သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် ရေဖြူနဲ့လောင်းလုံးဒေသခံတွေ ထွက်ပြေး


နေရပ်မပြန်နိုင်သေးတဲ့ တနင်္သာရီဒေသစစ်ဘေးရှောင်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
နေရပ်မပြန်နိုင်သေးတဲ့ တနင်္သာရီဒေသစစ်ဘေးရှောင်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်နဲ့ လောင်းလုံးမြို့နယ်မှာ မနေ့မနက် အစောပိုင်းကတည်းက စစ်ကောင်စီတပ် ရွာတွေထဲ ဝင်ရောက်လာပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒေသခံတချို့ကို ဖမ်းဆီးတာတွေ ရှိနေပါတယ်။ စစ်ကြောင်းထိုးလာလို့ နေအိမ်မှာမနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အနောက်ဘက်ကမ်းကနေ စစ်ကောင်စီတပ် မနေ့မနက်အစောပိုင်းကတည်းက ဝင်ရောက်လာလို့ အဲဒီအနီးနားက ရွာခံတွေဟာ ထွက်ပြေးနေရတယ်လို့ ရေဖြူဒေသခံတဦးက ပြောပါတယ်။ မနေ့ နေ့လယ်အထိ ရေဖြူအနောက်ဘက်ကမ်းက ပုဂေါဇွန်းကျေးရွာမှာ စစ်ကောင်စီတပ်ရှိနေပြီး ခြောက်လှန့် ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

"အခုတော့ ပုဂေါဇွန်းရွာ ရောက်နေပြီ။ ပုဂေါဇွန်းမှာ မိုးလင်းကတည်း က (လက်နက်ကြီး) ၂ လုံးထုနေပြီ။ အခု ရှိနေတယ်၊ ပုဂေါဇွန်းမှာပဲ။"

ရေဖြူမြို့နယ် အနောက်ဘက်ကမ်းက ကျေးရွာတွေဆီ အခုစစ်ကြောင်းမတိုင်ခင် ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယပတ်ကတည်းက စစ်ကောင်စီတပ် ဝင်ရောက်ခဲ့တယ်လို့ ပြောပါတယ်။ ရွာထဲမှာ စစ်ကောင်စီတပ်ရှိလို့ ဘေးလွတ်ရာပြေးခဲ့ရပြီး အခု နေအိမ်ပြန်ရောက်တာ ရက်ပိုင်းလောက်သာ ရှိချိန်မှာ တခါထပ်ပြီး ထွက်ပြေးနေရတာပါ။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာ ရှိပေမယ့် ဒေသခံအဖွဲ့တွေနဲ့ ထိတွေ့မှုကတော့ မရှိသေးဘူးလို့ နယ်မြေခံ ရဲဘော်တဦးက ပြောပါတယ်။ ရေဖြူမြို့နယ်မှာ စစ်ကြောင်းလှည့်လည်နေတာ တလဝန်းကျင်လောက် ရှိနေပြီး အခုတခါမှာလည်း စစ်ကောင်စီတပ်ဟာ အရပ်ဝတ်တွေနဲ့ ရောက်လာကြပြီး ဒေသခံ ကာကွယ်ရေးအဖွဲ့ ပုံစံမျိုးနဲ့ ရွာတွေထဲ လှုပ်ရှားနေတယ်လို့ ပြောပါတယ်။

"လောင်းလုံးဘက်က နေပြီးတော့ သူတို့စစ်ကြောင်း ထိုးတယ်ပေါ့။ နောက်ပြီးတော့ ရေဖြူဘက်ကနေလည်း စစ်ကြောင်းထိုးတယ်။ သူတို့က ရွာတွေထဲကို ဝင်ပြီးတဲ့အခါကျတော့ အဲဒီရွာတွေထဲမှာ သန်းခေါင် စာရင်း လိုက်စစ်တယ်။ အိမ်ထောင်စုစာရင်းတွေ လိုက်စစ်ပြီးလို့ရှိရင် အဲဒီအိမ်တွေထဲမှာ ပိုနေတဲ့လူပို (သန်းခေါင်စာရင်းထဲ မပါတဲ့လူတွေ) ကိုတော့ သူတို့ဖမ်းသွားတယ်။ အဲဒါမျိုးတွေရှိတယ်။ နောက်ပြီးလို့ရှိရင် သူတို့က သူတို့ကိုယ်သူတို့ PDF တွေပါလို့ ပြောပြီးတော့ စစ်ဆေးတာတွေပါ လုပ်တာ။ အဓိကက အရပ်ဝတ်တွေလည်း များတယ်။"

လောင်းလုံးမြို့နယ်မှာရောက်နေတဲ့ စစ်ကောင်စီတပ်က အဖွဲ့ဝင်တချို့လည်း ဒေသခံကာကွယ်ရေး အဖွဲ့ပုံစံ ဝတ်ဆင်ထားတာမျိုး ရှိတယ်လို့ ပြောပါတယ်။ စစ်ကြောင်းကြောင့် ရေဖြူနဲ့ လောင်းလုံးမြို့နယ်ထဲက ကျေးရွာဒေသခံတချို့ဟာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံအဖွဲ့တွေကြား ထိတွေ့တိုက်ပွဲမရှိပေမယ့်လည်း လက်နက်ကြီးနဲ့ ခြောက်လှန့်ပစ်ခတ်တာ၊ စစ်ကြောင်းထိုးတဲ့အခြေအနေတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေဟာ သူတို့အိမ်ကို မပြန်ရဲကြတာပါ။ ပုလောမြို့နယ်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလက ၈ ရက်တာ ထိတွေ့တိုက်ပွဲရှိခဲ့ပြီး လက္ကူးကျေးရွာမှာ နေထိုင်သူတချို့ဟာ သူတို့ရဲ့နေအိမ်တွေဆီ အခုချိန်ထိ ပြန်မလာကြသေးဘူးလို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"လက်ရှိအခြေအနေက ထိတွေ့မှု အသေးစားလေးတွေ ရှိတယ်။ ပြီးတော့ သူတို့ဘက်က လက်နက်ကြီးပစ်တာ ရှိတယ်ခင်ဗျ။ ကျနော်တို့ နယ်မြေထဲကို ဝင်လာပြီး စစ်ကြောင်းထိုးတာတော့ မရှိသေးဘူးဗျ။ ဒေသခံတွေကတော့ ၁၀ လပိုင်းကတည်းက လက္ကူးအုပ်စုထဲကို ပြန်ဝင်တာတော့ မရှိသေးဘူးခင်ဗျ။ တချို့ ပြန်နေတာလည်း ရှိပေမယ့် လက္ကူး၊ မြဒေါင်ကျေးရွာကနေပြီးတော့ ရှောင်ပြေးတဲ့ ရွာခံတော်တော် များများကတော့ ရွာထဲကို ပြန်မဝင်သေးဘူး။ ငါးဖမ်းသင်္ဘောတွေကိုလည်း ငါးဖမ်းခွင့် ပိတ်ထားတယ်ပေါ့။ ငါးဖမ်းထွက်ရင် ရေတပ်သင်္ဘောက နေပြီးတော့ ခြောက်လှန့်ပစ်တာတွေ ရှိတယ်ခင်ဗျ။"

နေရပ်ဆီပြန်လာတဲ့ ဒေသခံတွေကလည်း သူတို့ရဲ့ အဓိက လုပ်ငန်းဖြစ်တဲ့ ငါးဖမ်းခွင့် ပိတ်ပင်ခံထားရလို့ အဆင်မပြေ ဖြစ်နေကြပါတယ်။ ငါးဖမ်းစက်လှေတွေကို မလိကျွန်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ရေတပ်စခန်းကနေ ခြောက်လှန့်ပစ်ခတ်တာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။ စစ်ကောင်စီဘက်က တနင်္သာရီတိုင်းထဲက ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တဲ့နေရာတွေနဲ့ အဲဒီအနီးဝန်းကျင်မှာ အင်အားပိုချထားသလို ဖမ်းဆီး စစ်ဆေးတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီဒေသတွေက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG