သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ စမုတ်ပရာကန်ပြည်နယ် မြန်မာလုပ်သား ၉၀ ကျော် ကိုဗစ်ရောဂါပိုးတွေ့


ထိုင်း စက်ရုံက ကိုဗစ်သံသယလူနာတွေကို ဆေးရုံကားနဲ့ လာရောက် သယ်ဆောင်တဲ့ မြင်ကွင်း။ (မေ ၀၅၊ ၂၀၂၁)
ထိုင်း စက်ရုံက ကိုဗစ်သံသယလူနာတွေကို ဆေးရုံကားနဲ့ လာရောက် သယ်ဆောင်တဲ့ မြင်ကွင်း။ (မေ ၀၅၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင်းနိုင်ငံ၊ စမုတ်ပရကမ် ပြည်နယ်အတွင်း စက်ရုံလုပ်သား ၃၂၀ မှာ ၁၅၁ ဦး ကိုဗစ်ကပ်ပိုးတွေ့ရာမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၀ ကျော်ပါဝင်ကြောင်း ထိုင်းနိုင်ငံကိုဗစ်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး စီမံခန့်ခွဲမှုအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းမှာ ထိုင်းနိုင်ငံသားအများစု ကူးစက်မှုတွေ ရှိနေသလို ဒီလိုကူးစက်မူတွေထဲမှာ မြန်မာအလုပ်သမား ရာဂဏန်းနဲ့ ကူးစက်ခံနေရတာပါ။

ထိုင်းနိုင်ငံ စမုတ်ပရကန်ပြည်နယ်၊ ဘန့်ဂျေဒီ မြို့နယ်အတွင်းက စက်ရုံတွေမှာ ထိုင်းနိုင်ငံသားနဲ့ မြန်မာနိုင်ငံသား စက်ရုံအလုပ်သမားအများစု ကိုဗစ်ကပ်ရောဂါ ကူးဆက်လာနေတာကြောင့် ဒီကနေ့မှာ ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး စီမံခန့်ခွဲမှုအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အလုပ်သမား ၃၀၀ ကျော် ရှိနေတဲ့ စက်ရုံတစ်ရုံအတွင်း ကိုဗစ်ကပ်ရောဂါပိုးတွေ့လူနာ ၁၅၀ ကျော်ရှိတာမှာ အဲဒီအထဲ မြန်မာအလုပ်သမား ၉၀ နီးပါး ပါဝင်နေတယ်လို့ ဆိုပါတယ်။

တခြားစက်ရုံတွေမှာလည်း ပိုးတွေ့လူနာတွေ ဆက်တိုက်ရှိလာနေတာကြာင့် အလုပ်သမားတွေကို သူတို့နေထိုင်ရာနေရာကနေ အပြင်မထွက်ဖို့ ကန့်သတ်ထားပါတယ်။ ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး စီမံခန့်ခွဲမှုအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထဝီစင်ကတော့ အခုလိုပြောသွားပါတယ်။

သူပြောသွားတာကတော့ ဧပြီလ ၁၇ ရက်နေ့က စပြီး စက်ရုံတွင်းက မြန်မာနိုင်ငံသားတစ်ဦးမှာ ကိုဗစ်ကပ်ရောဂါပိုး စတင်တွေရှိခဲ့ပြီးနောက် အတူနေ အခန်းဖေါ်တွေနဲ့ စက်ရုံတွင်း အလုပ်သမားတွေပါ ကူးဆက်ပြန့်ပွားခဲ့တာဖြစ်ကြောင်း၊ အဓိက ကူးဆက်မြန်သွားရတဲ့အကြောင်းကတော့ ကျန်းမာရေး ကာကွယ်မှု အားနည်းချက်တွေအရဖြစ်ပြီး သောက်ရေခွက်တလုံးကို လူအများစုက သောက်သုံးနေတာတွေနဲ့ အုပ်စုလိုက် စုပေါင်း စားသောက်တဲ့အခါ စကားပြောဆိုကြရာကနေ ဆက်တိုက် ကူးဆက်လာတာလို့ ဆိုပါတယ်။

အခုလို ဖြစ်ရပ်ကြောင့် စက်ရုံအာဏာပိုင်တွေကို စစ်ဆေးအရးယူဖို့ ဆက်လက်လုပ်ဆောင်နေပြီး ပိုးတွေ့လူနာတွေကိုတော့ လိုအပ်တဲ့ ဆေးကုသမှုတွေ လုပ်ဆောင်ပေးမယ့်အကြောင်း သတင်းထုတ်ပြန်သွားပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကဖြစ်ခဲ့တဲ့ ကိုဗစ် ဒုတိယလှိုင်းတုန်းကတော့ ဘန်ကောက်မြို့ပြင်မှာရှိတဲ့ စမုတ်ဆာခွန်းပြည်နယ်ထဲက ပင်လယ်စာထုတ်လုပ်စက်ရုံတွေမှာ အများစုအလုပ်လုပ်ကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဆီက ဖြစ်ပါတယ်။

အခု တတိယလှိုင်းမှာတော့ ထိုင်းလူမျိုးတွေ အဓိက ကူးစက်နေကြတာဖြစ်ပါတယ်။ ထိုင်းလူမျိုးတွေနဲ့ ဆက်စပ်နေရတဲ့ မြန်မာအလုပ်သမားတွေဟာလည်း တတိယလှိုင်းမှာ ကူးစက်တာတွေဖြစ်လာတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်က အခုလိုပြောပါတယ်။

"ထိုင်းလူမျိုးနဲ့ မြန်မာလူမျိုးတွေက အစဉ်တစိုက် အလုပ်သဘောတရားအရ ဆက်စပ်နေရတာကိုး။ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူနေရတဲ့ ထိုင်းလူမျိုးတွေဖြစ်တယ်ဆိုတော့ အုပ်ချုပ်သူတွေနဲ့ ဆက်စပ်နေတဲ့ ကာယအလုပ်သမား မြန်မာလူမျိုးတွေအနေနဲ့ ဆက်စပ်နေတာကြောင့် ရောဂါကူးစက်မှုတွေကလည်း ရွှေ့ပြောင်းအလုပ်သမားတွေလည်း ကူးစက်မှာပေါ့။"

ထိုင်းနိုင်ငံဘန်ကောက်မြို့က နာမည်ကြီး အထက်တန်းလွှာတွေ ပျော်ပါးနေကြတဲ့ နိုက်ကလပ် နှစ်ခုကနေ အိန္ဒိယ ကိုဗစ်-၁၉ ပိုး မျိုးကွဲအသစ် စတင်ပြန့်ပွားလာခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ကူးဆက်မှုနဲ့ သေဆုံးမှုနှုန်း မြင့်တက်လာနေတာပါ။

ဒီလိုကူးဆက်အလွန်မြန်တဲ့ ကပ်ဘေးကြောင့် ထိုင်းနိုင်ငံက နာမည်ကြီး အားကစားသမားတွေ၊ အနုပညာရှင်တွေပါ သေဆုံးရပြီး မြို့နယ်ရပ်ကွက်တွေအတွင်းမှာပါ ဆက်တိုက် ပြန့်ပွားလာနေတာကြောင့် နေ့စဉ် ထောင်ချီပြီး ကူးစက်မှုတွေဖြစ်နေပါတယ်။

ထိုင်းနိုင်ငံက လောလောဆယ်အထိ ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း ၇၃,၀၀၀ နီးပါးရှိနေပြီ၊း သေဆုံးသူက ၃၀၃ ဦးအထိ ရှိတယ်လို့ ထိုင်းအစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG