သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆိုင်လှိုဏ်ဂူထဲ ပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်း ဖြစ်ရပ်မှန် Netflix က ရုပ်ရှင် ရိုက်ဖို့ ထိုင်းအစိုးရ ခွင့်ပြု


မဲဆိုင် Tham Luang cave လှိုဏ်ဂူထဲ ပိတ်မိနေတဲ့ တောဝက်ဘောလုံး အသင်းဝင်များ
မဲဆိုင် Tham Luang cave လှိုဏ်ဂူထဲ ပိတ်မိနေတဲ့ တောဝက်ဘောလုံး အသင်းဝင်များ

မဲဆိုင် Tham Luang cave လှိုဏ်ဂူထဲမှာ ပိတ်မိခဲ့တဲ့ တောဝက်ဘောလုံး အသင်းဝင် ၁၃ ဦးနဲ့ ပတ်သက်လို့ကမ္ဘာကျော် ဖြစ်ရပ်မှန် ဇာတ်လမ်း ကို ရုပ်ရှင်အဖြစ် ရိုက်ကူးဖို့ အမေရိကန်နိုင်ငံက SK GLOBAL ရုပ်ရှင် ထုတ်လုပ်ရေး Netflix အဖွဲ့ကို ထိုင်းအစိုးရက မူပိုင်ရိုက်ကူးခွင့် ပေးလိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ထုတ်လွှင့်နေပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

မဲဆိုင်လှိုဏ်ဂူထဲမှာ ပိတ်မိပြီး အသက်အန္တရာယ်နဲ့ ရင်ဆိုင်ကာ ကယ်ထုတ်ခဲ့ရတာကြောင့် ကမ္ဘာတဝှမ်းလုံးက စိတ်ဝင်တစားဆုံး ဖြစ်တဲ့ တောဝက်ဘောလုံး အသင်းဝင် ၁၃ ယောက်ရဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ ဇာတ်လမ်းမူပိုင် ရိုက်ကူးခွင့်ကို နိုင်ငံတကာ ရုပ်ရှင်ကုမ္ပဏီတွေက ကမ်းလှမ်းခဲ့ပေမယ့် ထိုင်းအစိုးရက အရင်တုန်းကတော့ ခွင့်မပြုခဲ့ပေမဲ့ ၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှာတော့ နန်းနနွမ်း (အိပ်ပျော်နေတဲ့ ရှမ်းမင်းသမီး တောင်တန်း) ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ မဲဆိုင်အာဏာပိုင် တွေနဲ့ ထိုင်းအစိုးရ တာဝန်ရှိသူတွေဟာ ဘန်ကောက်မြို့မှာ တွေ့ဆုံစည်းဝေးခဲ့ပြီး ဇာတ်လမ်းတွဲ ရုပ်ရှင်ရိုက်ကူးခွင့်အား SK GLOBAL ကို မူပိုင်ပေးရန် ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ မဲဆောက်မှာ အခြေစိုက်ပြီး ကလေးသူငယ်တွေကို ကူညီစောက်ရှောက်မှု ပေးနေတဲ့ SAW အဖွဲ့က Board Member တဦး ဖြစ်တဲ့ Mrs Phuangthong က အခုလို ပြောပြပါတယ်။

"နိုင်ငံခြားက ကုမ္ပဏီကြီးပေါ့၊ အမေရိကန်ကပေါ့။ သူတို့က MOU လုပ်ထားတယ်ပေါ့။ အဲဒီ ရုပ်ရှင်ရိုက်မယ်။ သူတို့ ဘာတွေ ဖြစ်လာခဲ့တယ်ဆိုတာ၊ အဲဒီ ဂူထဲမှာ ရှိတုန်းက ဘာတွေဖြစ်ခဲ့သလဲဆိုတာ ပြောပြရမယ်။ သူတို့ အဲဒီကုမ္ပဏီနဲ့ပဲ ပြောရမယ်။ သူတို့ နည်းပြနဲ့ ကလေးတွေက တယောက်ကို သိန်း ၃၀ ရမယ်။ ဘတ်ငွေ ၃သန်း ပေါ့။ သူများ ရုပ်ရှင်လိုင်းတွေကိုတော့ ပြောပြလို့မရတော့ဘူး။ အဲဒီ ကုမ္ပဏီကိုပဲ ပြောပြရမယ်။ သူတို့ ရုပ်ရှင်ရိုက်မယ်ပေါ့။"

ကမ္ဘာကျော် ဖြစ်ရပ်မှန် ဇာတ်လမ်းတွဲတွေ ရိုက်ကူး ထုတ်လွှင့်နေတဲ့ Netflix မီဒီယာ ထုတ်လုပ်ရေးဟာ ကမ္ဘာမှာ ဝင်ငွေ အကောင်းဆုံးရနေတဲ့ ဇာတ်လမ်းတွေကို ရိုက်ကူး ထုတ်လုပ်နေတာပါ။ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေက ရတဲ့ ဝင်ငွေဟာ ၂၀၁၈ တစ်နှစ်ထဲ ဝင်ငွေဟာ အမေရိကန် ဒေါ်လာ ၁၅.၇၉၄ ဘီလျံ (ဒေါ်လာ သန်းပေါင်း ၁၅၀၀ ကျော်) ရှိပါတယ်။

မကြာခင် ရိုက်ကူးတော့မယ့် တောဝက် ဘောလုံးအသင်းဝင် ၁၃ ယောက် ရဲ့ ဘ၀ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းတွဲက ရလာတဲ့ ဝင်ငွေကို ထန့်လွင် ကျောက်လှိုဏ်ဂူ အတွင်း ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ပေးခဲ့တဲ့ အစိုးရနဲ့လူမှုရေး အဖွဲ့တွေကို ရန်ပုံငွေအဖြစ် ခွဲပေးမယ်လို့ သိရပြီး တောဝက်ဘောလုံး အသင်းဝင် ၁၃ ဦးအတွက်လည်း တစ်ဦးကို ဘတ်ငွေ ၃ သန်းစီရမှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင် မဲဆိုင်မြို့က မြန်မာနိုင်ငံသား ရှမ်းနွယ်ဖွား နိုင်ငံမဲ့ လူငယ်တွေ ပါဝင်တဲ့ တောဝက်ဘောလုံး အသင်းဟာ ကျောက်လှိုဏ်ဂူအတွင်း ခေတ္တလည်ပတ်ဖို့ ဝင်ကြည့်ခဲ့တဲ့အချိန် မိုးတွေရွာလာပြီး လှိုဏ်ဂူအတွင်းမှာ တောင်ကျရေတွေ တက်လာတာကြောင့် ဂူပြင်ကို ပြန်မထွက်နိုင်တော့ပဲ ၁၇ ရက်တာ ပိတ်မိနေခဲ့ကြတာပါ။ နောက်ဆုံး အသက်ရှင်ရက် ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ကို ကယ်ဆယ်ရင်းနဲ့ အောက်စီဂျင် ပြတ်လပ်ခဲ့တာကြောင့် ထိုင်းရေတပ်က တပ်ကြပ်ကြီး တဦးကတော့ သေဆုံးသွားခဲ့ရပါတယ်။

ကလေးတွေကို မတွေ့မချင်း နည်းအမျိုးမျိုးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို နေ့ညမပြတ် လုပ်ခဲ့တဲ့ ထိုင်း ရေတပ်မတော်နဲ့ ထိုင်းအစိုးရရဲ့ ထိုင်းလူထုတွေရဲ့ လူသားချင်း စာနာမူတွေကိုလည်း ကမ္ဘာတဝှမ်းလုံးက ချီးကျူးခဲ့ကြပါတယ်ရှင်။

XS
SM
MD
LG