သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရတဲ့နိုင်ငံတွေစာရင်းထဲ မြန်မာပါဝင်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry
ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ဘာသာရေး လွတ်လပ်ခွင့်ဟာ စိန်ခေါ်အကဲစမ်း ခံခဲ့ရတယ်လို့ အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ပြောဆိုပါတယ်။ အစိုးရတွေကြောင့် သည်းခံနားလည်မှုမရှိတဲ့ ပတ်ဝန်းကျင် အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပြီး၊ အဲ့ဒီကနေ အမုန်းတရားတွေ၊ အကြမ်းဖက်မှုတွေ ပေါ်ပေါက်စေခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တာပါ။ မြန်မာနိုင်ငံကဆိုရင်လည်း ဘာသာရေး လွတ်လပ်ခွင့်အရ စိုးရိမ်ရတဲ့ နိုင်ငံစာရင်းထဲမှာပဲ အမေရိကန်ပြည်ထောင်စုက ထည့်သွင်းထားပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

နိုင်ငံတွေမှာ ဘာသာရေး လွတ်လပ်ခွင့်တွေ ချိုးဖောက်ခံနေရတဲ့ တချိန်တည်းမှာပဲ အစိုးရ တာဝန်ရှိသူတွေဘက်က ကျူးလွန်မှုတွေဟာ အရေးယူမခံရဘဲ ကင်းလွတ်ခွင့် ရနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံအရပ်ရပ် ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေတွေကို အကောင်အထည်ဖော် ကျင့်သုံးရာမှာ မမျှတမှုတွေနဲ့ ကန့်သတ်ချက်သစ်တွေ ထုတ်ပြန်တာတွေကိုလည်း ထောက်ပြ ဝေဖန်ထားပါတယ်။

ဘာသာရေး လွတ်လပ်ခွင့်ဆိုတာဟာ လူသားတိုင်းရဲ့ မွေးရာပါ အခွင့်အရေး ဖြစ်ပေမဲ့လည်း မကြာခဏဆိုသလိုပဲ ကန့်သတ်ချုပ်ချယ် ခံနေရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) က ပြောပါတယ်။ ကမ္ဘာအနှံ့အပြား ဘာသာရေး လွတ်လပ်ခွင့်ဆိုတာဟာ အမေရိကန် ပြည်ထောင်စုအတွက် စိုးရိမ်စရာ အမျိုးသား လုံခြုံရေးကိစ္စ ဖြစ်တယ်လို့လည်း မစ္စတာ ကယ်ရီ က ပြောပါတယ်။

“တိုင်းပြည်တွေမှာ ဘာသာရေး လွတ်လပ်ခွင့်ကို ထိပါး စော်ကားတာဟာ သူတို့ ပစ်မှတ်ထားတဲ့ လူတွေကိုပဲ တဖက်သတ် ခြိမ်းခြောက်တာ မဟုတ်ပါဘူး။ ဒါဟာ အဲဒီ တိုင်းပြည်ရဲ့ ကိုယ်ပိုင် တည်ငြိမ်မှုကို ခြိမ်းခြောက်တာပါ။ ဒါမျိုးတွေကို နေရာ အတော်များများမှာကို တွေ့ရပါတယ်။ ဘာသာရေး လွတ်လပ်ခွင့်ကို ထိပါးတယ် ဆိုတာဟာ အမေရိကန် ပြည်ထောင်စုအတွက် လူ့ဂုဏ်သိက္ခာ ကျင့်ဝတ်ဆိုင်ရာ ရပ်တည်ချက်အရရော၊ မဟာဗျူဟာမြောက် အမျိုးသား လုံခြုံရေးအရပါ စိုးရိမ်စရာ ဖြစ်ပါတယ်။”

ဘာသာရေး လွတ်လပ်ခွင့်တွေကို ချိုးဖောက်နေတဲ့ ဘာသာရေး ပုတ်ခတ်စော်ကားမှုကို အရေးယူတဲ့ ဥပဒေ၊ ဘာသာကူးပြောင်းမှုကို အရေးယူတဲ့ ဥပဒေတွေကို တိုးပြီး ကျင့်သုံးလာတာတွေဟာ ခွဲခြားဆက်ဆံမှု ပုံစံတရပ် ဖြစ်လာတယ်လို့ မစ္စတာ ကယ်ရီ က ပြောပါတယ်။

