စစ်ကောင်စီ ဖမ်းဆီးထားတဲ့ ထိုင်း ငါးဖမ်းသမား ၄ ယောက် အမြန်ဆုံး ပြန်လွှတ်ပေးရေး မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa လာမယ့် ဒီဇင်ဘာ ၁၉ ရက် ကြာသာပတေးနေ့ မြန်မာနိုင်ငံကို သွားရောက်မယ့်အကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
ထိုင်း ငါးဖမ်းသမား ၄ ယောက်ကို မြန်မာနိုင်ငံဘက်က ပြန်ပို့ဖို့ စီစဉ်နေတဲ့အကြောင်း ထိုင်း မြန်မာ နယ်ခြားကော်မတီအစည်းအဝေးကို ကိုးကားပြီး ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်ချုပ် Thanathip Sawangsaeng က ပြောဆိုပါတယ်။
ထိုင်း ဝန်ကြီးချုပ် Paetongtarn Shinawatra နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး နဲ့ ပြောဆိုချက်အရရော၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးရဲ့ ပြောကြားချက်အရရော၊ ငါးဖမ်းသမား ၄ ယောက်ပြန်ပို့ရေး ကိစ္စဟာ တရားရေး လုပ်ထုံးလုပ်နည်းအရ ကြန့်ကြာတာ ဖြစ်ပြီး တခြားကိစ္စမရှိဘူးလို့လည်း ပြောဆိုပါတယ်။လောလောဆယ် ထိုင်းငါးဖမ်းသမား ၄ ယောက်ကို ကော့သောင်းမှာ ချုပ်နှောင်ထားတယ်လို့လည်း ဒေသခံ သတင်းတွေကို ကိုးကားဖေါ်ပြထားပါတယ်။
ထိုင်းငါးဖမ်းသမားတွေနဲ့အတူ နိုဝင်ဘာလ ၃၀ ရက်နေ့က ဖမ်းဆီးခဲခဲ့ရတဲ့ တခြား မြန်မာနိုင်ငံသား ၂၇ ယောက်ရဲ့ အခြေအနေကတော့ မသိရသေးပါဘူး။ ရနောင်းနဲ့ မျက်နှာချင်းဆိုင် ကော့သောင်းဘက် မြန်မာရေပိုင်နက်ထဲ ဝင်လာတဲ့ ထိုင်းငါးဖမ်းလှေတွေကို ပစ်ခတ်ပြီး မြန်မာစစ်တပ်က ငါးဖမ်းသမားတွေကို ဖမ်းဆီးခဲ့တာပါ။ ဖမ်းမိသူထားသူတွေမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်မှုတွေ့ရတဲ့အတွက် စုံစမ်းစစ်ဆေးနေဆဲပဲလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ထိုင်း ပြည်သူ့ပါတီ ဒုတိယခေါင်းဆောင် လွတ်တော်မတ် Wiroj Lakkhanaadisorn ကတော့ မြန်မာစစ်တပ်ဘက်က ပစ်ခတ်ဖမ်းဆီးတဲ့ လုပ်ရပ်ဟာ လိုအပ်တာထက် လွန်လွန်ကျုးကျူး တုံ့ပြန်တဲ့ လုပ်ရပ်ဖြစ်ပြီး ဒီကိစ္စကို လာမယ့် ၂၀ ရက်နေ့ ထိုင်းနိုင်ငံမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံတဲ့အခါ ဒီကိစ္စကိုဆွေးနွေးဖို့ ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ Phumtham Wechayachai ကို တိုက်တွန်းနေပါတယ်။
Forum