သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး ကုလ အရေးပေါ်စည်းဝေးပွဲခေါ်


ဆီးရီးယားနိုင်ငံမှာ သူပုန်တွေထိန်းချုပ်ထားတဲ့ Aleppo အရှေ့ပိုင်းဒေသကို ဆီးရီးယားနဲ့ ရုရှား ဂျက်တိုက်လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက် နေချိန်မှာပဲ ဒီအသေအပျောက်များတဲ့ အကြမ်းဖက်မှုတွေ တိုးလာတာ နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တနင်္ဂနွေနေ့မှာ အရေးပေါ်အစည်းဝေး ခေါ်ယူခဲ့ပါတယ်။

အာဏာရှင် အာဆတ်အစိုးရဟာ စစ်ရေးအရပဲ ဖြေရှင်းဖို့ ယုံကြည်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samantha Power က ပြောပါတယ်။ ဒါ့အပြင် ဒါဟာ ဆီးရီးယားက မြေ တလက်မမှ မကျန်အောင် စစ်ရေးအရ သိမ်းပိုက်ဖို့ လုပ်နေတာကို ပြနေသလို အခုလို စစ်ရေးအရ ဖြေရှင်းလို့ ဆီးရီးယားမှာ ဘာပဲ ဖြစ်ပြီး ကျန်နေကျန်နေ ဂရုမစိုက်ဘူး ဆိုတာကိုလည်း ပြနေတယ်လို့ ပြောပါတယ်။

ရုရှားရဲ့ မဟာမိတ် ဆီးရီးယားအစိုးရက လူပေါင်း ၂ သိန်း ၇ သောင်းခွဲလောက် ပိတ်မိနေတဲ့ Aleppo မြို့ကို တိုက်ခိုက်နေမှုတွေ အဆုံးသတ်စေဖို့ ရုရှားကနေ ထိန်းပေးအောင် အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေက ရုရှားကို ဖိအားပေးဖို့ အရေးပေါ် အစည်းဝေး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒုံးကျည်နဲ့ ပစ်ခတ်မှုတွေ၊ စည်ထဲထည့်ထားတဲ့ ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေလို တိုက်ခိုက်မှုတွေကနေ အဲဒီဒေသတွင်းက အဆောက်အဦးတွေ ပြားပြားဝပ်ကုန်သလို လမ်းမတွေပေါ်မှာ ကွန်ကရစ် အပျက်အစီးတွေ အပိုင်းအစတွေနဲ့ ပြည့်ကုန်တာ ဖြစ်ပါတယ်။

အခုလို ထိုးစစ်ဆင်နေတဲ့အတွက် လူပေါင်း ၂၁၃ ယောက်လောက် သေဆုံးနေပြီဖြစ်ကြောင်းလည်း ကုလသမဂ္ဂက ပြောပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်တာ ကာလအတွင်းမှာပဲ အဲဒီမြို့ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၅၀ ကျော် လုပ်ခဲ့တာ တွေ့ရတယ်လို့ အမေရိကန် သံအမတ်ကြီး Samantha Power က ပြောကြားလိုက်ပြီး ဒါဟာ ရုရှားနဲ့ ဆီးရီးယားတို့ရဲ့ Aleppo မြို့ကို ပြန်ပြီး သိမ်းပိုက်နိုင်ဖို့ ရှိသမျှအား အကုန်သုံးပြီး အပြုတ်တိုက်တဲ့ပုံစံ လုပ်ခဲ့တာလို့လည်း စွပ်စွဲလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG