သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးအလှပြင်ဆိုင်တွေပိတ်ဖို့ တာလီဘန်အမိန့်ထုတ်


အာဖဂန်နစ္စတန် အလှပြင်ဆိုင်ရှေ့မှ အမျိုးသမီး၂ ဦးဖြတ်လျှောက်သွားစဥ်၊ သြဂုတ် ၇၊ ၂၀၂၁
အာဖဂန်နစ္စတန် အလှပြင်ဆိုင်ရှေ့မှ အမျိုးသမီး၂ ဦးဖြတ်လျှောက်သွားစဥ်၊ သြဂုတ် ၇၊ ၂၀၂၁

အာဖဂန်မှာအမျိုးသမီးတွေစီမံလုပ်ကိုင်ကြတဲ့ အလှပြင်ဆိုင် ရာဂဏန်းကို တလအတွင်း ပိတ်ပစ်ဖို့ တာလီဘန်အုပ်ချုပ်ရေးအာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။ တာလီဘန်တွေဟာ အမျိုးသမီးတွေ အလုပ်လုပ်ကိုင်ခွင့်နဲ့ အများပြည်သူမြင်ကွင်းသွားလာမှုတွေကို တဖြေးဖြေးကန့်သတ်လာရာမှာ ဒါနောက်လုပ်ရပ်တခုဖြစ်ပါတယ်။

ဘာသာရေးဆိုင်ရာဝန်ကြီးဌာန ပြောခွင့်ရသူ Mohammad Sadiq Akif က ဒီသတင်းကို အတည်ပြုပြီး၊ အမျိုးသမီးအလှပြင်ဆိုင်တွေပိတ်ပစ်ဖို့ တလအချိန်ပေးထားတယ်လို့ စာနဲ့ ပြောဆိုပါတယ်။ အာဖဂန်မှာ တာလီဘန်တွ ပြန်ပြီး အာဏာရလာကတည်းက နှစ်နှစ်အတွင်း အမျိုးသမီးတွေအပေါ် တင်းကြပ် မှုတွေ လုပ်လာခဲ့ရာမှာ ပညာ ၆တန်းအထက် မိန်းကလေးတွေကို ကျောင်းတတ်ဖို့ ပိတ်ပင်တာ၊ အမျိုးသမီးအစိုးရဝန်ထမ်း အတော်များများကို နေအိမ်မှာ နေဖို့ အမိန့်ထုတ်တာ၊ ကုလသမဂ္ဂနဲ့ အခြားအကူအညီပေးရေးအဖွဲ့တွေမှာ အမျိုးသမီးတွေလုပ်ကိုင်ခွင့်ပိတ်ပင်တာတွေ လုပ်ခဲ့ပါတယ်။

ပန်းခြံလိုမျိုး အများပြည်သူသွားလာတဲ့နေရာတချို့မှာ အမျိုးသမီးတွေ သွားလာမှုကိုလည်း ပိတ်ပင် ထားပါတယ်။ အခုလို အလှပြင်ဆိုင်တွေ ပိတ်ရမယ်ဆိုတာကြောင့် အမျိုးသမီးအတော်များများ အလုပ်လုပ်မဲ့ဖြစ်ပြီး မိသားစုစီးပွားရေးတွေပါ ထိခိုက်လာလိမ့်မယ်လို့ အလှပြင်ဆိုင်မှာ လုပ်ကိုင်နေသူတွေက​ ပြောပါတယ်။ အခုလို အလှပြင်ဆိုင်တွေပိတ်ဖို့ ညွှန်ကြားချက်ကို ပြန်ရုပ်ဖို့ ကုလသမဂ္ဂက တာလီဘန်အာဏာပိုင်ကို တောင်းဆိုပါတယ်။

အမျိုးသမီးအခွင့်အရေးအပေါ် အခုလို ကန့်သတ်လိုက်မှုဟာ စီးပွားရေးကိုထိခိုက်သက်ရောက်နိုင်သလို၊ အမျိုးသမီးလုပ်ငန်းရှင်တွေကို နိုင်ငံတော်က ထောက်ပံ့ကူညီမယ်ဆိုတဲ့ ပြောဆိုချက်နဲ့လည်း ကွဲလွဲနေတယ် လို့ အာဖဂန်မြို့တော် ကဘူးလ်မှာရှိတဲ့ ကုလသမဂ္ဂရုံးက တွစ်တာအကောင့်မှာ ထုတ်ပြန်ပြောဆိုပါတယ်။

အမျိုးသမီးတွေပညာသင်ခွင့်နဲ့ အများပြည်သူရှေ့သွားလာလှုပ်ရှားတဲ့ဘ၀တွေကို ကန့်သတ်မှုတွေကို ရုပ်သိမ်းဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက တာဘီဘန်အာဏာပိုင်တွေကို တောင်းဆိုတိုက်တွန်းနေပါတယ်။ ဒီလိုမူဝါဒတွေကြောင့် တာလီဘန်အာဏာပိုင်ကို ကမ္ဘာက အသိအမှတ်ပြုဖို့ မဖြစ်နိုင်လုနီးပါးပဲလို့လည်း သတိပေးထားပါတယ်။

ဒါပေမယ့်လည်း တာလီဘန်ဘာသာရေးခေါင်းဆောင် Hibatullah Akhundzada ကတော့ ဒီတောင်းဆိုမှုတွေကို ပယ်ချပြီး၊ ဒါဟာ အာဖဂန်ယဉ်ကျေးမှုနဲ့ အစ္စလာမ်ဘာသာရေးစည်းမျဉ်းတွေအရ လုပ်ဆောင်တာဆိုပြီး ခုခံပြောဆိုပါတယ်။ အာဖဂန်မှာ နှစ်၂၀ ကြာ စစ်ပွဲအပြီး အမေရိကန်နဲ့ နေတိုးတပ်တွေ ပြန်ရုပ်သိမ်းသွားတဲ့နောက် ၂၀၂၁ ခုနှစ်ဩဂုတ်လမှာ တာလီဘန်တွေက အာဏာသိမ်းယူခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG