သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလူငယ်တွေကယ်ထုတ်မှု မြန်မာတွေအမြင်


ထိုင်းလှိုဏ်ဂူတွင်းပိတ်မိနေတဲ့ ဘောလုံးအသင်းကျောင်းသားလေးတွေနဲ့ နည်းပြကို ကယ်ထုတ်နေတာမှာတော့ မနေ့ကအထိ ကျောင်းသားလေး၈ဦးအထိ ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး ဒီနေ့မှာတော့ အခုနောက်ဆုံးကျန်နေသေးတဲ့ ငါးဦးကို ဆက်လက်ကယ်ထုတ်နေကြပြီဖြစ်ပြီး အခုအသံလွှင့်ချိန်မှာတော့ အားလုံးကို ကယ်ထုတ်လာနိုင်ပြီလို့ သတင်းတွေမှာဖော်ပြပါရှိပါတယ်။ အခုလိုထိုင်းအစိုးရဘက်က နိုင်ငံတော်အဆင့်သတ်မှတ်ပြီး နိုင်ငံတကာရဲ့ အကူညီတွေနဲ့ ဝိုင်းဝန်းဆောင်ရွက်နေတဲ့ ကူညီကယ်ဆယ်ရေး၊ သတင်းထုတ်ပြန်ရေးနဲ့ အဘက်ဘက်က ဝိုင်းဝန်းဆောင်ရွက်နေတဲ့အခြေအနေတွေအပေါ် မြန်မာနိုင်ငံသားတွေရဲ့ အမြင်ဘယ်လိုရှိပါသလဲ ဆိုတာ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့က ထမ့်လွမ်လှိုဏ်ဂူထဲ ပြီးခဲ့တဲ့ ဇွန်လ ၂၃ရက်နေ့ စနေနေ့ကတည်းက ပျောက်ဆုံးသွားတဲ့ကျောင်းသားလေး ၁၂ ဦးနဲ့ ဘောလုံးနည်းပြ တဦးပေါင်း ၁၃ ဦး ကို ဇူလိုင်လ ၂ရက်နေ့ တနင်္လာနေ့ ကကုန်းဂမူသေးလေးတခုထဲ ပိတ်မိနေတာကို ဗြိတိန်ရေငုတ်သမားတွေကပြန်လည်တွေ့ရှိခဲ့တာပါ။ သူတို့ကို တနင်္ဂနွေနေ့ ဇူလိုင်လ၈ ရက်နေ့မှာ ၄ဦးစတင်ကယ်ထုတ်နိုင်ခဲ့ပြိး မနေ့ တနင်္လာနေ့ ဇူလိုင်လ ၉ရက်နေ့မှာ ၄ ဦး- စုစုပေါင်း ၈ ဦး ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ အားလုံးကို ကယ်ထုတ်လာနိုင်ပြီဖြစ်ပါတယ်။

အခုလိုမျိုးထိုင်းလှိုဏ်ဂူ တွင်းပိတ်မိနေတဲ့ ဘောလုံးအသင်းကျောင်းသားလေးတွေနဲ့ နည်းပြကို ကယ်ထုတ်နိုင်ရေး နိုင်ငံတကာရဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေကို လက်ခံပြီး ပူးပေါင်းဆောင်ရွက်နေတာ-နောက် ကမ္ဘာတဝှမ်းက စိတ်ဝင်စားနေချိန် သတင်းမီဒီယာထုတ်ပြန်မှုနဲ့ အပါအဝင် ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေရဲ့ ဆောင်ရွက်မှုဟာ လေးစားအတုယူစရာကောင်းတယ်လို့ နိုင်ငံတကာရောက် မြန်မာတွေက ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာနေထိုင်သူ မြန်မာ့အရေးအကဲခတ်ဦးအောင်သူငြိမ်းကတော့- အခုလို ထိုင်းအစိုးရဘက်က နိုင်ငံတကာရဲ့အကူညီကို လိုလိုလားလားလက်ခံပြီး ပူးပေါင်းဆောင်ရွက်တာ၊ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေနဲ့ နောက်ဆုံးအခြေအနေတွေကို နိုင်ငံတကာအပါအဝင် အများပြည်သူသိရှိနိုင်အောင် သတင်းချက်ခြင်းထုတ်ပြန်ပေးတာတွေကတော့ အတော်လေး စနစ်ကျပြီး အတုယူစရာကောင်းတယ်လို့ သုံးသပ်လိုက်ပါတယ်။

