မြန်မာနိုင်ငံ နယ်စပ်အခြေစိုက် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းတဲ့ အစီအစဉ် တစိတ်တပိုင်း အဖြစ် မြန်မာနိုင်ငံကိုတင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေကို ထိုင်းနိုင်ငံကကန့်သတ်မယ့်သတင်းကြောင့် ကုန်သည်တွေ စိုးရိမ်နေကြပါတယ်။ မြန်မာဘက်ကိုတင်သွင်းနေတဲ့စက်သုံးဆီအပြင် အခြား လူသုံးကုန် ၁၁ မျိုးနီးပါးကို ထိုင်းဘက်က ကန့်သတ်မယ့်သတင်းကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်လာ နိုင်တယ်လို့လည်း ပြောပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အခြေအနေ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။
မြန်မာဘက်ကို နယ်စပ်ကနေသွင်းနေတဲ့ ကုန်ပစ္စည်းတွေထဲက ကုန်စည် ၁၁ မျိုးနီးပါးကို ထပ်ပြီး ကန့်သတ်လိုက်တယ်ဆိုတဲ့သတင်းတွေ ထိုင်းနယ်စပ်မှာ ထွက်ပေါ်နေပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမြို့မှာရှိတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ မြန်မာဘက်ကို ရောင်းချနေတဲ့ စက်သုံးဆီတွေကိုကန့်သတ်အပြီး နောက်ထပ် ကုန်စည်ပေါင်း ၁၁ မျိုးနီးပါးကို ထိုင်းက ကန့်သတ်လိုက်တယ်ဆိုတဲ့ သတင်းထွက်လာတာပါ။
အဓိက,ကတော့ ကျားဖြန့်လုပ်ငန်းတွေမှာ လိုအပ်နိုင်တဲ့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေကို ကန့်သတ်တာဖြစ်နိုင်တယ်လို့ မြန်မာကုန်သည်တချို့က ပြောပါတယ်။ ဒီပစ္စည်းတွေကတော့ မိုဘိုင်းဖုန်း၊ ဖုန်းဘက်ထရီနဲ့ အခြားအားသွင်း ဘက်ထရီမျိုးစုံ၊ အင်ဗာတာ၊ မီးစက်၊ ဆိုလာပြား၊ ဖုန်းနဲ့ဆက်စပ်ပစ္စည်တွေ၊ လျှပ်စစ်ကြိုး၊ ကွန်ပျူတာအစိတ်အပိုင်း၊ ကွန်ပျူတာဆော့ဖ်ဝဲ၊ အင်ဂျင်ဝိုင် စတာတွေ ဖြစ်ပါတယ်။
ထိုင်းဌာနဆိုင်ရာ သတင်းတွေက ဒီကိစ္စကို တရားဝင် မထုတ်ပြန်သေးပေမဲ့ မြန်မာဘက်ကိုပို့မဲ့ ကုန်လှောင်ရုံတွေမှာ ထိုင်းတာဝန်ရှိသူတွေက စက်သုံးဆီအပါအဝင် ဒီပစ္စည်း ၁၁ မျိုးကို အဓိက ရှာဖွေကြတယ်လို့ ထိုင်းနယ်စပ်က မြန်မာလုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။
"သူတို့က သူတို့ဝင်စစ်တဲ့အချိန်မှာ ဒီပစ္စည်းကျနော်တို့ဆီမှာ၊ ကျနော်တို့ဆီမှာမှမဟုတ်ဘူး။ ကုန်စည်ပို့ဆောင်ရေးလုပ်နေသူတွေ အကုန်လုံးဆီမှာ၊ တဦးချင်းစီမှာ ဝင်စစ်လို့တွေ့ရင် ဒါ ပြဿနာတော့ ရှိတာပေါ့။ အခု(ထိုင်း) နယ်ဘက်မှာ တောက်လျှောက် အကုန်လိုက်စစ်တယ်။ သူတို့က အဲလိုတားမြစ်တယ်ဆိုပေမဲ့လည်း ကျနော်တို့မှာလည်း ကျနော်တို့လမ်းကြောင်းတွေနဲ့ ကျနော်တို့ ရှိကြတာပေါ့နော်။ ဒါပေမဲ့ အဓိကတော့ ဆီတွေဘာတွေ ကျနော်တို့ မသယ်ဘူး။ ဆိုလာပြား ဘက်ထရီတွေကျလည်း မယူဘူး။ ကျနော်တို့ အဓိကယူတာက power pack တွေက အသုံးအဆောင်အတွက် တလုံးနှစ်လုံးတွေက ကိစ္စမရှိဘူး။ အများနဲ့က ကျနော်တို့မယူဘူး။ စားသောက်ကုန်တွေပဲ ကျနော်တို့ယူတယ်။"
မြန်မာနယ်စပ်မြို့တွေက ကျားဖြန့်လုပ်ငန်းတွေအတွက် အထောက်အပံ့ဖြစ်နိုင်တဲ့ လျှပ်စစ်နဲ့ စက်သုံး ဆီကို အခုလ အစောပိုင်းကစပြီး ထိုင်းအစိုးရက ဖြတ်တောက်ခဲ့ပါတယ်။ ဒါကြောင့် ကရင်ပြည်နယ် မြဝတီမြို့အပါအဝင်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းက မြို့နယ်တွေမှာ စက်သုံးဆီ ပြတ်လပ်မှုတွေကို ကြုံနေရတာပါ။ အခု ထိုင်းဘက်က ထပ်မံ တားမြစ်လာတဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း ပြည်တွင်းစျေးကွက်မှာ စျေးတက်လာတာမျိုးတွေ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ လုပ်ငန်းတချို့က ခန့်မှန်းထားပါတယ်။
Forum