သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းငါးဖမ်းသမား ၄ ယောက် နှစ်ကူးမှာပြန်လွတ်ဖို့ ထိုင်းဝန်ကြီးချုပ်မျှော်လင့်


 ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra

ထိုင်းနိုင်ငံမှာ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ ထိုင်းငါးဖမ်းသမားတွေ ပြန်လွတ်ရေးကို ထည့်ဆွေးနွေးမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ ဒီဇင်ဘာ ၁၉ ရက်မှာ တွေ့ဆုံဆွေးနွေးကြဖို့ရှိကြောင်းနဲ့ လက်ရှိမှာတော့ ထိုင်းငါးဖမ်းသမားတွေ ပြန်မလွတ်သေးဘဲ နှစ်ဆန်းပိုင်းလောက်မှာ လွတ်လာနိုင်တယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ် Paetongtarn Shinawatra က ဗုဒ္ဓဟူးနေ့က ပြောခဲ့တာြဖစ်ပါတယ်။

မြန်မာရေပိုင်နက်ထဲမှာ နိုဝင်ဘာ ၃၀ ရက်က ထိုင်းငါးဖမ်းလှေတွေကို မြန်မာရေတပ်က ပစ်ခတ်ခဲ့ပြီး ထိုင်းငါးဖမ်းသမား ၄ ယောက်အပါအဝင် ထိုင်းငါးဖမ်းစက်လှေကို မြန်မာဘက်က ဖမ်းဆီးသွားခဲ့တာပါ။ ငါးဖမ်းသမားတွေရဲ့ လုံခြုံရေးအတွက်တော့ စိုးရိမ်စရာမရှိဘူးလို့ ထိုင်းဝန်ကြီးချုပ်ရဲ့ အပြောကို Bangkok Post သတင်းစာမှာ ကိုးကားဖော်ပြပါတယ်။ ထိုင်းငါးဖမ်းသမား ၄ ယောက်ပြန်လွတ်ရေး အတွက် မြန်မာ ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးသန်းဆွေကိုရော ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးကိုပါ သူဆက်သွယ်စကားပြောခဲ့တယ်လို့ ဝန်ကြီးချုပ် Paetongtarn ကပြောကြားခဲ့ပါတယ်။

ထိုင်းစက်လှေပေါ်က မြန်မာငါးဖမ်းသမား ၂၇ ယောက်ရဲ့ အခြေအနေကတော့ မသိရသေးပါဘူး။ ဖမ်းမိသူထားသူတွေမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်မှုတွေ့ရတဲ့အတွက် စုံစမ်းစစ်ဆေးနေဆဲပဲလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်း ပြည်သူ့ပါတီ ဒုတိယခေါင်းဆောင် လွှတ်တော်အမတ် Wiroj Lakkhanaadisorn ကတော့ မြန်မာစစ်တပ်ဘက်က ပစ်ခတ်ဖမ်းဆီးတဲ့လုပ်ရပ်ဟာ လိုအပ်တာထက် လွန်လွန်ကျူးကျူး တုံ့ပြန်တဲ့ လုပ်ရပ်ဖြစ်ပြီး ဒီကိစ္စကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဒီဇင်ဘာ ၂၀ မှာတွေ့ဆုံတဲ့အခါ ဆွေးနွေးဖို့ ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ Phumtham Wechayachai ကို တိုက်တွန်းနေပါတယ်။ ထိုင်းငါးဖမ်းလှေတွေကို မြန်မာရေတပ်ပစ်ခတ်ချိန် ရေထဲခုန်ချထွက်ပြေးဖို့ ကြိုးစားစဉ် သေဆုံးသွားတဲ့ ငါးဖမ်းသမားအတွက် မြန်မာဘက်က လျော်ကြေးပေးရေး တောင်းဆိုဖို့လည်း သူက တိုက်တွန်းနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG