သုံးရလွယ်ကူစေသည့် Link များ

ရုရှားနဲ့ တူရကီတို့ ကြားဝင်ဆောင်ရွက်ပေးတဲ့ ဆီးရီးယား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကန့်ကွက်သူမရှိ တညီ တညွတ်ထဲ အသိအမှတ်ပြုလိုက်ပါတယ်။ ဒါပေမယ့် ဒီသဘောတူညီမှုဟာ အချိန်မရွေး ပျက်ပြယ်နိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေ တာပါ။

ဆီးရီးယား သူပုန်တွေကတော့ ဆီးရီးယား အစိုးရနဲ့ သူ့မဟာမိတ်ရုရှားတွေ ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ထပ်တလဲလဲ လုပ်ဆောင် နေတာမို့ ၂ ရက်ကြာ အပစ်ရပ်ရေး သဘောတူညီချက်ဟာ ပျက်ပြယ်သွားနိုင်တယ်လို့ ဆိုပါတယ်။ ဆီးရီးယား အရေး စောင့်ကြည့်သူတွေ ကတော့ ဒမတ်စပ်မြို့ အနောက်မြောက် ဖက်က ဗျူဟာကျပြီး အရေးပါတဲ့ Barada တောင်ကြား ဒေသက သူပုန်တွေ ထိမ်းချုပ်ထားတဲ့မြို့တွေ ရွာတွေကို စစ်လေယာဉ်တွေက တိုက်ခိုက်နေ တာတွေ့ရတယ်လို့ ပြောပါတယ်။

ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့ကြီးဟာ ဆီးရီးယား ပြည် တွင်းစစ်ကို အနီးကပ် စောင့်ကြည့်နေတာ ဖြစ်ပြီး အဲဒီ Barada ဒေသက တိုက်ခိုက် မှုတွေအတွင်း သေဆုံး ဒဏ်ရာရသူ ရှိမရှိ အခုလောလောဆယ် မသိရသေးဘူး လို့ပြောပါတယ်။ ဒါပေမယ့် သောကြာနေမှာ တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အ့ပြင်၊ စနေနေ့ မနက်ပိုင်းတခုထဲမှာပဲ အဲဒီဒေသကို လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် လောက် ရှိခဲ့ဆယ်လို့ ပြောပါတယ်။

ဆီးရီးယား မြောက်ပိုင်းက လာတဲ့ သတင်းတွေ အရ အလက်ပိုမြို့ အရှေ့မြောက် ပိုင်း al- Bab မြို့ကလေးနားမှာ လေကြောင်း တိုက်ခိုက် မှုကြောင့် ကလေးငယ် ၄ ဦး အပါအဝင် လူပေါင်း ၉ ဦး သေဆုံးခဲ့တယ်လို့ ပြောပေမယ့် ဒီတိုက်ခိုက်မှုလုပ်တဲ့ စစ်လေယာဉ်တွေဟာ ဆီးရီးယား လေယာဉ်လား ရုရှားလေယာဉ်လား ဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။

XS
SM
MD
LG