ဘာသာရေးအရ ပုတ်ခတ် စော်ကားတယ်ဆိုတဲ့ စွဲချက်နဲ့ အရေးယူခံရတဲ့ နိုင်ငံတွေမှာဆိုရင် ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ လစ်ဗျား၊ တူနီးရှား၊ အီရန်နဲ့ အီရီသရီယား စတဲ့ နိုင်ငံတွေကို ဝေဖန်ထားပါတယ်။ မြန်မာနိုင်ငံတွင်း ဘာသာရေး ချုပ်ချယ် ကန့်သတ်မှုတွေ ရှိတဲ့အပေါ်မှာလည်း ဒီအစီရင်ခံစာထဲမှာ ဝေဖန် ဖော်ပြထားပါတယ်။

အဓိကအချက်ကတော့ မူဆလင်လူနည်းစုတွေအပေါ် ချုပ်ချယ်ကန့်သတ်တဲ့ ကိစ္စပါ။ မြန်မာနိုင်ငံတွင်းမှာ အပြောင်းအလဲတွေ တွေ့လာရပေမဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အပြောင်းအလဲတွေ သိပ်မတွေ့ရသေးဘူးလို့ နိုင်ငံခြားရေးဌာနရဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အထူးသံအမတ်ကြီး စူဇန် ဂျွန်စန် ကွတ် (Suzan Johnson Cook) က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“ကျမတို့ ပြောထားတဲ့အတိုင်းပါပဲ အထူးသဖြင့် မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ တခြား ပြောင်းလဲလာတဲ့ လက္ခဏာတွေ တွေ့ရပေမဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ပြောင်းလဲမှုကတော့ သိပ်မတွေ့ရသေးပါဘူး။ ကျမတို့နိုင်ငံက အဆင့်မြင့် ကိုယ်စားလှယ်တွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ၊ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတွေ သွားတဲ့အခါတိုင်း မြန်မာအစိုးရနဲ့ တွေ့ဆုံတဲ့အခါ ဘာသာရေး လွတ်လပ်ခွင့်ကိစ္စတွေကို ဆက်ပြီး ဆွေးနွေးပြောဆိုခဲ့ပါတယ်။ ဒီအချိန်မှာတော့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ တိုးတက်မှု မရှိသေးဘူးလို့ ပြောရပါလိမ့်မယ်။”

ဘာသာရေး လွတ်လပ်ခွင့်တွေကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုတွေရှိနေတဲ့ နိုင်ငံစာရင်းတွေကို စာရင်းပြုစုဖို့ အမေရိကန် ပြည်ထောင်စုရဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေမှာ ဖော်ပြ ပါရှိပါတယ်။ အဲ့ဒီ Interanional Religious Freedom Act ဥပဒေမှာဆိုရင် ဘာသာရေး ချိုးဖောက်မှု ဆိုးဆိုးရွားရွားရှိတဲ့ တိုင်းပြည်တွေ CPC စိုးရိမ်ဖွယ်ကောင်းတဲ့ နိုင်ငံတွေဆိုပြီး စာရင်းပြုစုထားပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံက ၁၉၉၉ ခုနှစ်ကတည်းက ထည့်သွင်းခံခဲ့ရတာ အခုထိ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အပါအဝင် အမေရိကန် ထိပ်တန်း အရာရှိကြီးတွေ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံတဲ့အခါတိုင်းမှာလည်း မကြာခင်နှစ်တွေအတွင်းက ဖြစ်ပျက်ခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပင်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးနဲ့၊ အာဏာပိုင်တွေရဲ့ ကျူးလွန်မှုတွေကို ဖော်ထုတ်အရေးယူဖို့ ဆိုတာတွေကို မပြတ် တိုက်တွန်းနေခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG