သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ရနောင်းခရိုင်တွင်း အထောက်အထားမဲ့ မြန်မာ ၇၀နီးပါးဖမ်းဆီးခံရ


ရနောင်းခရိုင်တွင်း အထောက်အထားမဲ့ဝင်လာတဲ့ မြန်မာနိုင်ငံသားများ
ရနောင်းခရိုင်တွင်း အထောက်အထားမဲ့ဝင်လာတဲ့ မြန်မာနိုင်ငံသားများ

ထိုင်းမြန်မာနယ်စပ်၊ ရနောင်းခရိုင်အတွင်းမှာ အလုံပိတ် ၆ ဘီးကားကြီးတစီးထဲမှာ သယ်ဆောင်လာတဲ့မြန်မာနိုင်ငံသား ၇၀နီးပါးကို ဒီဇင်ဘာလ ၁၅ရက်နေ့မနက် ၄နာရီလောက်မှာ ဖမ်းမိတယ်လို့ ရနောင်းလူဝင်မှှုကြီးကြပ်ရေးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထာပါတယ်။

ထိုင်းမြန်မာနယ်စပ် ရနောင်းခရိုင်အတွင်းမှာ အလုံပိတ်ကားကြီးတစီးထဲမှာ သယ်ဆောင်လာတဲ့မြန်မာနိုင်ငံသား ၇၀နီးပါးကို ဒီဇင်ဘာလ ၁၅ရက်နေ့မနက် ၄နာရီလောက်မှာ လုံးခြုံရေးစစ်ဆေးရေးဂိတ်တွေမသင်္ကာလို့ရပ်တန့်စစ်ဆေးရာကနေ ဖမ်းမိခဲ့တာဖြစ်ပါတယ် ။ လူပွဲစားတွေက မြန်မာ ၇၀နီးပါးကိုသယ်ဆောင်ဖို့အတွက် ကားမောင်းသမားကို ဘတ်ငွေ ၅သောင်းနဲ့ဌားရမ်းခဲ့တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံသားအမျိုး သား၊ အမျိုးသမီးနဲ့ ကလေးငယ်အပါအဝင် လူ ၆၉ ယောက်ဟာ ဘန်ကောက်မြို့ အနီးဆာမွတ်ဆာခွန်းခရိုင်ထဲမှာ အလုပ်လုပ်ဖို့လာကြသူတွေလို့ဆိုပါတယ်။

အခုလိုမျိုးတရားမဝင်တဲ့နည်းနဲ့လာကြရင်းနဲ့ အသက်ရှုမွန်းကြပ်လို့သေဆုံးတဲ့ဖြစ်ရပ်တွေမကြာခန ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒီလိုအလုံပိတ်ကားတွေနဲ့လာတိုင်းလွတ်မယ်လို့မယူဆစေချင်ကြောင်း အလုပ်သမားရေးလှုပ်ရှားသူဦးရဲမင်းကလည်းအခုလိုပြောပါတယ်။

"တရားမဝင်လမ်းတွေကနေ ခေါ်ဆောင်တဲ့အခါမှာ ဒီလိုအလုံပိတ်ကားတွေနဲ့သွားရတယ်ဆိုပြီးတော့လည်းလွတ်ပြီလို့မထင်ကြပါနဲ့။ ဒါတွေက အချိန်မရွေးဖမ်းဆီးခံရနိုင်တယ်။ ဒီလိုအဖမ်းအဆီးခံရတော့ ပေးထားတဲ့ငွေကြေးတွေလည်းဆုံး အလုပ်သမားတွေလည်းအဖမ်းဆီးခံရ၊ မြန်မာပြည်ပို့ခံရနဲ့အလုပ်သမားတွေ အဲဒါတွေကိုကြုံရပါတယ်။"

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာနိုင်ငံသား ၂၉ ဦးကို အလုံပိတ်ကားထဲ ထည့်ခေါ်လာတာကို ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ထိုင်းတောင်ပိုင်း၊ စိုင်ဘူရီခရိုင်ထဲမှာဖမ်းမိခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲမှာမြန်မာတွေကိုလူကုန်ကူးတဲ့ဖြစ်စဉ်တွေကနေ့စဉ်နီးပါးရှိနေပြီး အလုပ်အကိုင်အခက်အခဲတွေကြောင့်ရော မြန်မာနိုင်ငံက စစ်မှုထမ်းဥပဒေကြောင့်ပါ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာနေသူတွေဟာ အခုလိုပဲအစုလိုက်အပြုံလိုက်မကြာခန ဖမ်းဆီးခံနေရပါတယ်။

Forum

XS
SM
MD
LG