သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောဝက်ကလေးတွေ ရှေ့လမှာ ကိုးရက်ကြာ သာသနာ့ဘောင်ဝင်မယ်


ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ Tham Luang လိုဏ်ဂူထဲကနေ ကယ်ထုတ်ထားတဲ့ တောဝက်ဘောလုံးအသင်းသားတွေထဲ က အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အရွယ် ဗုဒ္ဓဘာသာဝင် အသင်းသားတွေနဲ့ သူတို့ရဲ့ နည်းပြတို့ဟာ ဇူလိုင်လ ၂၄ ရက်နေ့မှာ ရှင်ပြု ရဟန်းခံကြတော့မှာဖြစ်ပြီး သြဂုတ်လ ၄ ရက်နေ့အထိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှာ သီတင်းသုံးကြမှာဖြစ်ပါတယ်။

ကျန်တဲ့ကလေးတဦးဖြစ်တဲ့ Adul Sam-on ကတော့ ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့အတွက် ရဟန်းခံရှင်ပြုမယ့်ထဲမှာ မပါဘူးလို့ ခရိုင်အုပ်ချုပ်ရေးမှူးကပြောပါတယ်။

“သူတို့တတွေဟာ ကိုးရက်ကြာ ရှင်ရဟန်းဘဝနဲ့ နေကြမှာပါ၊ ကလေး ၁၁ ယောက်က ကိုရင်ဝတ်ပြီး သူတို့နည်းပြ Ek ကတော့ ရဟန်းခံပါမယ်” လို့ ခရိုင်အုပ်ချုပ်ရေးမှူးက မယ်ဆိုင်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ တနင်္ဂနွေနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်း ထောက်တွေကို ပြောပါတယ်။

တောဝက်အသင်းသားတွေ သူတို့ရဲ့ ပုံမှန်ဘဝမှာ ပြန်ပြီးနေသားကျလာစေဖို့ အချိန်ပေးကြပါလို့ တာဝန်ရှိသူတွေက သတင်း မီဒီယာတွေကို ပန်ကြားထားပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ဖြစ်ရပ်ကို အမေရိကန်၊ ဟောလီးဝုဒ်ရုပ်ရှင်လုပ်ငန်းကထုတ်တဲ့ ဇာတ်ကားတွေလိုမျိုး ရိုက်ကူးထုတ်လုပ်ဖို့ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေက အကြီးအကျယ် စိတ်ဝင်စားနေကြတာပါ။

တောဝက်ဘောလုံးအသင်းသားတွေဟာ စူးစမ်းလေ့လာရေး ခရီးတခုအနေနဲ့ ဇွန်လ ၂၃ ရက်နေ့မှာ Tham Luang လိုဏ်ဂူထဲကို ဝင်သွားပြီးတဲ့နောက် မိုးအပြင်းအထန်ရွာပြီး ဂူထဲကိုရေတွေဝင်လာတဲ့အတွက် ပြန်မထွက်နိုင်ကြတော့ဘဲ ပိတ်မိသွားပါတယ်။ အဲဒီနောက် ၉ ရက်အကြာမှာ သူတို့ကိုပြန်ရှာတွေ့ပြီး သီတင်းတပတ်ကြာပြီးတဲ့နောက် ထိုင်းနဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ တွေက ခက်ခက်ခဲခဲ ပြန်ပြီး ကယ်ထုတ်ထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG