သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ် ရှမ်းဒုက္ခသည် အကူညီ ဖြတ်တောက်မည်


ထိုင်းမြန်မာနယ်စပ် ရှမ်းစစ်ဘေးရှောင် ဒုက္ခသည်များ (ဓါတ်ပုံ - VOA )
ထိုင်းမြန်မာနယ်စပ် ရှမ်းစစ်ဘေးရှောင် ဒုက္ခသည်များ (ဓါတ်ပုံ - VOA )

ထိုင်းမြန်မာနယ်စပ်မှာ သျှမ်းပြည်နယ်က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၆၂၀၀ ကျော်ကို Thai Burma Border Consortium-TBBC အပါအဝင် နိုင်ငံတကာ အကူပေးရေးအဖွဲ့တွေက စက်တင်ဘာ လကုန်ကစပြီး စားနတ်ရိက္ခာ ဖြတ်တောက်တော့မှာ ဖြစ်တဲ့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ဒုက္ခသည်တွေက ဆိုပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းကနေ ဘင်္ဂလားဒေ့ရှ်ကို ပြေးလားတဲ့ ဒုက္ခသည်တွေကို အာရုံစိုက်မှု ပိုများလာတဲ့အတွက် သျှမ်း ကရင် ကချင်စတဲ့ ဒေသတွေက စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အကူညီတွေ ပိုနည်းလာနေတယ်လို့ ရှမ်းဒုက္ခသည်ကော်မတီက ဆိုပါတယ်။ VOA သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားတာပါ။

မြန်မာနိုင်ငံ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် ၊ မိုင်းဆတ်ခရိုင် လင်းခေးခရိုင်အတွင်း လွိုင်လမ်၊ လွိုင်ဆမ်ဆစ်၊ လွိုင်ကော်ဝမ်း၊ လွိုင်တိုင်းလျဲန်း၊ ကုန်းကျော်နဲ့ ကောင်းမုန့်မိန်း ဒုက္ခသည်စခန်းတွေက ဒုက္ခသည် ၆ ထောင်ကျော်အတွက် အခြေခံ စားနပ်ရိက္ခာ ပေးနေတဲ့ TBBC ကနေ ဒီလ စက်တင်ဘာလကုန်ကနေ ရိက္ခာဖြတ်တောက်တော့မှာ ဖြစ်တာကြောင့်စားနပ်ရိက္ခာ အခက်အခဲတွေရှိနေကြောင်း လက်ရှိမှာ အကူညီေတွေကလဲ ရခိုင်ဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးလာတဲ့ ဒုက္ခသည်တွေကိုသာ နိုင်ငံတကာ အစိုးရတွေနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေက အာရုံစိုက်မှုရှိတာကြောင့် ပြည်တွင်းနေ ဒုက္ခသည်အတွက် ရိက္ခာ ဆက်မရတော့မယ့် အခြေအနေမှာ ရှိနေတယ်လို့ ရှမ်းဒုက္ခသည်ကော်မတီ တာဝန်ရှိသူ ဦးစိုင်းလင်းက ပြောပြပါတယ်။

"၆၂၀၀ လောက်ပေါ့။ ကမ့် ခြောက်ခုကပေါ့နော်- ၆၂၀၀ လောက်ရှိပါတယ်။ စက်တင်ဘာက last issue ပေါ့။ စက်တင်ဘာလ issue မှာ သူက အကုန်လုံးရပ်မှာပေါ့နော်။ စက်တင်ဘာကုန်ရင် ကျနော်တို့ ရိက္ခာက ကုန်ပြီပေါ့။ ကျနော်တို့ တောင်းတဲ့အချိန်မှာက ဘင်္ဂလီကိစ္စကလည်း ဘင်္ဂလားဒေ့ရှ်မှာ အဲဒီကိစ္စက ပိုပြီးတော့ နိုင်ငံတကာအကူအညီက ပိုပြီးတော့ အာရုံစိုက်နေတဲ့ သဘောမျိုး ဖြစ်နေတယ်။"

ဒုက္ခသည်တွေနဲ့ နေရပ်စွန့်ခွာနေကြတဲ့ ပြည်သူတွေဟာ အစိုးရစစ်တပ်ရဲ့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရခြင်း ကျေးလက်နေ ပြည်သူတွေကို အဓမ္မရွှေ့ပြောင်းစေတာတွေ ကျေးရွာတွေ မီးရှို့ခံရတာတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ပြည်တွင်းနေ ဒုက္ခသည်များ ဖြစ်တယ်လို့ ရှမ်းဒုက္ခသည်ကော်မတီက ဆိုပါတယ်။ ၁၉၉၆ ကနေ ၁၉၉၈ အတွင်း ရှမ်းပြည်နယ်တွင်းက သျှမ်းကျေးရွာပေါင်း ၁၄၀၀ ကျော်က ပြည်သူလူထု ၃ သိန်းလောက် နေရပ်စွန့်ခွာခဲ့ရတယ်လို့ သျှမ်းဒုက္ခသည်ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ရှမ်းဒုက္ခသည်
ထိုင်းမြန်မာနယ်စပ် ရှမ်းဒုက္ခသည်

လက်ရှိမှာလဲ သျှမ်းပြည်နယ်တွင်းက သူတို့နေထိုင်ရာ နေရာတွေမှာ တည်ငြိမ်အေးချမ်းမူ မရှိတဲ့အတွက် သူတို့နေရပ်မှာ ပြန်နေဖို့အတွက် မဖြစ်နိုင်ဘူးလို့လည်း ဦးစိုင်းလင်းက ပြောပါတယ်။

"ကိုယ့်ဒေသကိုယ် ပြန်ဖို့ဆိုလို့ရှိရင်လည်း ရှမ်းပြည်ဘက်မှာကလည်း တိုက်ပွဲတွေဖြစ်နေတယ်။ ပြီးတော့ ကျနော်တို့နေတဲ့ နေရပ်ရင်း ဒေသမှာက အစိုးရတပ်ကလည်း ရှိတယ်။ UWSA ရှိတယ်။ အခုကျတော့ နဂိုရ်ထက် နှစ်ဆ အနည်းဆုံးနှစ်ဆ၊ တချို့နေရာတွေမှာ သုံးဆလောက်များတယ်။ ကျနော်တို့ နေရင်းရွာတွေ ပြန်ပြီးတော့ နေမယ်ဆိုလို့ရှိရင် သူတို့တွေ နေကုန်ပြီကော။ ကျနော်တို့ ပြန်နေဖို့ မဖြစ်နိုင်တော့ဘူး။ ပြန်လို့ မဖြစ်နိုင်တော့ဘူး။ အဲဒါကြောင့် အစိုးရမှာလည်း သေချာရေရာတဲ့ အစီအစဉ်လည်း အခုထိ မရှိသေးဘူး။"

အလားတူးပဲ ကရင်ပြည်နယ်တွင်းက အိဒူထ ဒုက္ခသည်စခန်းမှာလည်း စက်တင်ဘာ လကုန်က အခုလို ရိက္ခာဖြတ်တောက် ခံရမှာ ဖြစ်တဲ့အတွက် အခက်အခဲတွေ ရှိတယ်လို့ကရင်ဒုက္ခသည်ကော်မတီကပြောပါတယ်။

ထိုင်းနယ်စပ်မှာရှိနေတဲ့ IDP ပြည်တွင်းနေ ဒုက္ခသည်တွေဟာ UNHCR ရဲ့စာရင်းဝင် ဒုက္ခသည်တွေလည်း မဟုတ်သလို ထိုင်းအစိုးရ အသိမှတ်ပြုထားတဲ့ ဒုက္ခသည်တွေလည်း မဟုတ်ကြဘူးလို့းဆိုပါတယ်။ ဒီအတွက် သြဂုတ်လကုန်ပိုင်းကပဲ ဒုက္ခသည် ၆၀၀၀ ကျော်က စားနပ်ရိက္ခာ ထောက်ပံ့မှု ဆက်ရရှိရေး၊ မြန်မာအစိုးရ တပ်မတော် အင်အားဖြည့်တင်းမှု ရပ်တန့်ရေး၊ ထိုးစစ်ဆင်နေမှု ရပ်တန့်ရေး၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရပ်တန့်ရေး အစရှိတာတွေ တောင်းဆိုကာ စခန်းအသီးသီးမှာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG