သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခိုမှုဆိုင်ရာ အမေရိကန် အစီရင်ခံစာ ထိုင်းနိုင်ငံကြိုဆို


ထိုင်းဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာ။
ထိုင်းဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာ။

အမေရိကန်အစိုးရက နှစ်စဉ်ထုတ်ပြန်တဲ့ လူမှောင်ခိုကူးမှုဆိုင်ရာ အစီရင်ခံစာထဲမှာ ထိုင်းနိုင်ငံကို အဆင့်မြှင့် သတ်မှတ်လိုက်တဲ့ အတွက် ကျေးဇူးတင်တဲ့အကြောင်း ထိုင်း စစ်အစိုးရကပြောပါတယ်။ ထိုင်းနိုင်ငံကို အနိမ့်ဆုံးဖြစ်တဲ့ Tier 3 ကနေ Tier 2 စောင့်ကြည့်နိုင်ငံများစာရင်းထဲ အဆင့်မြှင့် သတ်မှတ်လိုက်တာပါ။

ထိုင်းနိုင်ငံဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အနိမ့်ဆုံး စံနှုန်းသတ်မှတ်ချက်တွေ အတိုင်း အပြည့်အ၀ မလိုက်နာပေမဲ့ ပြီးခဲ့တဲ့နှစ်အတွင်း သိသာထင်ရှားတဲ့ တိုးတက်မှုတွေရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူကုန်ကူးတာကို လုံး၀ သည်းမခံတဲ့ မူဝါဒကို ဆက်ကျင့်သုံးသွားမှာဖြစ်ပြီး ကျနော့်အလုပ်ကို ကျနော်လုပ်သွားပါမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာက သတင်းထောက်တွေကိုပြောပါတယ်။

ဒါပေမဲ့လည်း ထိုင်း နိုင်ငံကို အဆင့်မြှင့်သတ်မှတ်တဲ့ အပေါ် ရွှေ့ပြောင်း အလုပ်သမားအရေးလုပ်နေတဲ့ အဖွဲ့တွေကတော့ သဘောမတူကြပါဘူး။ လူကုန်ကူးခံရဖို့ အကာအကွယ်အမဲ့ဆုံးဖြစ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အကာအကွယ်ပေးရေး ထိုင်းအစိုးရက ထိထိရောက်ရောက်လုပ်တာ မရှိဘူးလို့ ထောက်ပြကြပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား သန်းနဲ့ချီရှိနေပြီး အဲဒီထဲကအများအပြားဟာ တရားဝင် နေထိုင်လုပ်ကိုင်ခွင့် ရထားသူတွေ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ်က Tier 2 အဆင့်မှာသတ်မှတ်ထားတဲ့ မြန်မာနိုင်ငံကတော့ ဒီနှစ် အဆင့်လျော့ပြီး Tier 3 အဆင့် သတ်မှတ်ခံရပါ တယ်။ မြန်မာနိုင်ငံဟာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ အတင်းအဓမ္မ အလုပ်ခိုင်းစေခံရတဲ့ ပင်ရင်းနိုင်ငံတခု၊ မြန်မာ နိုင်ငံတွင်းမှာရော ပြည်ပမှာပါ အမျိုးသမီးနဲ့ ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ လူကုန်ကူးခံရတဲ့ ပင်ရင်းနိုင်ငံတခုဖြစ်နေတယ်လို့ ကမ္ဘာတဝန်း လူကုန်ကူးမှုအခြေအနေဆိုင်ရာ အမေရိကန်အစိုးရကထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG