သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်တင်နိုင်ခဲ့ပြီဖြစ်တဲ့ ထိုင်း ဂူတွင်းပိတ်မိခဲ့သူ ၁၃ ဦး အနက် မြန်မာပြည်ဖွား နှစ်ဦး ပါဝင်


ဇွန်လ ၂၃ ရက်နေ့ထဲက ထိုင်းလှိုဏ်ဂူထဲမှာ ပိတ်မိနေကြတဲ့ လူငယ်ဘောလုံးအသင်းသား အားလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒီနေ့မှာ စတင် အဆုံးသတ်တော့မှာဖြစ်ပါတယ်။ ဂူထဲမှာ ပိတ်မိနေတာ ၁၈ ရက်အကြာမှာ လူငယ် ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြတို့အားလုံးကို ဂူပြင်ရောက်အောင် ကယ်ဆယ်နိုင်ခဲ့တာပါ။ ဆေးရုံမှာ စစ်ဆေး ကုသမှုခံနေကြတဲ့ သူတို့ရဲ့ နောက်ဆုံးအခြေအနေအနေနဲ့ လူငယ် ၁၂ ယောက်ထဲက ဝလူမျိုးလူငယ်လေးနဲ့ ရှမ်းလူမျိုးနည်းပြတို့ရဲ့ အကြောင်းတွေကို မစုမြတ်မွန်က ဆက်ပြီး ပြောပြပါလိမ့်မယ်။

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထဲက နေရာတော်တော်များများ ရေလွှမ်းနေတဲ့ Tham Luang လှိုဏ်ဂူထဲမှာ ပိတ်မိနေကြတဲ့ အသက် ၁၁ နှစ်ကနေ ၁၆ နှစ်ကြား တောဝက်လူငယ်ဘောလုံးအသင်းသား ၁၂ ယောက်နဲ့ အသက် ၂၅ နှစ်အရွယ် သူတို့ရဲ့နည်းပြတို့ ဂူထဲကနေ ၁၈ ရက်မြောက်နေ့မှာ ပြန်လည်ထွက်လာနိုင်ခဲ့ကြပါပြီ။ ထိုင်းရေတပ်ရေငုပ်သမားတွေအပြင် ရေလွှမ်းနေတဲ့ဂူမျိုးထဲမှာ ရေငုပ်ကျွမ်းကျင်တဲ့ နိုင်ငံတကာက ရေငုပ်သမားတွေ စုစုပေါင်း ၉၀ လောက်ပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့က ခက်ခက်ခဲခဲ အန္တရာယ်ကြားကနေ ကယ်ထုတ်ခဲ့ရတာပါ။ အန္တရာယ်များလွန်းတဲ့အတွက် ၁၃ ယောက်ကို ၃ ခါခွဲပြီး ကယ်ဆယ်ခဲ့ရပါတယ်။ ပထမဆုံး July လ ဂ ရက်နေ့က ၄ ယောက်။ ၉ ရက်နေ့က ၄ ယောက်နဲ့ နောက်ဆုံး ၁၀ ရက်နေ့မှာ ၅ ယောက် ခွဲပြီး ကယ်ထုတ်ခဲ့ရတာပါ။ သူတို့ရဲ့ မိသားစုဝင်တွေသာမက တကမ္ဘာလုံးက ရင်တထိတ်ထိတ်နဲ့ စောင့်စားခဲ့ရပြီး အင်္ဂါနေ့ကတော့ ၅ ယောက်ပါတဲ့ နောက်ဆုံးအသုတ်ထွက်လာနိုင်ခဲ့တဲ့အတွက် အားလုံး စိတ်အေးနိုင်ပါတော့တယ်။ အားလုံး ဘယ်လောက်တောင် ပျော်ရွှင်ကြသလဲဆိုတာကို ဂူရှေ့မှာသတင်းယူနေတဲ့ ထိုင်းအခြေစိုက် Network Media Group သတင်းနဲ့မီဒီယာကွန်ယက်က ဦးဆောင်ညွှန်ကြားရေးမှူး ကိုအောင်မိုးမြင့်က ခုလိုပြောပြပါတယ်။

“ ၁၃ ယောက်မြောက်ထွက်လာပြီးတဲ့အချိန်မှာ သတင်းထောက်တွေက ဝိုင်းမေးတဲ့အချိန်မှာ ဒီထိုင်းမီဒီယာတွေကအစ ၊ ဒီမှာ ကူညီနေတဲ့လူတွေကအစ၊ ပျော်ပြီးတော့ လက်တွေ ဘာတွေမြှောက်ပြီးတော့ တခါတည်းပျော်ရွှင်နေကြတာပေါ့နော်။ ကယ်ဆယ်ရေးဦးဆောင်တဲ့လူတွေကအစ အရင်နေ့တွေကနဲ့ မတူပဲနဲ့ ဒီနေ့ဆိုရင် ပြုံးပျော်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ တက်တက်ကြွကြွနဲ့ ဖြစ်နေတာကို တွေ့ရပါတယ်ခင်ဗျ။”

ဖြစ်နိုင်မယ်လို့ မထင်တဲ့ ကယ်ဆယ်ရေးကို အောင်မြင်စွာလုပ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးဆောင်ကွပ်ကဲနေတဲ့ ချင်းရိုင်ခရိုင် ယာယီအုပ်ချုပ်ရေးမှူး Narongsak Osatanakorn ကသတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့တဲ့ ထိုင်းအဖွဲ့တွေ။ ထိုင်းအစိုးရတာဝန်ရှိသူတွေ။ ပုဂ္ဂလိက ကဏ္ဍကပါဝင်ကူညီသူတွေ။ သတင်းမီဒီယာသမားတွေနဲ့ တကမ္ဘာလုံးက ပံ့ပိုးကူညီမှုတွေကြောင့် ဘယ်သူမှ ဖြစ်နိုင်မယ်မထင်တဲ့ ကိစ္စကိုကျွန်တော်တို့ လုပ်နိုင်ခဲ့ကြပါတယ်။”

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ စတင် ရုတ်သိမ်းအဆုံးသတ် တော့မယ်လို့လည်း ပြည်နယ်အုပ်ချုပ်ရေးမှူး Osatanakorn က ပြောပါတယ်။ ကယ်ဆယ်နိုင်ခဲ့တဲ့ ဘောလုံးအသင်းသားတွေကိုတော့ ချင်းရိုင်ဆေးရုံမှာ သီးသန့်ခွဲထားပြီး ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်နေတဲ့အတွက် မိသားစုတွေနဲ့ ချက်ချင်း ထိတွေ့နှုတ်ဆက်ခွင့်မရသေးပါဘူး။ စိတ်ချရတဲ့ ကျန်းမာရေးအခြေအနေ မရောက်ခင် သူတို့နဲ့ မိသားစုတွေကြား မှန်ကာထားတဲ့ အခန်းတဖက် တချက်မှာပဲ ပေးတွေ့မှာဖြစ်တယ်လို့ ကိုအောင်မိုးမြင့်က ပြောပြပါတယ်။

“သူတို့ကိုထားထားတာကလည်း သီးသန့်လိုမျိုးဖြစ်နေပါသေးတယ်။ ၂ ရက် ၄၈ နာရီအတွင်းလုံးဝတွေ့လို့မရဘူး ၊ ဆေးကုသမှုခံယူရမယ် ပြီးတော့မှ တပတ်အတွင်းမှာ Result ထွက်အောင်လုပ်သွားမယ် ၂ ရက်အတွင်းဆေးစစ်လို့ ဘာမှမဖြစ်ဘူးဆိုရင် တောင်မှ မိသားစုတွေနဲ့တွေ့ရင် ကလေးနဲ့ မိဘတွေနဲ့က ၂ မီတာအကွာကနေ ဆေးဖြန်းထားတဲ့ အဝတ်အစားတွေနဲ့ တွေ့ရမယ့်ဟာအဆင့်ဆင့်တွေရှိတယ်ဆိုတော့ တပတ်လောက်အနည်းဆုံးအချိန်ယူရမယ် တခုခု ရောဂါ ရှိရင်တော့ ၁ လ ၂ လကြာနိုင်တယ်ဆိုတာမျိုးတွေရှိတယ်။”

တောဝက်ဘောလုံးအသင်းသားလူငယ် ၁၂ ယောက်ထဲမှာ အသက် ၁၄ နှစ်အရွယ် ဝတိုင်းရင်းသားလူငယ်လေးတယောက်လည်းပါပါတယ်။ ထိုင်းနဲ့မြန်မာနိုင်ငံကြား အရောင်းအဝယ်လုပ်တဲ့ ဝတိုင်းရင်းသား မိဘတွေက အိုက်လူးဆိုတဲ့ လူငယ်လေးကို မွေးပြီး ခရိယာန်သင်းအုပ် ဆရာတော်တပါးဆီမှာ အပ်ခဲ့တာကြောင့် ထိုင်းဖက်မှာ သူကြီးပြင်းခဲ့တာဖြစ်ပါတယ်။

“ထိုင်းလို ‘အိုက်ဒွန်း’ လို့ခေါ်တယ် မြန်မာလို ‘အိုက်လူး’ လို့ခေါ်တယ် သူက အသက် ၁၄ နှစ်ရှိပြီ သူလည်းပါသွားတယ်။ သူကတော့ မယ်ဆိုင်မှာဆိုရင် ဘောလုံးအားကစား မယ်ဆိုင်မြို့နယ်ထဲမှာ လက်ရွေးစင်ထဲမှာ ပါထားတဲ့တယောက်ဖြစ်တယ် ကျနော်တို့ ဘုရားကျောင်းမှာ သူ့ကိုပြုစုစောင့်ရှောက်ပေးတဲ့ သိက္ခာတော်ရဆရာနဲ့ မနေ့ကသွားတွေ့ဖြစ်တဲ့အချိန်မှာ သိက္ခာတော်ရဆရာတော်ပြောကြားတာကတော့ သူကစာကြိုးစားသူလည်းဖြစ်တယ်၊ အားကစား ဘက်မှာလည်းဘောလုံးမှမဟုတ်ဘူး ၊ Basketball မှာလည်း သူ ဝါသနာပါပြီးတော့ ကစားတယ်၊ နောက်တခုက ဘုရားကျောင်းမှာလည်း ဂီတာတီးတယ်။ တယောထိုးတယ်၊ ပညာရေးပိုင်းမှာလည်း လေ့လာတယ် အဘက်ဘက်မှာ ကြိုးစားတယ် လိမ္မာတယ် ထူးချွန်တဲ့လူတယောက်ဖြစ်တယ်ဆိုတာလည်း သိရတယ်။”

လူငယ်လေးတွေဂူထဲမှာ ပိတ်မိနေစဉ်ကာလအတွင်း အိုက်လူးရဲ့ မိဘတွေလည်း ဂူပြင်မှာ ရှိနေခဲ့ကြတယ်လို့ပြောပါတယ်။ တောဝက်ဘောလုံးအသင်းကို ဂူထဲဦးဆောင်ခေါ်သွားတဲ့ နည်းပြကလည်း မြန်မာနိုင်ငံက ရှမ်းလူမျိုးတဦးဖြစ်ပါတယ်။ သူ့ရဲ့ထိုင်းနာမည်ကို Ekapol Chantawong လို့ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

“ကျနော်တို့သိရတာက မြန်မာပြည်က ရှမ်းလူမျိုး၊ ဒီဘက်မှာ ရောက်လာပြီးတော့ နေထိုင်လုပ်ကိုင်စားသောက်ရင်းနဲ့ တောဝက်အသင်းမှာ နည်းပြအကူအနေနဲ့ ဆေးဘက်ပိုင်းမှာကူတယ်ဆိုတာ လောက်ပဲ သိရတယ်ခင်ဗျ။”

ခုလို လူငယ်ဘောလုံးသမားလေးတွေနဲ့ နည်းပြတို့ကို ကယ်တင်တဲ့ ခက်ခဲတဲ့ကယ်ဆယ်ရေးလုပ်ငန်းအတွင်း ထိုင်းရေတပ်က အငြိမ်းစားယူထားပြီးမှ လုပ်အားလာပေးတဲ့ ရေငုပ်သမားတယောက် ဂူထဲမှာ အောက်စီဂျင်ပြတ်ပြီး သေဆုံးခဲ့တာက လွဲလို့အားလုံး ဘေးကင်းအောင်မြင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးဆောင်ကွပ်ကဲခဲ့တဲ့ ချင်းရိုင်ခရိုင်ယာယီ အုပ်ချုပ်ရေးမှုးကတော့ အားလုံးရဲ့ မေတ္တာတရားကြောင့် ခုလိုအောင်မြင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG