သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုဏ်ဂူတွင်းက ပြန်လွတ်လာတဲ့ ထိုင်းလူငယ်များ နေအိမ်ပြန်ကြပြီ


ထိုင်းနိုင်ငံက ရေကြီးနေတဲ့ လှိုဏ်ဂူတခုထဲမှာ ပိတ်မိရာက ပြန်လည်လွတ်မြောက်လာတဲ့ လူငယ်ဘောလုံးအသင်းဝင် ၁၂ ယောက်နဲ့ နည်းပြဆရာတို့ဟာ သီတင်းတပတ်ကြာ ဆေးကုသမှုခံယူနေခဲ့ရပြီး အခုတော့ အိမ်ပြန်နိုင်တော့မှာ ဖြစ်ပါတယ်။

တောဝက် လူငယ်ဘောလုံး အသင်းဝင်တွေဟာ ပထမဆုံးအကြိမ် လူမြင်ကွင်းကို ထွက်လာပြီး သတင်းစာရှင်းလင်းပွဲ လုပ်ဖို့အတွက် ဒီနေ့ပဲ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်က ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်တာပါ။

ကြိုတင်ပေးပို့ထားတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့တဲ့ ဘောလုံးအသင်းဝင်တွေရဲ့ ဒီနေ့နှောင်းပိုင်း သတင်းစာရှင်းလင်းပွဲကိုတော့ ရုပ်မြင်သံကြားကနေ တနိုင်ငံလုံးကို ပြသခဲ့ပါတယ်။ ဘောလုံးသမားဝတ်စုံ ဝတ်ဆင်ထားတဲ့ လူငယ်တွေကတော့ လှိုဏ်ဂူထဲမှာ ပိတ်မိခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်ပြောပြခဲ့ကြတာပါ။

အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အရွယ် ဘောလုံးသမားတွေနဲ့ နည်းပြဖြစ်သူတို့ရဲ့ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေဟာ ကောင်းမွန်နေကြောင်း အာဏာပိုင်တွေက ပြောဆိုထားကြပေမဲ့၊ ဆရာဝန်တွေကတော့ သီတင်း ၂ ပတ်ကျော်ကြာ လှိုဏ်ဂူထဲမှာ ပိတ်မိနေခဲ့တဲ့အတွက် ရေရှည်စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ခံစားရမှာကို စိုးရိမ်နေကြပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်မှာရှိတဲ့ လှိုဏ်ဂူထဲမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ဝင်သွားခဲ့ပြီးနောက် ရုတ်တရက် ရေကြီးရာက ပိတ်မိနေခဲ့တဲ့ ဘောလုံးအသင်းဝင်တွေကိုတော့ ၁၀ ရက်အကြာမှာပဲ၊ ဗြိတိသျှ ရေငုပ်သမားတွေက ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မုတ်သုန်ရာသီမိုးကြောင့် လှိုဏ်ဂူထဲမှာ ရေတက်လာပြီး၊ အောက်စီဂျင် ပြတ်လပ်မှာကို စိုးရိမ်မှုတွေနဲ့အတူ ထိုင်းနိုင်ငံနဲ့ နိုင်ငံစုံက ရေငုပ်အဖွဲ့ဝင်တွေပူးပေါင်းပြီး၊ ပြီးခဲ့တဲ့ သီတင်းတပတ်ကျော်ကပဲ ၃ သုတ်ခွဲပြီး ကယ်ဆယ်ခဲ့ကြတာပါ။ က ပိတ်မိနေသူတွေကို ကယ်ဆယ်မယ့် လမ်းကြောင်းတလျှောက်မှာ အောက်စီဂျင်ဗူးတွေ လိုက်ချနေစဉ်၊ ထိုင်းရေတပ်က အထူးရေငုပ်တပ်ဖွဲ့ဝင်ဟောင်း Saman Gunan လည်း မတော်တဆ သေဆုံးခဲ့ပါတယ်။ လွတ်မြောက်လာတဲ့ လူငယ်တွေကိုတော့ ရောဂါကူးစက်မှုမရှိအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ မိသားစုနဲ့ တိုက်ရိုက်တွေ့ခွင့်မပေးဘဲ ဆေးရုံမှာစောင့်ရှောက် ထားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG