သုံးရလွယ်ကူစေသည့် Link များ

လူမှောင်ခိုမှု တိုက်ဖျက်ရေး အနိမ့်ဆုံးစာရင်းမှာ မြန်မာပါဝင်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၆ ခုနှစ် နိုင်ငံတကာ လူကုန်ကူးမှု အစီရင်ခံစာ

ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၆ ခုနှစ် နိုင်ငံတကာ လူကုန်ကူးမှု အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အနိမ့်ဆုံး Tier-3 အဆင့် လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ လုံးဝ ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့ နိုင်ငံ အဖြစ် သတ်မှတ်လိုက်ပါတယ်။ လူကုန်ကူးမှု အခြေအနေ လက်ရှိထက်ပိုပြီး အကာအကွယ်ပေးနိုင်ဖို့ အစိုးရကိုတွန်းအားပေးတဲ့အနေနဲ့ Tier 3 အဆင့် ၃ အဖြစ် လျှော့ချလိုက်တဲ့သဘောဖြစ်ပြီး ကလေးစစ်သားအရေး၊ လူကုန်ကူးခံခဲ့ရသူတွေ လူ့မှု အသိုင်းအဝိုင်းထဲ ပြန်လည် ဝင်ဆံ့ရေး၊ မြန်မာ သံရုံးတွေက လူကုန်ကူးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီရေးစတဲ့ တိုက်တွန်းအကြံပြုချက်တွေ ကို အစီရင်ခံစာ ထဲမှာဖေါ်ပြ ထားပါတယ်။ ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။

ကမ္ဘာတဝန်း လူကုန်ကူးမှုပြသနာတွေကို ဝိုင်းဝန်းတိုက်ဖျက်နေတဲ့ကြားက လူသန်း ၂၀ ကျော် လူကုန်ကူး ကျွန်ပြုခံနေရပါတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ဒီကနေ့ ကျင်းပတဲ့ ၂၀၁၆ ခုနှစ် လူကုန်ကူးမှု နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်ပွဲအခမ်းအနားမှာ ဝန်ကြီး John Kerry က အခုလို အဖွင့်မိန့်ခွန်းပြောဆိုလိုက်ပါတယ်။

“လူကုန်ကူးမှအကြောင်းပြောရင် လူအချင်းချင်း ကျွန်ပြုတာကိုပြော တာဘဲဖြစ်ပါတယ်။ ခေတ်သစ်ကျွန်စံနစ်ပါဘဲ။ ဒီကနေ့ လူ သန်း ၂၀ ဟာ လူကုန်ကူးခံနေရဆဲဖြစ်ပါတယ်။ အဲဒီလူသန်း ၂၀ ဟာ ခင်ဗျားတို့လိုဘဲ လူသားတွေဘဲဖြစ်ပါတယ်။ သူတို့မှာ နာမည်တွေရှိပါတယ်။ မိသားစုတွေလည်း ရှိကြမှာပါဘဲ။ ဘယ်လိုလူသားမှ ခံနိုင်ရည်မရှိနိုင်တဲ့၊ အသက်ရှင်ရက်နဲ့ ငရဲကျသလို ဘဝမျိုးကို သူတို့တတွေခံစားကြဖို့ အဓမ္မတွန်းပို့ခံနေကြရသူတွေဖြစ်ပါတယ်။”

ဒီကနေ့ထုတ်ပြန်တဲ့ နိုင်ငံတကာလူကုန်ကူးမှု အစီရင်ခံစာမှာ လူကုန်မှုတိုက်ဖျက်ရေး ဖိဖိစီးစီးမကိုင်တွယ်တဲ့ အီရန်၊ မြောက်ကိုရီးယား နဲ့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတချို့ကို အနိမ့်ဆုံး Tier-3 အဆင့် လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ လုံးဝ ပူးပေါင်း ဆောင်ရွက်မှုမရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လူကုန်ကူးမှု အခြေအနေ ထက်ပို အကာအကွယ်ပေးနိုင်ဖို့ အစိုးရကိုတွန်းအားပေးတဲ့အနေနဲ့ Tier 3 အဆင့် ၃ အဖြစ် လျှော့ချလိုက်တဲ့ သဘောဖြစ်ပြီး ကလေးစစ်သားအရေး၊ လူကုန်ကူးခံခဲ့ရသူတွေ လူ့မှုအသိုင်းအဝိုင်းထဲပြန်လည်ဝင်ဆံ့ရေး၊ မြန်မာသံရုံးတွေက လူကုန်ကူးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီရေးစတဲ့ တိုက်တွန်းအကြံပြုချက်တွေ ကို အစီရင်ခံစာထဲမှာဖေါ်ပြထားပါတယ်။

မတရားကျွန်ပြုခံနေကြသူတွေကို ကယ်တင်နိုင်ရေး၊ လူကုန်မှုတိုက်ဖျက်ရေးမှာ အမေရိကန်ပြည်ထောင်စုက ဦးဆောင်ဦးရွက်ပြု ပံ့ပိုးပေးနေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကပြောပါတယ်။

“ဒီကနေ့ထိတောင် လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ စိန်ခေါ်အကဲစမ်းမှု အတိုင်းအတာ ဟာ အဆမတန်များပြားနေဆဲဖြစ်ပါတယ်။ မိန်းကလေးငယ်တွေကို လိင်ကျွန်ပြုတာ၊ အမျိုးသမီးတွေကို ချုပ်နှောင်ပြီးခိုင်းစေတာ။ ယောက်ကျားလေးတွေ၊ အမျိုးသားတွေကို နေပူထဲ ကျွန်ခံစေပြီး မတရားခိုင်းစေတာတွေရှိနေဆဲပါ။ ဒါပေမဲ့ ကျနော်တို့ ဒါတွေကို တိုက်ဖျက်နိုင်ခဲ့ပါတယ်။ ဆက်ပြီး တိုက်ဖျက်နိုင်မယ်လို့လည်းယုံကြည်ပါတယ်။”

ပြီးခဲ့တဲ့နှစ် ၂၀၁၅ နိုင်ငံတကာ လူကုန်ကူးမှု အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ Tier-2 အဆင့်နဲ့ စောင့်ကြည့်ခံနိုင်ငံ အဆင့်ဖြင့် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ သတ်မှတ်ခြင်းခံရတဲ့ နိုင်ငံတွေအနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ဆောင်ရာမှာ အနိမ့်ဆုံး သတ်မှတ်ချက်တွေကို အပြည့်အ၀ လိုက်နာခြင်းမရှိပေမဲ့ ကြိုးပမ်းလုပ်ဆောင်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

အခုအနိမ့်ဆုံး Tier-3 အဆင့်ကတော့ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ လုံးဝ ပူးပေါင်း ဆောင်ရွက်မှုမရှိတဲ့ နိုင်ငံအဆင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီအဆင့်မှာ သတ်မှတ်ခြင်းခံရရင် ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အကူတွေ အပါအ၀င် တခြားဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရင်ဆိုင်ရဖွယ်ရှိပါတယ်။

ဒီကနေ့ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၆ ခုနှစ်နိုင်ငံတကာ လူကုန်ကူးမှုအခြေအနေအစီအရင်ခံစာမှာ အခုလို မြန်မာနိုင်ငံကို Tier 3 အဆင့် ၃ လျှော့ချလိုက်တဲ့အတွက် စိတ်မကောင်းဖြစ်ရပါကြောင်း၊ လက်ရှိမြန်မာအစိုးရက အလေးထားဆောင်ရွက်နေတဲ့ လူကုန်ကူးမှုအဓိကဖြစ်ပွားစေတဲ့ ဆင်းရဲ မွဲတေမှုလျှော့ချရေးကို မထိခိုက်စေလိုကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

XS
SM
MD
LG