သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကလေးငယ်သေဆုံးမှု မိဘတွေ ထိုင်းရဲစခန်းတိုင်ချက်ဖွင့်


ထိုင်း ကြံစိုက်ခင်းထဲ သေဆုံးသွားတဲ့ မြန်မာကလေးငယ်ရဲ့မိခင် ရဲတိုင်ချက်ဖွင့်ထားကြောင်း ရှင်းလင်း။
ထိုင်း ကြံစိုက်ခင်းထဲ သေဆုံးသွားတဲ့ မြန်မာကလေးငယ်ရဲ့မိခင် ရဲတိုင်ချက်ဖွင့်ထားကြောင်း ရှင်းလင်း။

ထိုင်းနိုင်ငံ ဆူဖန်ဘူရီခရိုင်က ကြံစိုက်ခင်းထဲမှာ ပျောက်သွားတဲ့ ကလေးငယ် သေဆုံးမှုဟာ သွေးရိုးသားရိုး မဟုတ်ဘူးဆိုပြီး မိဘတွေက တိုင်ချက်ဖွင့်ခဲ့ ပြီးတဲ့နောက် ဆေးရုံကတော့ အလောင်းကို သင်္ဂြိုလ်ဖို့အတွက် မိဘတွေထံ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ပြန်အပ်နှံခဲ့ပြီလို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဆူဖန်ဘူရီခရိုင်က မြန်မာရွှေ့ပြောင်းမိသားစုရဲ့ ၂နှစ်အရွယ် ကလေးဟာ ကြံစိုက်ခင်းမှာ ပျောက်ဆုံးသွားတာ ၉ ရက်မြောက်နေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ အလောင်းကို ပြန်တွေခဲ့တာပါ။ ကလေးအလောင်းကို ပြန်တွေခဲ့ပြီးနောက်မှာတော့ မိဘတွေက ကလေးဟာ သွေးရိုးသားရိုး သေဆုံးတာ မဖြစ်နိုင်ဘူးဆိုပြီး တိုင်ချက်ဖွင့်ခဲ့ကြောင်း ကလေးရဲ့ကိုယ်ခန္ဓာမှာ ဒဏ်ရာဒဏ်ချက်တွေ ရှိနေတယ်လို့မိခင်ဖြစ်သူက ပြောပါတယ်။

“ အလောင်းရဲ့ အနေအထားက တကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေချည်းပဲ …”

ကလေးမိဘ ပြောဆိုသွားတာကတော့ သူတို့သားလေးဟာ သေရိုးသေစဉ် သေဆုံးသွားတယ်လို့ မထင်ဘူး၊ သဘာဝအတိုင်း သေတာ မဟုတ်ဘူး၊ ရိုးရိုး သေတာဆို ဒီလိုမဟုတ်ဘူး အလောင်းကို တွေ့တဲ့အချိန်မှာ ကလေးကိုယ်ခန္ဓာက ခေါက်နေတယ်။ ခြေထောက်က နောက်ကိုလှန်ပြီး ခေါင်းနားထိ ရောက် နေတယ်။ သာမန်မဟုတ်ဘူး တခုခုတော့ ဖြစ်နေတယ်လို့ ထင်တယ်။ ဆေးရုံမှာ ကြည့်ခွင့်ရတဲ့အခါမှာ အလောင်းအနေအထားက ဒဏ်ရာဒဏ်ချက်တွေ ချည်းပဲလို့ မိခင်ဖြစ်သူက ဆိုပါတယ်။

ပြီးတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ကလေးအလောင်းကို ပြန်ပေးတာမို့သူတို့အနေနဲ့ မသင်္ဂြိုလ်သေးဘူးလို့ ဆိုပါတယ်။ ကလေးသေတာ ရက်အနည်းငယ် ကြာနေပြီဆိုပေမယ့် ကလေးအလောင်းကတော့ အပုတ်နံ့ထွက်တာ အရည်တွေထွက်တာ မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ သူတို့ကို ထိုင်းရှေ့နေတွေက ကူညီဆောင်ရွက်ပေး နေပါတယ်ဆိုပြီး ပြောသွားပါတယ်။

နိုင်ငံတော်တရားရေးဌာနကနေ ဒီအမှုအတွက် ရှေ့နေတွေက လိုက်ပါဆောင်ရွက်ပေး နေတာကြောင့် မိသားစုကလည်း အမှန်အတိုင်း ဖြစ်စေဖို့ တိုင်ချက် ဖွင့်ခဲ့တာ ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေး ကွန်ယက်ရဲ့ ဥက္ကဌ ဦးအောင်ကျော်ကလည်း ပြောပါတယ်။

“ဒါကတော့ နိုင်ငံတော်က ဆောင်ရွက်ပေးနေတဲ့ ကိစ္စဖြစ်တာကြောင့် မိသားစုက အမှန်အတိုင်း ဖြစ်စေဖို့အတွက် တိုင်ချက်ဖွင့် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်”

အာဏာပိုင်တွေက ကြံစိုက်ခင်းက မြေကြီးတွေကို တူးဆွတဲ့ ထွန်စက်မောင်းသူ ထိုင်းနိုင်ငံသားတဦးကို သံသယနဲ့ ထပ်မံစစ်ဆေးနေပါတယ်။ သူ့ကို ပြီးခဲ့တဲ့ ရက်ကလည်း စစ်ဆေးမှုလုပ်ခဲ့တာပါ ။

ကလေးက ဆော့ကစားရင်းနဲ့ ထွန်စက်မောင်းတဲ့သူက မတော်တဆ တိုက်မိသွားရာကနေ အလောင်းကိုများ ဆက်ပြီး ဖျောက်ဖျက်လိုသလားဆိုတာ သံသယရှိနေတဲ့ အကြောင်းကိုလည်း ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG