သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းကျောင်းသား ၁၂ ဦးနဲ့ ကျောင်းဆရာတို့ မယ်ဆိုင်ဂူအတွင်း ပျောက်နေ


ထိုင်းနိုင်ငံ၊ ချင်းရိုင် ခရိုင်ထဲက ကမ္ဘာလှည့်ခရီးသွားများလည်ပတ်လေ့ရှိတဲ့ မြေအောက် ကျောက်လှိုဏ်ဂူအတွင်းကို ထိုင်းလူငယ် ဘောလုံးအသင်းက ကျောင်းသားလူငယ် ၁၂ဦးနဲ့ နည်းပြဆရာ တဦးတို့ စနေနေ့ ညနေပိုင်းကတည်းက သွားရောက် လည်ပတ်ရာကနေ လှိုင်ဂူအတွင်းကနေ မထွက်လာနိုင်ပဲ ပျောက်ဆုံးနေကြောင်းသိရပါတယ်။ မိုးတွင်းကာလမှာ အဲဒီလိုဏ်ဂူထဲကို ရေတွေ ဝင်လေ့ရှိတာကြောင့် ကလေးတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် VOA မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

အရှည် ၅မိုင်လောက်ရှိတဲ့ လှိုဏ်ဂူအတွင်းမှာ ပျောက်ဆုံးနေတဲ့ ကလေးတွေနဲ့ ပတ်သက်လို့ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ စတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေအပြင် ကယ်ဆယ်ရေးလုပ်နေသူတွေက အပူတပြင်း ရှာဖွေမူတွေကို စနေနေ့ကတည်းက လုပ်ဆောင်ခဲ့ပေမဲ့ တနင်္ဂနွေ ညနေအထိ အဲဒီ ကလေးတွေကို ရှာမတွေ့သေးပါဘူး။

အဲဒီကလေးတွေဟာ မြေအောက်ကျောက်လှိုင်ဂူအတွင်းကို လည်ပတ်ရင်းနဲ့ လမ်းမှားပြီး ပျောက်ဆုံးခဲ့ပုံရတယ်လို့လည်း ထိုင်းအမျိုးသမီးတဦးက ရှင်းပြပါတယ်။

" အားလုံးပေါင်း ၁၂ယောက်။ အဲဒီဟာကတကျောင်းထဲ မဟုတ်ဘူး။ တခြားကျောင်းတွေက လည်းပါတယ်ပေါ့။ ကလေးတွေ ဘောလုံး အားကစားပြိုင်ပွဲအပြီး အပြန်မှာ သူတို့ဆရာနဲ့ ကလေးတွေကို သူတို့ဂူထဲသွားလည်တာပေါ့။ ဂူက အတွင်းထိရှိတယ်။ သူတို့က စက်ဘီးနဲ့ ဘောလုံးကန် ဖိနပ်တွေ ချွတ်ထားခဲ့တယ်။ ရိုးရိုးဖိနပ်တွေနဲ့ လမ်းလျောက်သွားလိုက်တာပေါ့။ သူ့ကျောင်းဆရာနဲ့ မနေ့ ညနေကတည်းက ပျောက်သွားတယ်။ အခုထိလည်းရှာမတွေ့ကြသေးဘူး။"

အဲဒီ အထဲကို ကမ္ဘာလှည့် ခရီးသွားတွေရော ထိုင်းလူမျိုးတွေပါ အလည်အပတ်အဖြစ် သွားလာလေ့ရှိပေမယ့် အခုလို မိုးတွင်းကာလမှာတော့ အဲဒီ လှိုဏ်ဂူတွေက စိုးရိမ်စရာရှိတယ်လို့ ဒေသခံတွေ ပြောပါတယ်။ အဲဒီလှိုဏ်ဂူဟာ သစ်ပင်အမြစ်တွေလို နေရာပေါင်းစုံကို ထိုးထွက်နေတဲ့ အပေါက်တွေ ရှိတဲ့အတွက် သတ်မှတ်ထားတဲ့ လမ်းညွန်အတိုင်းသာ သွားလို့ရတယ်လို့သိရပါတယ်။

လမ်းမှားသွားရင် ပြန်ထွက်ရ ခက်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဂူထဲမှာ စမ်းချောင်းနဲ့ သဲပြင်တွေလည်းရှိပြီး မိုးရွာရင် စမ်းချောင်းရေတွေ တက်လာတတ်တယ်လို့ ဆိုပါတယ် ။ အဲဒီအတွက် စမ်းချောင်းရေတွေနဲ့မို့ ဝင်ပေါက်လို ဖြစ်နေတဲ့နေရာတချို့ကို မတွေ့နိုင်ပေမဲ့ ရေကျရင်တော့ အပေါက်တွေရှာတွေ့နိုင်တယ်လို့ကယ်ဆယ်ရေးလုပ်သူတွေက ခန့်မှန်းကြပါတယ်။

ဒါပေမဲ့ အထဲမှာ တောင်ကျရေတွေ ရှိတာမို့စိုးရိမ်စရာတော့ ရှိတယ်လို့ သူက ဆက်ပြောပြပါတယ်။

" တခုပဲ အောက်စီဂျင်တော့အဲဒီအထဲမှာ ရနိုင်ပါတယ်။ ဒါပေမဲ့ စိုးရိမ်စရာကောင်းတာက တောင်ကျရေတွေ၊ မိုးတွေရွာရင် အဲဒီဂူထဲကိုဘဲ စီးကျလာတာလေ။ ကယ်ဆယ်ရေးလုပ်သားတွေ စိုးရိမ်တာက ရေတွေတက်နေတဲ့အတွက်ကြောင့်ပါ။ ကလေးတွေလည်း အခုထိ မထွက်လာနိုင်သေးတော့ သူတို့တွေ တခုခုဖြစ်သွားနိုင်တာပေါ့။ "

အခု ကျောက်လှိုဏ်ဂူ ဟာ ထိုင်း-မြန်မာနယ်စပ်နဲ့ တာချီလိပ်မြို့နဲ့ အနီးဆုံးဖြစ်ပါတယ်။ အခု ပျောက်ဆုံးနေတဲ့ ကလေးငယ်တွေဟာ အသက် ၁၁နှစ်ကနေ အသက် ၁၇ ကျော်ထိရှိတဲ့ ကလေးတွေ ဖြစ်တယ်လို ့ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG