သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းက နိုင်ငံခြားသား အလုပ်သမားတွေ သက်တမ်းတိုး ကင်းလွတ်ခွင့်ရ


ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ခွင့် အထောက်အထား ပန်းရောင်ကတ်။
ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ခွင့် အထောက်အထား ပန်းရောင်ကတ်။

(Zawgyi / Unicode)

ထိုင်းနိုင်ငံက နိုင်ငံခြားသား အလုပ်သမားတွေကို ယာယီအလုပ်လုပ်ခွင့် သက်တမ်းတိုးပေးတာနဲ့ ဒဏ်ကြေးကင်းလွတ်ခွင့် ပြုလိုက်တဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံက ထုတ်ပေးထားတဲ့ အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ထားတဲ့ နိုင်ငံခြားသား အလုပ်သမားတွေအနေနဲ့ COVID-19 အရေးပေါ်ကာလအတွင်း နိုဝင်ဘာလ ၃၀ ရက်အထိ ယာယီအလုပ်လုပ်ခွင့် ပေးလိုက်ပါပြီ။ ဒါ့အပြင် သက်တမ်းကျော်လွန်ရင် ပေးဆောင်ရတဲ့ ဒဏ်ကြေးတွေကိုလည်း ကင်းလွတ်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

MOU နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ လာကြတဲ့ အလုပ်သမားတွေမဟုတ်ဘဲ အရင်တည်းက ထိုင်းနိုင်ငံထဲကို ရောက်ရှိနေထိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်လုပ်ခွင့် သက်တမ်းတိုးဖို့ နာမည်စာရင်းတွေကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တင်ကြဖို့ ထိုင်းအစိုးရက အစောပိုင်းမှာ ကြေညာထားခဲ့တာပါ။

ဒါပေမယ့် COVID-19 အရေးပေါ်ကာလမှာ ထုတ်ပြန်ခဲ့တဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ဧပြီလ ၁၆ ရက်နေ့ ကြေညာချက်အရ အလုပ်လုပ်ခွင့် အထောက်အထား (ပန်းရောင်ကတ်) ရပြီးသားသူတွေကို နိုဝင်ဘာလ ၃၀ ရက်အထိ ယာယီနေထိုင်ခွင့် ပြုလိုက်ပါတယ်။

ဒဏ်ကြေးကင်းလွတ်ခွင့်ပြုပြီး နေထိုင်ခွင့်ပေးတာကို ကြိုဆိုပေမယ့် လူမှုဖူလုံရေး အကျိုးခံစားခွင့်မရှိတဲ့ အလုပ်လက်မဲ့တွေကတော့ အခက်အခဲ ရှိနေဦးမယ်လို့ ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ အလုပ်သမားနဲ့ မှတ်တမ်းရေးရာ တာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“ဒါက ကောင်းပါတယ်။ ခြုံပြီးပြောမယ်ဆိုရင်တော့ အခု ကင်းလွတ်ခွင့်ပေးမယ်ဆိုတာ ကောင်းပါတယ်။ ဒီရောဂါက ဘယ်အထိ ဆက်သွားမလဲမသိဘူး။ လုပ်ငန်းခွင်ထဲ မဝင်ရဘူးဆိုရင် အလုပ်သမားတွေက အခက်အခဲတော့ရှိမှာပဲ။ အရေးကြီးတာက လူမှုဖူလုံရေးဝင်ထားတဲ့ အလုပ်သမားတွေ အတွက်ကတော့ လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေက လာမယ့်အပတ်မှာထွက်မယ်။ လူမှုဖူလုံရေး မထည့်ထားတဲ့ လူမှုဖူလုံရေး အကျုံးမဝင်တဲ့ အလုပ်သမားတွေအတွက် ထိုင်းအစိုးရက ဘယ်လိုစဉ်းစားပေးမလဲဆိုတာ စောင့်ကြည့်ရမှာ။ အဲဒါက ပိုအရေးကြီးတယ်။ အဲဒီကာလမှာ သူတို့အတွက် အကျိုးခံစားခွင့်ရှိမယ် ဆိုရင်တော့ ကောင်းတာပေါ့။ နိုမို့ အလုပ်မရှိဘဲဆိုရင် ၈ လ ၉ လပဲ နေထိုင်ခွင့်ပေးထားပေးထား၊ ၃ လပဲ ပေးထားပေးထား အလုပ်မရှိဘူးဆိုတော့ အခက်အခဲတွေ ရှိနေမှာပဲ။"

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကစလို့ အခု COVID-19 ကပ်ရောဂါဖြစ်နေတဲ့ အချိန်ထိ စက်ရုံပေါင်းတထောင်ကျော် ပိတ်ပစ်ခဲ့ရတာဖြစ်ပြီး လုပ်အားခ မပေးနိုင်ဘဲ ဒေဝါလီခံလိုက်ရတဲ့ စက်ရုံတွေလည်း ရှိနေပါတယ်။ စက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေမှာလည်း လုပ်အားခ နစ်နာတာတွေ၊ နေရပ်ပြန်ရတာတွေလည်း ရှိနေပါတယ်။ အခုအခါမှာတော့ စက်ရုံအတော်များများမှာ စီးပွာရေးလုပ်ငန်း အဆင်မပြေမှုတွေကြောင့် လုပ်သားငှားရမ်းမှု လျှော့ချတာတွေလည်း ရှိနေပါတယ်။ ထိုင်းနိုင်ငံထဲမှာ အထောက်အထားမဲ့တွေရော အထောက်အထားမျိုးစုံနဲ့ရော မြန်မာလုပ်သား ၃ သန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------------

(Unicode)










XS
SM
MD
LG