"ထိုင်းအစိုးရရဲ့ ကိုင်တွယ်ပုံကို ချီးကျူးပါတယ်။ အထူးသဖြင့်ကတော့ ဒီသတင်းမီဒီယာကို စီမံခန့်ခွဲတဲ့အပေါ်မှာလည်း အရမ်းကောင်းတယ် နောက်တခုက ပူးပေါင်းဆောင်ရွက်မှုပေါ့။ ထိုင်းဌာနတွေအတွင်းရော နောက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ရော ပူးပေါင်းဆောင်ရွက်မှု သိပ်ကောင်းတယ်လို့ ချီးကျူးကြတာရှိပါတယ်။ နောက်တခုက သူတို့က မလိုအပ်တာကို လုံးဝမပြောဘူး။ လိုအပ်တာကိုပဲ အတိအကျပြောတယ်ဆိုတဲ့ပုံစံမျိုးပေါ့။ အထူးသဖြင့်ကတော့ ပွင့်လင်းမြင်သာမှုက သိပ်အရေးကြီးပါတယ်။ ကျနော်တို့မှာလည်း နာဂစ်ဖြစ်ခဲ့ဖူးပါတယ်။အဲ့တုန်းက နိုင်ငံတကာက လာမယ်ဆိုတာကို ပိတ်ဆို့ခဲ့ဖူးတာရှိတယ်။ ဒီလိုအခြေအနေတွေဖြစ်ခဲ့တာကတော့ မကောင်းဘူးထင်ပါတယ်။ နောက်တခုက ကျနော်တို့အနေနဲ့က နိုင်ငံတကာအပေါ်မှာ ကျွမ်းကျင်မှုအပိုင်းရော ထောက်ပံ့ရေးရော ရံပုံငွေပိုင်းရော ပူးပေါင်းဆောင်ရွက်မှုတွေက ဒီထက်ပိုပြိးတော့ စနစ်တကျစနစ်တကျဖြစ်အောင် ဒီအပေါ်မှာ လေ့လာသင့်တယ်လို့ထင်ပါတယ်။"

တရုတ်နိုင်ငံအခြေစိုက် တရုတ်-မြန်မာအရေး လေ့လာနေတဲ့ ဒေါက်တာလှကျော်ဇောကလည်း တရုတ်နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံမှာ ကျောင်းသားကလေးတွေ စပိတ်မိနေကတည်းကစ သတင်းတွေကို တိုက်ရိုက်လွှင့်ထုတ်ပေးနေပြီး ဖူးကတ်ကမ်းခြေမှာ တရုတ်ခရီးသွားတွေ အများအပြားသေဆုံးနေချိန်မှာတောင် တဘက်မှာ ကယ်ဆယ်ရေးပူးပေါင်းဆောင်ရွက်နေသလို ဂူတွင်းကူညီကယ်ဆယ်ရေးဖြစ်စဉ်တွေကို အချိန်နဲ့တပြေးညီ စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြတယ်လို့ဆိုပါတယ်။

" ဟာ ဒါသိပ်ကောင်းတဲ့ အတုယူစရာဖြစ်စဉ်တခုပါပဲ လူတွေရဲ့အသက်ကို ဘယ်လိုခေါ်မလဲ တန်ဖိုးထားတာပေါ့။ နောက်ပြီးတော့ ထိုင်းလို ကိစ္စမှာ တကမ္ဘာလုံးက ဝိုင်းပြီး စိတ်ဝင်စားတယ်ဆိုတာကိုလည်း ကျမတို့က သိပ်သဘောကျတာပဲ။ ဒါဟာ အစိုးရတရပ်က ပြည်သူလူထုအပေါ်မှာ ဘယ်လိုတာဝန်ကျေတယ်ဆိုတာ ပြသမှုတခုပါပဲ။ ထိုင်းအစိုးရကတော့ ဒီအပေါ်မှာ Credit တွေ တော်တော်များများရခဲ့မယ်ထင်တယ် ကြည့်ရတာ နိုင်ငံတကာက ဝိုင်းကူတာရော ဘာရောပေါ့။ ဒီမှာလည်း အဲ့အကြောင်းကို တောက်လျောက်ပြနေတာပဲ။ နောက်တခုက ဒီလိုဖြစ်တယ် တရုတ်က ဒီတချိန်တည်းမှာပဲ ဖူးကတ်မှာ သင်္ဘောတစင်းနစ်တယ်လေ တရုတ်တွေပါတယ် တရုတ်တိုးရစ်က ၄၀ကျော်တောင်သေတယ်။ အဲ့အတွက်လည်း ဝိုင်းကူညီကယ်ဆယ်နေတာတွေရှိတော့ အဲ့နှစ်ခုစလုံးကို တပြိုင်နက်တည်းပြနေတာရှိပါတယ်။"

