သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေလိမ်ဂိုဏ်းလှည့်ဖျားခံရသူ တရုတ် ၂ ယောက်ကို ထိုင်းကယ်တင်


ထိုင်းနိုင်ငံမှာလည်ပတ်ဖို့ လေယာဥ်ကွင်းကနေ ကားငှားခဲ့ရာမှာ လူကုန်ကူးဂိုဏ်းသားယာဥ်မောင်းက တာ့ခရိုင် ဖွတ်ဖရမြို့နယ်ဆီလမ်းလွှဲခေါ်ဆောင်သွားခံရပြီး ထိုင်းစစ်တပ်က ကယ်ဆယ်ထားတဲ့တရုတ်နိုင်ငံသားနှစ်ဦး။ (ဓာတ်ပုံ -ထိုင်းစစ်တပ်/ဇန်နဝါရီ ၁၀၊ ၂၀၂၅)
ထိုင်းနိုင်ငံမှာလည်ပတ်ဖို့ လေယာဥ်ကွင်းကနေ ကားငှားခဲ့ရာမှာ လူကုန်ကူးဂိုဏ်းသားယာဥ်မောင်းက တာ့ခရိုင် ဖွတ်ဖရမြို့နယ်ဆီလမ်းလွှဲခေါ်ဆောင်သွားခံရပြီး ထိုင်းစစ်တပ်က ကယ်ဆယ်ထားတဲ့တရုတ်နိုင်ငံသားနှစ်ဦး။ (ဓာတ်ပုံ -ထိုင်းစစ်တပ်/ဇန်နဝါရီ ၁၀၊ ၂၀၂၅)

အွန်လိုင်းငွေလိမ်ဂိုဏ်းသားတွေ လှည့်ဖျားခေါ်တာခံခဲ့ရတဲ့ တရုတ်နိုင်ငံသားနှစ်ဦးကို အချိန်မီ ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ လှည့်စားခံရသူနှစ်ဦးဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို သွားလည်ကြမယ့်ခရီးသွားတွေဖြစ်ပြီး ဘန်ကောက်မြို့ သုဝဏ္ဏဘုမ္မိလေဆိပ်ကနေ တာ့ခ်ခရိုင် ဖွတ်ဖရမြို့အထိ လှည့်စားပြီးခေါ်သွားခံရတာဖြစ်ကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံသားနှစ်ဦးဖြစ်ကြတဲ့အသက် ၂၇ နှစ်အရွယ် MR. WU CHANGQING နဲ့ အသက် ၃၆ နှစ် အရွယ် MR. ZHU CHAO တို့ဟာ ဘန်ကောက်မြို့ သုဝဏ္ဏဘုမ္မိလေဆိပ်ကနေ ကားငှားပြီး ချင်းမိုင်မြို့ကို လာရောက်လည်ပတ်ဖို့ အငှားကားနဲ့သွားခဲ့ကြတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာအခြေစိုက်တဲ့ ကောစင်တာ (Call Center) ဂိုဏ်းဝင်တွေက လှည့်ဖျားခေါ်ဆောင်သွားတာကိုခံရပြီး ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် ဘက်ကို ရောက်သွားကြတာဖြစ်ပါတယ်။ တာ့ခရိုင် ဖွတ်ဖရမြို့နယ်ကို ရောက်ချိန်မှာ အငှားယာဥ် မောင်းက သူတို့ကို နယ်မြေဖြတ်ဖို့စောင့်ဆိုင်းခိုင်းထားချိန်မှာ ထိုင်းအာဏာပိုင်တွေက အချိန်မီ ကယ်ဆယ်နိုင်ခဲ့ကြောင်း မဲဆောက် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲမှူးကြီး ဘိုဝွန်ပေါ့ ဆွန်သာရခါ ( Pol. Col. Bowonpop Sunthonrekha ) က ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။

“နယ်စပ်ကိုရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေအနေနဲ့ Call Center အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကနေ လူကုန်ကူးတာမခံရအောင် ကာကွယ်တဲ့အနေနဲ့ နယ်စပ်စစ်ဆေးရေးဂိတ်တွေမှာ တရုတ်၊ လာအို၊ ဗီယက်နမ်စတဲ့ ဘာသာစကား (၆) မျိုးနဲ့ သတိပေး စာတမ်း ဆိုင်းဘုတ်တွေကို ပြသထားပါတယ်” လို့ ထိုင်းဘာသာနဲ့ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းစစ်တပ်က တရုတ်ခရီးသွားနှစ်ဦးကို လူကုန်ကူးခံရမယ့်အခြေအနေမရောက်ခင်မှာ ကယ်ဆယ် နိုင်ခဲ့ပြီး မိသားစုနဲ့ဆက်သွယ်နိုင်ရေး ကူညီပေးခဲ့တယ်လို့လည်းဆိုပါတယ်။ နောက်ထပ် ဝင်ရောက် လာတဲ့ နိုင်ငံခြားသားတွေကို သူတို့သွားမယ့်နေရာတွေကိုမေးမြန်းပြီး မြန်မာနိုင်ငံဘက်က Call Center လူလိမ်ဂိုဏ်းတွေနဲ့ မပတ်သက်မိစေဖို့ အသိပေး နှိုးဆော်နေပါတယ်လို့လည်းပြောသွားခဲ့ပါတယ်။

တရုတ်နိုင်ငံက အမျိုးသား မော်ဒယ်သရုပ်ဆောင် Yang Zeqi နဲ့ အမျိုးသမီးတဦးလည်း ပျောက်ဆုံးနေ ကြောင်း ပြည်ပသတင်းဌာနတွေကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။ မော်ဒယ်သရုပ်ဆောင် Yang Zeqi ကိုလည်း သရုပ်ဆောင်ဖို့ ငှားရမ်းမယ့်အကြောင်း WeChat က အကြောင်းကြားတဲ့အတွက် ဒီဇင်ဘာ ၂၀ ရက်နေ့က ဘန်ကောက်ကို သွားခဲ့ပြီးနောက်ပိုင်းမှာ ရုပ်ရှင် ရိုက်ကူးရေးဆိုပြီး အဖွဲ့တဖွဲ့က နယ်စပ်ကို ခေါ်သွားခဲ့တယ်လို့ သတင်းတွေမှာဖော်ပြကြပေမယ့် အခုအချိန်ထိတော့ သူတို့နှစ်ဦးကို ရှာဖွေတွေ့တယ်ဆိုတဲ့သတင်းမကြားရသေးပါဘူး။

ဒီသတင်းတွေကြောင့် နှစ်သစ်ကူး ထိုင်းလာမယ့် တရုတ်ခရီးသွားတွေကြားမှာ စိုးရိမ်နေကြကြောင်း လူမှုကွန်ယက်တွေမှာ ရေးသလို ခရီးစဉ်တွေလည်း ဖျက်သိမ်းနေကြပါတယ်။ ထိုင်းနိုင်ငံကို အလုပ် ခရီးသွားရာက ပျောက်ဆုံးခဲ့တဲ့ တရုတ်သရုပ်ဆောင်မင်းသား Wang Xing လူကုန်ကူးခံရတဲ့ နောက်ပိုင်း မှာ တရုတ်ခရီးသွားတွေကြား စိုးရိမ်ပူပန်နေကြတာကြောင့် ခရီးစဉ်တွေကို ဖျက်လာကြတာပါ။

ထိုင်းနိုင်ငံအလည်ခရီးဟာ ဘေးအန္တရာယ်ကင်းရှင်းပါ့မလားဆိုတဲ့ စိုးရိမ်ချက်တွေရှိလာတာကြောင့် တရုတ်နှစ်သစ်ကူးအားလပ်ရက်မှာ ထိုင်းနိုင်ငံကိုလည်ပတ်မယ့် တရုတ်ခရီးသွား ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းထိ ကျဆင်းဖွယ်ဖြစ်လာနိုင်ကြောင်း ထိုင်းခရီးသွားအေးဂျင့်များအသင်းကို ကိုးကားပြီး Bangkok Post သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ ထိုင်းနိုင်ငံကို နှစ်စဥ် တရုတ်နိုင်ငံသားတွေ သန်းနဲ့ချီပြီး အလည်လာကြတာဖြစ်ပြီး ထိုင်းကိုလာရောက်တဲ့ ကမ္ဘာလှည့်ဧည့်သည်ထဲမှာတော့ တရုတ်နိုင်ငံသား တွေက အများဆုံး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဧည့်သည် ၇ သန်းနီးပါး ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြောင်း ထိုင်းခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ထား ပါတယ်။

Forum

XS
SM
MD
LG