သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Starlink စက်တွေ သယ်သူ မြန်မာနိုင်ငံသား ထိုင်းမှာ ဖမ်းဆီးခံရ


Starlink စက်တွေ သယ်သူ မြန်မာနိုင်ငံသား ထိုင်းမှာ ဖမ်းဆီးခံရ
Starlink စက်တွေ သယ်သူ မြန်မာနိုင်ငံသား ထိုင်းမှာ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ ခရိုင်၊ ဆန်ခလဘူရီက အကောက်ခွန်ဂိတ်မှာ Starlink ဂြိုဟ်တု အင်တာနက် စက်တွေအပါအဝင် ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းတွေ သယ်လာတဲ့ မြန်မာနိုင်ငံသား တဦးကို ထိုင်း နယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်ပါတယ်။ ဒီပစ္စည်းတွေကို ကျားဖြန့် လိမ်လည်လုပ်ငန်းတွေမှာ အသုံးပြုနိုင်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးလိုက်တာပါ။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူ နယ် ခြားမှာ မြန်မာဘက်က Call Center အွန်လိုင်းလိမ်လည်ဂိုဏ်းတွေဆီကိုပို့ဆောင်မယ့် အင်တာနက်သုံးလို့ရတဲ့ Starlink အလုံးပေါင်း ၂၀ကျော်၊ ပရင်တာတွေနဲ့ စက်ပစ္စည်းတွေကို ထိုင်းစစ်ဆေးရေး အဖွဲ့တွေက ဖမ်းဆီးလိုက်တယ်လို့ အမှတ် ၂၉ ခြေမြန်တပ်ရင်း၊ Latya Task Force က မတ်လ ၁၂ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ သတင်းထုတ်ပြန်ချက်အရ မတ်လ ၁၁ရက်နေ့က ကန်ချနပူရီခရိုင် နယ်စပ်စစ်ဆေးရေးဂိတ်မှာ မသင်္ကာရတဲ့ ပစ်ကပ်ကားတစီးကိုရှာဖွေဖမ်းဆီးရင်းနဲ့ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဒီကားထဲမှာ Starlink အင်တာနက်စက် ၂၁ ခုနဲ့ လက်ခံကိရိယာ ၅ ခု၊ ပရင်တာ ၅ ခုကို ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။ ဒီပစ္စည်းတွေကိုတော့မြန်မာနိုင်ငံသားတဦးက သယ်လာတာဖြစ်ပါတယ်။ အသက် ၃၃နှစ်အရွယ် MR. NYI NAING SOE ကိုတော့ ဖမ်းဆီးထိမ်းသိမ်းလိုက်ပြီး ဆက်လက်စစ်ဆေးမှုတွေလုပ်နေတယ်လို့ဆိုပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ Major General Atsadawut Panyarachun ခြေမြန်တပ်မ ၉၊ တိုင်းမှူး အစဒါယွတ် ပန်ယာဒါချွန်က "အခုပစ္စည်းကို သယ်လာတဲ့သူကအထဲမှာ ဘာတွေပါတယ်ဆိုတာ သူမသိရပဲ မြန်မာဘက်ကို ငွေပေးပြီး ပို့ခိုင်းခဲ့တဲ့အတွက် ပို့ရတာဖြစ်ပြီး ဒီပစည်းတွေဟာ ထိုင်းဘက်ကတားမြစ် ထားတဲ့ အီလက်ထနောနစ် ပစည်းတွေဖြစ်တဲ့အတွက် လုံးဝခွင့်ပြုလို့မရပါဘူး" ဆိုပြီးပြောသွားခဲ့တာပါ။

ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကအလုပ်သမားရေးရာတာဝန်ခံဦးမင်းဦးကတော့ ဒီပစ္စည်းတွေက ကျားဖြန့်လိမ်လည်ဂိုဏ်းတွေက အသုံးပြုဖို့ပစ္စည်းတွေဆိုတာကို အာဏာပိုင်တွေဘက်ကပြောဆိုခဲ့တယ်လို့လည်းဆိုပါတယ်။

" ဘတ်တသန်းကျော်တန်ဖိုးရှိတဲ့ပစ္စည်းတွေပါ။ အဲဒါတွေကိုအာဏာပိုင်တွေက ရှာပြီးဖမ်းဆီးတာပါ။ အဲဒါကတော့ ကျားဖြန့်နဲ့ဆိုင်တယ်။ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေကနေ မှာယူတာလို့သိရပါတယ်။ ကျားဖြန့်ကတော့အင်တာနက်မရှိမဖြစ်လိုအပ်တာကို လွန်ခဲ့တဲ့လပိုင်းကစပြီး ရွှေကုက္ကို ဘက်ကလူတွေက ဒီဘုရားသုံးဆူဘက်ကို ရွှေပြောင်းလာကြာတာ ကြီးကြီးမားမားဖြစ်နေပြီ"

Sangkhlaburi ရဲစခန်းကတော့ ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောဆိုခဲ့သလို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေပါ ပါဝင်ပတ်သက်နေတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း ကွန်ယက်တွေကို ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ အခုဖမ်းဆီးစစ်ဆေးမှုတွေဟာ ဝန်ကြီးချုပ်အမိန့်နဲ့အထူးစစ်ဆင်ရေးလုပ်နေချိန်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG