ကွယ်လွန်သူ ရူပဗေဒပညာရှင် Stephen Hawking ရဲ့ အရိုးပြာကို နာမည်ကျော် သိပ္ပံပညာရှင်ကြီး Sir Isaac Newton ရဲ့ဂူဘေးမှာ မြှုပ်နှံမယ်လို့ လန်ဒန်က Westminster Abbey ကအင်္ဂါနေ့မှာ ကြေညာပါတယ်။
အဲဒီမှာ ၁၈၈၂ ခုနှစ်က ကွယ်လွန်ခဲ့တဲ့ Charles Darwin ရဲ့ ဂူလည်း ရှိပြီး အခုကွယ်လွန်သွားတဲ့ သီအိုရီဆိုင်ရာ ရူပဗေဒပညာရှင် Stephen Hawking ကိုလည်း Charles Darwin ရဲ့ ဂူနဲ့ သိပ်မဝေးတဲ့ နေရာမှာ မြှုပ်နှံမှာဖြစ်ပါတယ်။
ဒီနှစ်နှောင်းပိုင်းမှာ ဂုဏ်ပြုအခမ်းအနားပြုလုပ်ပြီးမှ မြှုပ်နှံမှာ ဖြစ်ပါတယ်။ အစကတော့ နှစ်ပေါင်း ၅၂ နှစ်ကျော် စကြာဝဌာကြီးရဲ့ လျှို့ဝှက်ချက်တွေကို Hawking လေ့လာခဲ့တဲ့ Cambridge တက္ကသိုလ်က Great St Mary ဘုရားကျောင်းမှာ ဈာပနအခမ်းအနားကို မတ်လ ၃၁ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ကြောင်း သူ့မိသားစုဝင်တွေကပြောခဲ့တာပါ။ Westminster အကြီးအကဲ ဘုန်းတော်ကြီး John Hall ကတော့ Hawking ရဲ့ အရိုးပြာကို Westminster က သူ့လိုထင်ရှားတဲ့ သိပ္ပံပညာရှင်ကြီးတွေနားမှာ မြှုပ်နှံတာဟာ အသင့်တော်ဆုံးဖြစ်ကြောင်း ပြောပါတယ်။
ကမ္ဘာကျော် သိပ္ပံပညာရှင် Stephen Hawking ဟာ အသက် ၇၆ နှစ်အရွယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ အကြောတွေအားနည်းပြီး လှုပ်ရှားလို့မရတဲ့ရောဂါ (Lou Gehrig’s disease) ရှိနေတာကို အသက် ၂၁ နှစ်အရွယ်မှာ တွေ့ရှိခဲ့ရတဲ့Hawking ဟာ ဆုံးတဲ့အထိ ဘဝကို အရှုံးမပေးရင်ဆိုင်သွားသူ ဖြစ်ပါတယ်။
သူရေးသားခဲ့တဲ့ အချိန်အကြောင်း အကျဉ်းချုပ် - The Brief History of Time စာအုပ်ဟာ စကြာဝဋ္ဌာကြီးအကြောင်း၊ ပရမာအနုမြူတွေ အကြောင်းကို လူပြိန်းနားလည်အောင် ရှင်းပြနိုင်ခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။