သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှာ အလုပ်ရဖို့ မြန်မာအမျိုးသမီး သိန်းနဲ့ချီ မူဆယ်မြို့မှာရောက်ရှိ


မူဆယ်မြို့မှာ နယ်စပ်ဖြတ်သန်းခွင့်ကတ်ရဖို့ တုံကင်ယူနေသူများ (ယခင်မှတ်တမ်းဓာတ်ပုံ)
မူဆယ်မြို့မှာ နယ်စပ်ဖြတ်သန်းခွင့်ကတ်ရဖို့ တုံကင်ယူနေသူများ (ယခင်မှတ်တမ်းဓာတ်ပုံ)

တရုတ်နိုင်ငံမှာ အလုပ်အကိုင်ရဖို့မျှော်လင့်ချက်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မြန်မာ အမျိုးသမီးသိန်းနဲ့ချီရောက်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ စက်မှုဇုန်၊ အထည်ချုပ်စက်ရုံ တွေမှာ အလုပ်လုပ်နေသူတွေအပါအဝင် မြန်မာအမျိုးသမီးတွေကို ပွဲစားတွေက မက်လုံးပေးခေါ်နေတာ လို့လည်း ပြောပါတယ်။ လနဲ့ချီ မူဆယ်မြို့မှာရောက်နေကြတဲ့ မြန်မာအမျိုးသမီးတွေ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုရန်နိုင်တင်ပြထားပါတယ်။

တရုတ်နိုင်ငံ၊ ရွှေလီမြို့က အထည်ချုပ်စက်ရုံတွေမှာ အလုပ်ဝင်ရမယ်ဆိုပြီး အလုပ်ပွဲစားတွေက ခေါ်ယူ ခဲ့တာကြောင့်ပြည်တွင်းအထည်ချုပ်စက်ရုံတွေက အမျိုးသမီးတွေသိန်းနဲ့ချီပြီး မူဆယ်မြို့ကို ရောက်နေ ကြပါတယ်။ ဌာနဆိုင်ရာယန္တရားကလည်း မူဆယ်မြို့မှာ အရင်လို မလည်ပတ်နိုင်တာကြောင့် ဒါကို မဖြေရှင်းနိုင်ကြောင်း မူဆယ်မြို့ လဝကနဲ့နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

"အထည်ချုပ်က အလုပ်သမားတွေကို ပွဲစားခရရင် ပြီးရောဆိုပြီး သူတို့က ခေါ်တာကိုး။ ဒီမှာ သိန်းနဲ့ချီ ပြီး ဒုက္ခရောက်နေတယ်။ ဒါကတော့ ကျနော်တို့ မျက်မြင်ပေါ့နော်၊ တွေ့နေရတဲ့ဟာတွေ။ လုပ်ငန်း လိုအပ်တာတော့သိတယ်။ ဒါပေမဲ့လုပ်ငန်းလိုအပ်တဲ့အပေါ်မှာ ပွဲစားတွေကိုယုံမှားပြီးတော့ လာပြီး လုပ်မှာကိုင်မှာကို ကျနော်က စိုးရိမ်တာ။ အခုဖြစ်နေတာက တရုတ်ထဲဝင်ဖို့က မသေချာဘူး။ မဝင်ရ သေးဘဲ ဒီမှာ ဒုက္ခရောက်တယ်။ အစားအသောက်တွေ အိမ်ပြန်ယူပြီးမှာရတယ်။ မမှာနိုင်တဲ့သူ ကျလည်း ဒုက္ခရောက်တယ်။ ပွဲစားကလည်း ရှေ့လသွင်းမယ်၊ နောက်လသွင်းမယ်နဲ့ တချို့လမ်းစရိတ် မရှိတော့ မပြန်နိုင်တာတွေ ရှိတယ်။ တချို့ကျတော့လည်း စောင့်ခိုင်းတဲ့ရက်အထိ စောင့်တယ်၊ မစောင့်ရင်လည်း ပြန်လျော်ရမဲ့ အပိုင်းတွေရှိတယ်။ (မူဆယ်မှာ) နေတဲ့သူတွေက များသောအားဖြင့် သိန်းသန်းချီ ကားကြီးဝင်းထဲမှာ ဒုက္ခရောက်တဲ့ အလုပ်သမားတွေ အများဆုံးရှိတယ်။ နောက် တခြား ရပ်ကွက်တွေပေါ့နော်။ အင်အားအနေနဲ့ ကျနော့ပတ်လည်တော့ သုံးသိန်းလောက် မှန်းတာပဲ။"

တရုတ်ဘက်မှာ အလုပ်မသေချာတဲ့အခါမှာ ဒီအမျိုးသမီးတွေကို မူဆယ်မှာထားပြီး ပွဲစားခ ၃ သိန်းယူ၊ ထွက်ပြေးတဲ့ပွဲစားတွေလည်း အများအပြားရှိကြောင်း သူကပြောပါတယ်။ တချို့လည်း လူကုန်ကူး သူတွေနဲ့ ချိတ်ဆက်မိပြီး ရရာအလုပ်ကို လုပ်နေကြကြောင်း ပြောပါတယ်။ တရုတ်ကိုဝင်မဲ့ သူတွေပဲ ဒီလိုအခက်အခဲတွေ ရှိနေတာ မဟုတ်ပါဘူး။တရုတ်မှာ အလုပ်ရပြီးသားသူတွေလည်း ဒီရက်ပိုင်းထဲမှာ ပြန်လာနေကြပါတယ်။ အကြောင်းကတော့ အလုပ်ချိန်တိတိကျကျမရှိတာ၊ ဒဏ်ကြေးတွေများတာ၊ အတင်းအဓမ္မ အလုပ်စေခိုင်းတာတွေကြောင့် ဆက်မလုပ်နိုင်ဘဲ ပြန်လာကြတာပါ။ အလုပ်သမား တဦးက အခုလို ပြောပြပါတယ်။

တချို့ တရုတ်ထဲကနေ ပြန်ထွက်လာတာရှိတယ်၊ ပြန်ထွက်လာပြီး တရုတ်ဘက်က မတရားခိုင်းစေမှု၊ ထားတာသိုတာနောက်ပြီး အကျွေးအမွေး အဲဒါတွေကိုမခံနိုင်လို့ ပြန်ထွက်လာတဲ့သူတွေ ရှိတယ်။ အဲဒါကတော့ လက်တလော မနေ့က ၇ ယောက်လောက် ပြန်ထွက်လာတယ်။ မနက် ၇ နာရီလောက်ကနေ ညနေလောက် ၆ နာရီလောက်အထိ တောက်လျှောက်မနားတမ်း ခိုင်းတာတွေရှိတယ်။ အချိန်လေး နည်းနည်းလေး မိနစ်ပိုင်းလောက် တမိနစ်၊ နှစ်မိနစ်လောက် နောက်ကျရင်တောင် သူတို့က နိုင့်ထက်စီးနင်း တရုတ်ငွေ ၅ ကျပ်ဖြတ်တာပေါ့နော်။"

တကယ်တော့ အခုလို ရန်ကုန်စက်မှုဇုံက အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး ခေါ်ယူဖို့ ဖြစ်လာတာကတော့ တရုတ်စက်ရုံပိုင်ရှင်တွေရဲ့ တောင်းဆိုမှုကြောင့် ဖြစ်ပါတယ်။ သူတို့က ပွဲစားတွေကို လမ်းစရိတ်ပေးပြီး စက်ချုပ်ကျွမ်းကျင်သူတွေကို ခေါ်ကြတာပါ။ အလုပ်ရသွားရင်တော့ ကုန်ကျခဲ့တဲ့ လမ်းစရိတ်အားလုံးကို မြန်မာအလုပ်သမားတွေက တလကိုယွမ်ငွေ ၁,၀၀၀ နှုန်းနဲ့ လေးလနီးပါး လစာမယူဘဲ တရုတ်အလုပ်ရှင်ကို အကြွေးအဖြစ် ပြန်ဆပ်ရကြောင်း ပြောပါတယ်။

လက်ရှိမှာ မူဆယ်ကနေ တရုတ်ဘက်ကို လူအဝင်အထွက် ပြန်ပြီး ခွင့်ပြုပေးထားပါတယ်။ ဒါပေမဲ့ အလုပ်သွားလုပ်မဲ့သူတွေကတော့ တရုတ်စက်ရုံတွေက တာဝန်ရှိသူတဦးဦးက နယ်စပ်ဂိတ်အထိ လာပြီးခေါ်မှပဲ ဝင်ခွင့်ရကြတာပါ။ ဒါကြောင့် ပွဲစားတွေက ဘယ်လောက်ဆွယ်ဆွယ် တရုတ်မှာ အလုပ်ရဖို့ဆိုတာ အရင်လို မသေချာတော့ကြောင်း မူဆယ်မြို့က ဒေသခံတွေက ဗွီအိုအေကို ပြောပြခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG