလို့ ရတယ်၊ ၃၆၇ မိုင်ဝေးတယ်ခင်ဗျ။ ထောက်ကြံ့ကနေ။ ဟိုအရင် လမ်းတုန်းက မြို့တွေ အတော်များများကို ဖြတ်ရတယ်။ ခရီးသိပ်မတွင်ဘူးပေါ့နော်”
ဒီအမြန်လမ်းရဲ့ အနေထားလေး နဲနဲ ပြောပြပေးပါ။ အမြန်လမ်းမှာ မတော်တဆ ဖြစ်မှုတွေ အများကြီး တွေ့နေရတယ် ဆိုတော့။
“သူ့ရဲ့ အဓိက အားနဲချက်ကတော့ ကွန်ကရစ်လမ်း ဖြစ်နေတာတခု ဖြစ်ပါတယ်ခင်ဗျ။ နောက်ပြီးတော့ တချို့နေရာတွေမှာ လမ်းက သူတို့သတ်မှတ်ထားတဲ့ ကီလိုမီတာ တရာ အများဆုံး မောင်းခွင့် ဆိုတာနဲ့ မောင်းရင် အတွေ့အကြုံ နဲပါးတဲ့ လူအတွက်ကျတော့ ပြဿနာရှိနိုင်တယ်ခင်ဗျ”
ဘယ်လိုပြဿနာမျိုးလဲ ပြောပြပါ။
“အော် တချို့နေရာတွေမှာ ဆိုပါတော့ လမ်းက ရုတ်တရက် ကွေ့သွားတယ် ပေါ့နော်။ ဖြောင့်နေရာကနေပြီးတော့။ တချို့နေရာက လမ်းက တော်တော် ဖြောင့်တယ်။ ဖြောင့်တာမှ ၃- ၄ မိုင် ဆက်တိုက်ကို ဖြောင့်တာ။ အတွေ့အကြုံ နဲတဲ့ လူတွေနဲ့ဆို အိပ်ငိုက်တဲ့ ပြဿနာရှိတယ်။ ရုတ်တရက် အိပ်ငိုက်လာ ပြီးတော့ ကွေ့မှာရောက်တဲ့ အခါ ကျရင် မောင်းလာတဲ့ အရှိန်ကို မထိမ်းနိုင် တဲ့အတွက်ကြောင့် အန္တရာယ် ဖြစ်ကြတယ်လို့ ထင်ပါတယ်”
ဒီလမ်းတွေဖေါက်တဲ့ နေရာမှာ အစိုးရက ဘာမှ အတိအကျ ထုတ်ပြန်တာမျိုး မရှိတော့၊ ဘယ်လို ပုံစံမျိုး တွေနဲ့ ဖေါက်ကြတာတွေ့တယ်၊ အမြန်လမ်းနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်တယ် ကိုင်တယ် ဆိုတာလေးတွေ ပြောပြပေးပါ။
“ရန်ကုန်- နေပြည်တော်ကို အရင်ဆုံး ဖေါက်တယ်ခင်ဗျ။ အဲဒီလို ဖေါက်တဲ့ အချိန်မှာ ဆောက်လုပ်ရေး က ဌာနတွေကို လုပ်ပိုင်ခွင့် ခွဲပြီးတော့ ပေးတယ် ခင်ဗျ။ အစိုးရ အင်ဂျင်နီယာ ဌာနတွေနဲ့ လေယာဉ်ကွင်း အထူး၊ လမ်းအထူးအဖွဲ့ ဘယ်လောက်ဘယ်လောက်ပေါ့။ နောက် တံတားအထူးအဖွဲ့ ဘယ်လောက်ဘယ်လောက် ဆိုပြီးတော့ပေါ့။ တဖွဲ့ကို ဘယ်နှစ်မိုင်၊ ဘယ်နှစ်မိုင် အဲဒီလို ပေးပြီးတော့ ရန်ကုန်- နေပြည်တော်ကို အရင်ဆုံး ဖေါက်ခဲ့တယ် ခင်ဗျ။ အဲဒီလမ်းကြီးကို သုံးခွင့် ပေးပြီးတော့မှ နေုပြည်တော်နဲ့ မန္တလေးကို ဆက်ဖေါက်တယ် ခင်ဗျ။ ဒီရန်ကုန်- နေပြည်တော် ဖေါက်ခဲ့တဲ့ အချိန်က ပုဂ္ဂလိက ကုမ္ပဏီ ပါခဲ့တယ် လို့တော့ မကြားဘူး ခင်ဗျ။ အားလုံးက ဆောက်လုပ်ရေးက အဖွဲ့တွေပဲ ဖေါက်ကြတာ ခင်ဗျ”
အရင်အစိုးရ လက်ထက်မှာ လမ်းတံတား ဖေါက်တာတွေနဲ့ ပတ်သက်ပြီးတော့ အဂတိ လိုက်စားမှုတွေ များတယ်လို့ နံမယ်ကြီးပါတယ်။ ဆိုတော့ ဒီလမ်းမှာ ဘာတွေများ သက်ရောက်မှုတွေ တွေ့ရလဲ။
“တချို့လမ်းပိုင်းလေးတွေက တော်တော် ကောင်းတယ်ခင်ဗျ။ တချို့လမ်းပိုင်း ကြတော့လည်း တော်တော်လေးကို လှိုင်းဖြစ်တာတို့၊ ပျက်စီးတာတို့ တော်တော် တွေ့ရတယ် ခင်ဗျ။ ဆောက်ပြီးခါစ မှာပဲ ပြင်နေတဲ့ အစိတ်အပိုင်းလေးတွေ တွေ့တယ်၊ ကျွန်တော်တို့ သွားရင်းနဲ့။ အင်ဂျင်နီယာ နံမယ်လေးတွေ တပ်ပြီးတော့ SAE ဘယ်သူ ရဲ့ လမ်းပိုင်း၊ ပြင်ဆင်တဲ့အပိုင်း ဘယ်နှစ်ပေ ဘယ်နှစ်ပေ ဆိုပြီးတော့၊ အဲဒါတွေ အားလုံးကို သူတို့ ပြင်ရတယ် ခင်ဗျ။ တချို့တွေမှာ ကွန်ကရစ်သားတွေက မကောင်းဘူး။ မိုးတွင်းကျရင် တော်တော်လေး ပြဿနာ ဖြစ်တယ်ခင်ဗျ။ တော်တော် အပျက်များတယ်။ ရေဝပ်နေတယ် မိုးတွင်းမှာ။ အဲဒီတော့ ကားက ရုတ်တရက် မောင်းလိုက်တဲ့ အခါကျရင် ရေဝိတ်နဲ့ ဘီးကို ဆွဲတယ်ခင်ဗျ”
ဒီအမြန်လမ်းပေါ်မှာ မတော်တဆ ဖြစ်မှု အများဆုံး ဖြစ်တာ ဘယ်နေရာလဲ ပြောပြပေးပါ။
“မိုင်တိုင်နဲ့ ပြောရင်တော့ ၉ ၀ ကျော် ၁၀၀ လောက်မှာ အကွေ့အကောက်တွေ အတော်လေးကို များတယ် ခင်ဗျ။ နောက် ၄၀ နဲ့ ၅၀ ဝန်းကျင်မှာလည်း ဖြစ်တယ်။ နောက် ၁၆၀ ဝန်းကျင်မှာလည်း ဖြစ်တယ် ခင်ဗျ။ အကွေ့အကောက် တွေက အရမ်းကို စိပ်တယ်ပေါ့နော်။ တခုပြီးတခုကို ကွေ့ကွေ့ သွားတယ် ခင်ဗျ။ နောက် လမ်းက ကွေ့တဲ့ နေရာတွေမှာ မြင်ကွင်းကျယ်အောင် လုပ်မပေးထားတဲ့ အခါကျတော့ ရုတ်တရက် မောင်းလာရင်း လမ်းကညဘက် ဆိုရင် ပျောက်သွားသလို ဖြစ်နေတယ်။ ရောင်ပြန်လည်း အားနဲတယ် ခင်ဗျ”
ရောင်ပြန် ဆိုတာ ဘာပါလဲ။
“လမ်း ယာဉ်ကြော ခွဲထားပေးတဲ့ ရောင်ပြန်ခင်ဗျ။ နောက် သူက ဘေးနားမှာ အကာတွေ ကတော့ အခုနောက်ပိုင်း နှစ်တွေမှာ တော့ လိုက်လုပ်ပေး နေပြီခင်ဗျ။ ကွေ့တဲ့ နေရာတွေမှာ သံဘောင်တွေ ခုနောက်ပိုင်းမှာရော နောက် ရောင်ပြန်တွေ လိုက်လုပ်ပေးနေပါပြီ။ အဲတော့ ကားမီးထိုးထားရင် တွေ့ရတာ ပေါ့နော်။ စခါစ တုန်းကတော့ အဲဒီလို ညဘက်ကြီး မောင်းသွားရင် ရောင်ပြန်တွေ ကလည်း အားနဲတော့ ရုတ်တရက်ကြီး ကွေ့လိုက်ရင် အိပ်ငိုက်နေတဲ့ လူအဖို့က သိပ်မသေချာဘူး ခင်ဗျ။ မြင်ရဖို့”
ဒီလမ်းတကျောမှာ ကားသမားတွေ အနေနဲ့ အိပ်ငိုက်တာ အများဆုံး ဘယ်နေရာတွေမှာ ဖြစ်တတ်ပါလဲ။
နေပြည်တော် ရောက်ခါနီး လေးနား ၁၀၉ မိုင်တို့ မှာ ဖြစ်တာ ကြားဘူးတယ် ခင်ဗျ။ နောက် ခုနပြောတဲ့ မိုင်တိုင် ၄ - ၅၀ မှာ ဖြစ်ကြတယ်။ နောက် ၁၆၀ ဝန်းကျင်မှာ ဖြစ်တတ်တယ်။ နောက်ပြီး ၁၉ ၀ မှာလည်း ဖြစ်တတ်တယ် ခင်ဗျ။ ပြီးတော့ ရန်ကုန်က စထွက်ထွက်ပြီး နောက် နားနေတဲ့ နေရာ မိုင်တရာကျော်၊ စခါစတုန်းက ကျွန်တော်တို့ ၁၀၅ မိုင် ရောက်တဲ့ အခါ စားကြတယ်။ ပြီးတော့ ပြန်မောင်းတော့ နာရီဝက်လောက် မောင်းပြီးချိန်မှာ စောစောက ကျွန်တော် ပြောတဲ့ နားတွေ ဖြတ်ရတာပေါ့နော်။ ဖြတ်တဲ့ အခါ လမ်းကလည်း တချက် တချက်ကျရင် ကွေ့သွားတယ် ခင်ဗျ။ အကွေ့အကောက်တွေက အတော် များတော့ ဘိုက်လေးပြီး အိပ်ငိုက် သွားတယ် ထင်ပါတယ်”
ဒီအမြန်လမ်း တကျောမှာ ကားသမားတွေ အနားယူဖို့ အတွက် စခန်း ဘယ်နှစ်ခု လောက်များ ရှိပါသလဲ။
“ရန်ကုန်ဘက်က ပြောရင်တော့ ၃၉ မိုင်မှာတခု၊ နောက် ၁၁၅ မိုင်မှာနဲ့ ၂၈၅ မိုင် မှာ တခု ရှိပါတယ် ခင်ဗျ။ ကျန်တဲ့ ဟာတွေက ခုနောက်ပိုင်းမှာ တိုးလာတာ ကတော့ ၇၆ မိုင်မှာ တခုတိုးလာပါတယ်”
ဘယ်နေရာမျိုးတွေမှာ နားနေစခန်းတွေ ဖွင့်ပေးဖို့ ကောင်းမယ်လို့ ထင်ပါသလဲ။
“အခု ရှိတဲ့ စခန်းတွေရဲ့ ကြားကျတဲ့ နေရာမျိုးတွေမှာ အစိုးရ အနေနဲ့ လုပ်ပေးရင်တော့။ ဥပမာ ရန်ကုန်က ထွက်သွားတယ်။ ၁၀၅ မိုင် ရောက်တဲ့ အထိ မောင်းရမယ် ဆိုတဲ့ စိတ် မရှိတော့ဘူးပေါ့နော်။ ကျွန်တော်တို့ လမ်းခုလပ်မှာ တွေ့တယ်၊ တွေ့တဲ့ အခါ ဝင်နားမယ်။ တကယ်လို့ အိပ်ချင်တဲ့ အခါလည်း၊ စိတ်ချရတဲ့ နေရာ ကျယ်ကျယ် ဝန်းဝန်း မျိုးကြီးမှာ ဝင်ပြီး အိပ်ရတာက နဲနဲ လုံခြုံ တာ ပေါ့နော်။ အခုတော့ အဲဒီ စခန်းကို မရောက်မချင်း လူက ကြိတ်မှိတ်ပြီး မောင်းရတဲ့ အခါ ကျတော့ စခန်းကို မရောက်ခင် မလိုလား အပ်တဲ့ ပြဿနာတွေ တက်ကုန်တာ ပေါ့နော်။
စခန်းတွေ တကယ်လို့စိပ်စိပ် ရှိမယ် ဆိုရင် လူတွေ အနေနဲ့ ရပ်ချင်တဲ့ နေရာ ရပ်လို့ရတာပေါ့။ စားချင်တဲ့ အချိန်လည်း ဝင်စားလို့ ရတာပေါ့။ အခုကျတော့ အဲ့နေရာ မရောက်မချင်း မဖြစ်မနေ မောင်းရတဲ့ သဘောမျိုး ဖြစ်နေတယ် ခင်ဗျ”
ကိုနေလင်းဖြိုးပါ။ ဒီအမြန်လမ်းဖေါက်လုပ်ရာမှာ တွေ့ရတဲ့ အားနဲချက်တွေနဲ့ အစိုးရဘက်က ဘာတွေလုပ်ပေးနေတယ်ဆိုတာ တွေကိုတော့ နောက်တပတ်မှာ ဆက်ပြီး ပြောပြပေးမယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နား လိုက်ပါရစေ။