မလေးရှားနိုင်ငံအခြေစိုက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအရေး-မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့ ပူးပေါင်းကူညီဆောင်ရွက်ပေးနေတဲ့ ကိုသီဟမောင်မောင်ကလည်း မလေးရှားမှာ မြန်မာအလုပ်သမားတွေ အဖမ်းဆီးခံရနေချိန်နဲ့တပြိုင်နက်တည်းမှာပဲ ထိုင်းနိုင်ငံတွင်းက ကျောင်းသားကလေးတွေ ကယ်ထုတ်နိုင်ရေး သတင်းတွေကို စဉ်ဆက်မပြတ်စောင့်ကြည့်နေကြသလို ထိုင်းအစိုးရရဲ့ လုပ်ဆောင်မှုတွေကို အတုယူလိုက်နာစရာကောင်းတယ်ဆိုတာ မှတ်သားမိတယ်လို့ဆိုပါတယ်။

"အဓိက သိချင်တဲ့အချက်ကတော့ ကလေးတွေ ဘာဖြစ်လို့ပိတ်မိသွားလဲဆိုတာ စိတ်ဝင်စားတယ်။ နောက်ပြီးတော့ အသင်းခေါင်းဆောင်က မြန်မာလို့လည်း ကျနော်တို့သိရတယ်ပေါ့နော်။ အဲ့တာကိုလည်း ကျနော်တို့က စိတ်ဝင်စားတယ်ပေါ့။ အဲ့ဒီ့အပေါ်မှာပဲ အဓိက အာရုံစိုက်မိတယ်ပေါ့ ဒါပေမဲ့လို့ ကျနော်တို့မှာကလည်း ဘာဖြစ်နေလဲဆိုတော့ အဲ့မှာဖြစ်နေတဲ့တချိန်တည်းမှာပဲ ကျနော်တို့မှာ မလေးရှားဘက်မှာလည်း အလုပ်သမားတွေအဖမ်းအဆီးတွေများတော့။ ကျနော်တို့နိုင်ငံနဲ့ ယှဉ်လိုက်လို့ရှိရင် အများကြီး ကွာဟတာတွေ့ရတယ်။ နိုင်ငံတကာရဲ့ ကျွမ်းကျင်ပညာရှင်တွေ အကုန်လုံးနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်တဲ့ပုံစံမှာပါ ဒီကလေးတွေ အားလုံး အောင်အောင်မြင်မြင်နဲ့ ထွက်လာနိုင်တယ်လို့မြင်တယ်လေ။

ကျနော်တို့နိုင်ငံအနေနဲ့ ဒါမျိုးပြသနာတော့ ကြုံတော့ မကြုံဖူးပါဘူး ဒါပေမဲ့လို့ ဆင်တူယိုးမှားပြသနာမျိုးလေးတွေ ရှိခဲ့တဲ့အပေါ်မှာ ကိုယ့်နိုင်ငံကပဲ ဦးဆောင်ပြီးတော့ လုပ်သွားတာမျိုးတွေ များနေတော့ အခုလို ထိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို တော်တော်လေးကို ကျနော်တို့က သဘောကျတယ်ဗျ။"

၆ မိုင်ကျော်ရှည်လျားတဲ့ ကျောက်ဂူတွင်းပိတ်မိနေဆဲ ကျောင်းသားကလေးတွေ ကယ်ထုတ်ရေး၊ အစာရိက္ခာပို့နိုင်ရေး လုံလောက်တဲ့အောက်ဆီဂျင်ရရှိရေးနဲ့ သူတို့ကို ကယ်ထုတ်လာနိုင်ရေး ဆောင်ရွက်နေချိန် မိုးများရေတွေ ဝင်လာနေတဲ့အတွက် အခက်အခဲ စိန်ခေါ်မှုတွေကြုံနေရချိန် ထိုင်းအစိုးရနဲ့အတူ အမေရိကန်၊ Australia ၊ ဗြိတိန်၊ တရုတ်အပါအဝင် ကမ္ဘာတလွှားက ဂူတွင်းကယ်ဆယ်ရေး ကျွမ်းကျင်သူတွေကလည်း အဲဒီနေရာကို လာရောက်ကူညီ ရှာဖွေပေးခဲ့ကြတာဖြစ်သလို နိုင်ငံတကာသတင်းမီဒီယာ တထောင်ကျော် ဂူရှေ့မှာစောင့်ပြီး တိုက်ရိုက်သတင်းပေးပို့နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG