Zawgyi/Unicode
ထိုင်း-မြန်မာနယ်စပ်၊ ကမ်ချနဘူရီပြည်နယ်နဲ့ ထိုင်း-မလေးနယ်စပ် ဆုံခလာပြည်နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း လူမှောင်ခို ကုန်ကူးမှုတွေနဲ့ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၁၀၀ ထက်မနည်းရှိနေပြီဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ ကမ်ချနဘူရီပြည်နယ်နဲ့ ထိုင်း-မလေးနယ်စပ် ဆုံခလာပြည်နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း လူကုန်ကူးသူတွေနဲ့အတူ ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၁၀၀ ထက်မနည်းရှိနေပြီလို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက အလုပ်သမားအရေးလှုပ်ရှားသူ ဦးမင်းဦးက အခုလို ပြောပါတယ်။
“ဒီ နှစ်ရက်၊ သုံးရက်ထဲမှာပဲ စဒေါင်အို ဆိုတာ မလေးရှားနဲ့ ထိုင်းနယ်စပ်မှာ ဖမ်းမိတာ။ ၁၇ ယောက်က တအုပ်စု၊ ၁၄ ယောက်က တအုပ်စု။ ကမ်ချနဘူရီမှာ မိတာကတော့ ၁၂ ယောက်ရယ်၊ ၇ ယောက်ရယ်။ ဒီနေ့မိတာက ၁၃ ယောက်ဆိုတော့ ပေါင်းမယ်ဆိုရင်တော့ ဒိရက်ပိုင်းမှာ ၁၀၀ စွန်းစွန်းပဲ။”
အလုပ်သမားတွေဟာ အလုပ်ရဖို့လာကြရင်းနဲ့ လူမှောင်ခိုပွဲစားတွေရဲ့ သားကောင်တွေ ဖြစ်ခဲ့ရတယ်လို့လည်း AAC အလုပ်သမားကူညီရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလို ပြောပါတယ်။
“ဒီအလုပ်သမားတွေကတော့ လက်ရှိ ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းတွေကနေ ပို့ဆောင်ပေးနေတဲ့ လူကယ်ရီကနေ လူမှောင်ခိုသမားတွေကတဆင့် ဘတ်ငွေ နှစ်သောင်းကျော်ပေးပြီး လာရတဲ့သူတွေဖြစ်ပါတယ်။”
ထိုင်း-မလေးနယ်စပ်မှာ ဖမ်းမိသူတွေကတော့ တောထဲမှာ လူကုန်ကူးသူတွေက စွန့်ပစ်သွားကြသူတွေဖြစ်ကြောင်း ဆုံခလာပြည်နယ်၊ ဟတ်ရိုင်မြို့က ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်က တာဝန်ခံ ဦးဘရီကလည်း အခုလို ပြောပါတယ်။
“အခုက တောထဲမှာ ပစ်တာတွေ များတယ်။ ပွဲစားတွေက အခန်းတွေထဲမှာ ထားလို့မရတော့ဘူး။ ပတ်ဝန်းကျင်တွေက လူစိမ်းတွေဝင်တာကို လုံးဝလက်မခံဘူး။ သူတို့က မျက်စိဒေါက်ထောက်ကြည့်နေကြတာလေ။ အဲဒီလိုဆိုတဲ့အခါ မလေးရှားကို ပို့မယ့်သူတွေက များသောအားဖြင့် ရာဘာခြံထဲမှာ ထားတာများတယ်။ တောထဲမှာထားတာ များတယ်။”
ဖမ်းမိသူတွေထဲက တချို့ကလည်း တရားမဝင်ခိုးဝင်မှုနဲ့ တရားရင်ဆိုင်ရတာရှိသလို တချို့ကလည်း လူကုန်ကူးမှုဥပဒေတွေနဲ့တရားရင်ဆိုင်နေရတာတွေရှိကြောင်း ဦးမင်းဦးက ပြောပါတယ်။
“ကုန်ကူးမှုက သတ်မှတ်ထားတဲ့ အခြေခံအချက်တွေရှိတယ်။ စုရုံးတယ်၊ သယ်ဆောင်တယ်၊ ဖြတ်ကျော်တယ်။ သတိပေးတဲ့အတိုင်းမလုပ်ဘဲ တခြားနေရာတွေကို ရောက်နေပြီး အလွဲသုံးစားလုပ်တယ်ဆိုရင် ဒီ သုံးချက်လောက်ကို ကျူးလွန်ရင်တော့ လူကုန်ကူးမှုမြောက်တယ်။ ဒီဟာနဲ့ပတ်သက်ပြီး မိထားတဲ့သူက လူကုန်ကူးမှုထဲမှာ ပါသွားတဲ့သူဆိုရင်တော့ ဖမ်းမိတဲ့သက်သေတွေပေါ်မူတည်ပြီး လူကုန်ကူးမှုထဲမှာ အကျုံးဝင်သွားတာပေါ့။”
အခုဆိုရင် ဆုံခလာပြည်နယ်နဲ့ကမ်ချနဘူရီပြည်နယ်ထဲကို တရားမဝင်ခိုးဝင်မှုတွေ၊ လူမှောင်ခိုမှု၊ လူကုန်ကူးမှုတွေနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ စက်တင်ဘာလတလတည်းမှာပဲ ၂၀၀ ထက်မနည်း အဖမ်းခံထားရတယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့တနှစ်အတွင်းမှာတော့ နယ်စပ်တွေကနေ ခိုးဝင်သူ နိုင်ငံခြားသားအလုပ်သမား ၃၀,၀၀၀ ကျော်ရှိတယ်လို့ ထိုင်းနိုင်ငံ၊ ကပ်ရောဂါထိန်းချုပ်ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်ရှင်။
-------
Unicode
#MyanmarMigrants #MyanmarThailand #HumanTrafficking #VOABurmese