သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ်က မူးယစ်ဆေး ဘတ်ငွေသန်း ၂၅၀၀ ဖိုး ထိုင်းရဲဖမ်းမိ


၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် စိတ်ကြွဆေးထုတ်များ။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် စိတ်ကြွဆေးထုတ်များ။

ထိုင်းနိုင်ငံ စလဘူရီ ခရိုင် အတွင်းက နာမည်ကြီး အမွှာငရဲ မူးယစ်ဂိုဏ်းဝင်တွေ နဲ့ အတူ ထိုင်း-မြန်မာနယ်စပ် က တင်သွင်းလာတဲ့ ကာလ တန်ဖိုး ဘတ်ငွေသန်းပေါင်း ၂၅၀၀လောက် တန်ဖိုးရှိတဲ့ အိုက်စ်လို့ ခေါ်တဲ့မူယစ်ဆေး ကီလို၅၀၀နဲ့ စိတ်ကြွဆေး ၄သန်းနီးပါးကို မေလ ၃၁ရက်နေ့က ဖမ်းမိခဲ့ကြောင်း ထိုင်းရဲချုပ်ကသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် VOA မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမွှာငရဲဂိုဏ်းလို့ အမည်ရတဲ့ ဂိုဏ်းနဲ့ ဆက်နွယ်နေတဲ့ နုံထဘူရီ ခရိုင် အမှတ် (၁) နယ်မြေ မှာ နောက်ထပ် မူးယစ်ဂိုဏ်းဝင်တွေကို ထပ်မံဖမ်းဆီးလိုက်ပြီးတဲ့နောက် အိုက်စ်လို့ ခေါ်တဲ့ မူးယစ်ဆေး ကီလို၅၀၀နဲ့ အတူစိတ်ကြွဆေး ၄သန်းနီးပါးကို ဖမ်းမိခဲ့တာပါ။ ထိုင်းဒုတိယရဲချုပ် ချလန်ကီယက်စီဝါရာခံ ကတော့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလိုပြောသွားပါတယ်။

“အပါချီ ဂိုဏ်း လိုခေါ်တဲ့ အမွှာငရဲဂိုဏ်းဟာ တန်ဘိုးကြီးဇိမ်ခံကားတွေ ကို သုံးပြီး ထိုင်းမြောက်ပိုင်းက လာတဲ့ မူးယစ်ဆေးဝါး တွေကို သန်းနဲ့ချီ ကားစင်းလုံးပြည့် သယ်ဆောင်ဖြန့်ပေးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ အာပချီ မူးယစ်ဂိုဏ်းဟာ အသက် ၂၃ နှစ် ၃၀ နှစ်အကြား ရှိ ထိုင်းလူငယ်တွေဖြစ်ပြီး ဂိုဏ်းဝင် (၇)ဦးမှာ အမျိုးသမီးနှစ်ဦးပါဝင်တယ်လို့ ဆိုပါတယ်။ ရဲချုပ် ချလန်ကိရက် စီဝါရာခန်ကတော့ ဒီဂိုဏ်းနဲ့ ဆက်စပ်ပြီး ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင်ကနေ ထိုင်းတောင်ပိုင်း မလေးနယ်စပ်အထိ ပို့ဖို့ သယ်လာတဲ့ Isuzu အမျိုးအစားဇိမ်ခံ ကားအပြည့်တင်လာတဲ့ အိုက်စ်လို့ ခေါ်တဲ့ မူးယစ်ဆေးကီလို ၅၀၀ ကို ဘန်ကောက်မြို့ စိုင်မိုင် အဝေးပြေးလမ်းမမှာ ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောဆိုသွားပါတယ်။”

ထိုင်းမူးယစ်တပ်ဖွဲ့ရဲ့ ချမှတ်ထားတဲ့ မူအတိုင်း စိတ်ကြွဆေးတွေကို နိုင်ငံအတွင်း ဝင်မလာအောင် ပိတ်ဆို့တာဆီးမယ် ဝင်လာခဲ့ရင်လည်း ရအောင်လိုက်ဖမ်းဆိုတဲ့အတိုင်း မူးယစ်ဆေး လက်ကြီး ဂိုဏ်းဝင်တွေနဲ့ ဆက်နွယ်နေသူတွေကိုပါ ဆက်တိုက်ရှင်းလင်းနေပြီဖြစ်ပါတယ်လို့ရဲချုပ်က ပြောဆိုသွားပါတယ်။

ထိုင်းနိုင်ငံတွင်းကို မူးယစ်ဆေးဝါးတွေ အဓိကဝင်နေတဲ့လမ်းကြောင်းကတော့
ထိုင်း- မြန်မာနယ်စပ်ချင်းရိုင်ခရိုင် ကဖြစ်ပြီး ဒီနယ်မြေကိုတော့ စစ်ဆင်ရေးနယ်မြေ သတ်မှတ်ပြီး ဆက်တိုက်ဖမ်းဆီးမူတွေ လုပ်နေပေမယ့် မူးယစ်ဆေးဝါးသယ်ဆောင်မူတွေက များလွန်းတဲ့ အတွက် တချို့ မူးယစ်ဆေးတွေကိုတော့ ဘန်ကောက်ရောက်မှပဲ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ ၂၀၁၉ မတ်လအထိ စိတ်ကြွဆေးပြားသန်း ၃၀၀ကျော် ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပြီး စိတ်ကြွဆေးသန်း ၂၀၀ကျော်ဟာ ချင်းရိုင်ခရိုင်ထဲမှာ ဖမ်းဆီးမိတာဖြစ်တယ်လို့လည်း ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG