ထိုင်းနိုင်ငံမြောက်ပိုင်း ဥထိုင်းဌာနီ Uthi Thani ကနေ အယုဒ္ဓယနဲ့ နန်သန်ဘူရီကို အင်္ဂါနေ့က လေ့လာရေးခရီးထွက်လာကြတဲ့ ကျောင်းသားတွေနဲ့ဆရာတွေလိုက်ပါလာတဲ့ဘတ်စ်ကား မီးလောင်ခဲ့တဲ့အတွက် အသက် ၇ နှစ်နဲ့ ၁၄ နှစ်အရွယ်ကြား ကျောင်းသားကျောင်းသူ ၂၀ နဲ့ ဆရာ ၃ ဦး သေဆုံးခဲ့ရတယ်လို့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ဗုဒ္ဓဟူးနေ့မနက် ဘန်ကောက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
‘တကယ်တော့ ကျောင်းပညာရေးဌာန လေ့လာရေးခရီးစဉ်ကြောင့် အခုလို ကလေးငယ်တွေ အဖြစ်ဆိုးနဲ့ ကြုံရတာမဟုတ်ဘဲ ခရီးမသွားခင် ကားကို သေချာမစစ်ဆေးတဲ့ပေါ့လျော့မှုကြောင့် ဖြစ်ကြောင်းနဲ့ ထိုင်းအစိုးရအနေနဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးခရီးသွားယာဉ်တွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေလုပ်’မယ့်အကြောင်း ထိုင်းဘာသာနဲ့ ပြောသွားတာပါ။
ကျောင်းသား ၃၈ ယောက်နဲ့ ဆရာ ၆ ယောက်လိုက်ပါလာတဲ့ အဲဒီကားဟာ တနာရီ ကီလို ၈၀ ကျော် နှုံးနဲ့ မောင်းလာတာဖြစ်ပြီး ဘန်ကောက်မြို့ ရောက်ခါနီး Rangsit အဝေးပြေးလမ်းမအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ ကားငယ်တစီးအပြင် လမ်းဘေးလက်ရမ်းတွေကိုပါတိုက်မိပြီး မီးစလောင်ခဲ့တာပါ။ နောက် ဓါတ်ငွေ့အိုးကိုပါမီးကူးပြီး ကားတစီးလုံး မီးလောင်သွားတာ ဖြစ်ပါတယ်။ လူ ၁၁၀ လောက် ပါတဲ့ ကျောင်းပေါင်းစုံကလေ့လာရေးထွက်လာတဲ့ ကား ၃ စီးထဲက တစီးမီးလောင်ခဲ့တာ ဖြစ်ပြီး ဒဏ်ရာပြင်းထန်သူ ၅ ဦးကို ဘန်ကောက် ကလေးအထူးကုဆေးရုံမှာ တင်ထားရပါတယ်။ ကားမီးလောင်နေချိန် ထွက်ပြေးခဲ့တဲ့ အသက် ၄၈ နှစ်အရွယ် ကားမောင်းသမား Saman Chanput ကိုလည်း ဖမ်းမိထားပြီး ထိုင်းရဲတွေက စစ်ဆေးနေသလို တာဝန်ပေါ့လျော့မှု၊ မဆင်မခြင်မောင်းနှင်မှု အပါအဝင် အမှု ၄ မှုနဲ့ တရားစွဲဖို့ရှိပါတယ်။ သေဆုံးသူတွေအတွက် တဦးကို နစ်နာကြေး ဘတ်နှစ်သန်း လေးသိန်းနဲ့ ဒဏ်ရာရသူကို ဘတ် (၇) သိန်း ကူညီသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
Forum